“ပလက်ဖောင်းမင်းသား” – ဆရာစိုးမင်း (ငွေစန်းရောင်)
ကာလကတ္တားကို ရောက်ခဲ့တုန်းက ပဘက်ဖောင်းပေါ်မှာ ကြက်တွေငှက်တွေ အိပ်တန်းဝင်သလို နေထိုင်စားသောက်ကြတဲ့ သူတို့ဆီက လမ်းဘေးလူတန်းစားတွေကို တွေ့လိုက်ရတဲ့အခါ မှိုချိုးမျှစ်ချိုး မဟုတ်သော်ငြား တအံ့တသြ ရေးခဲ့မိတာ ခုချိန်မှာတော့ နောင်တရမိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ့်ဆီမှာ အဲသလို လူတန်းစားတွေ လက်ညှိုးထိုးမလွဲအောင် တွေ့လာရပြီကိုး။ ဝေးဝေးသွားကြည့်စရာကို မလိုဘူး။ ကိုယ့်ဆေးရုံရှေ့က ပလက်ဖောင်းပေါ်မှာ မိသားစုပေါင်းများစွာ ခိုမှီဝမ်းကျောင်းနေကြတာ ၀င်ပေါက်ထွက်ပေါက်တောင် မကျန်ချင်တော့ဘူး။ ၂၄/၇ ပတ်လည်အောင် ဆိုင်ကလေးတွေခင်းလို့ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်စားနေကြတာ စည်ပင်က လာရှင်းလည်းမရ။ ရဲ နဲ့ မောင်းထုတ်လည်း မရ။ ပစ္စည်းတွေ သိမ်းလိုက်ရင် ခွေးချေနဲ့ ကောက်ရိုက်ဖို့ ရွယ်ကြတယ်။ အပြင်ကမောင်းလိုက်ရင် အထဲကိုရောက်လာတယ်။ အထဲက ထုတ်လိုက်ရင် အပြင်ကိုထွက်သွားတယ်။ ခြံစည်းရိုးကလေး ဟိုဘက်ကိုကူးလိုက် သည်ဘက်ကိုကူးလိုက်နဲ့ ညောင်ပင်တစ္ဆေ ဝေလေလေ ကစားသလို နေကြတဲ့ အဲသည်လူတွေဟာ မြစ်ဝကျွန်းပေါ်ရွာကလေးတွေဆီက နေစရာအိမ်ကလေးတွေပါ ရောင်းချရင်းနှီးပြီး ရန်ကုန်ပလက်ဖောင်းပေါ်ကို အသက်မွေးဝမ်းကျောင်းဖို့ မလွှဲမရှောင်သာ ရောက်လာကြရတယ်ဆိုတော့ သနားစရာကောင်းတယ်ဆိုပေမယ့် ခွင့်ပြုလက်ခံထားဖို့ မသင့်တော်တာလည်း အမှန်ပါ။ (အမယ် သူ့ဆီ ဘယ်သူက လာခွင့်တောင်းတာကျလို့) အဲသည်ပလက်ဖောင်းပေါ်မှာစား၊ အဲသည်ပလက်ဖောင်းပေါ်မှာ အိပ်ပြီး ကလေးပေါက်စနလေးတွေကို သစ်ပင်ခွကြား ပုခက်ဆင်တဲ့သူဆင်၊ ကားပါကင်အောက် ခြင်ထောင်ကလေးနဲ့ သိပ်လိုသိပ်၊ တစ်နေ့တစ်နေ့ ရိုက်နှက် အော်ဟစ် ရန်ဖြစ်နေကြတာကလည်း မရိုးနိုင်အောင်ပါပဲ။ လွယ်ရင်လွယ်သလို ယိုအီးအလေး မောင်ပန်းမွှေး လုပ်ကြတာကလည်း အဲသည်အနားတင်မို့ တောကျောင်းဘုန်းကြီးတောင် မမြင်ချင်ယောင်ဆောင်နေရတယ်။ စွန့်ပစ်ပစ္စည်းတွေက မနက်လင်းတိုင်း သုတ်သင်လို့ မနိုင်အောင် ရှိတာဆိုတော့ မြန်မာပြည်မှာ အကြီးဆုံး ကျန်းမာရေးအဆောက်အဦကြီးကို လာလှောင်နေသလို ရှိပေမယ်။
အိန္ဒိယမှာဆို မနက်လင်းတာနဲ့ လမ်းထောင့်က အများသုံးအိမ်သာကလေးတွေမှာ လူတန်းရှည်ကြီး တန်းစီနေတာ၊ တမာရိုးတံပူချောင်းကလေးတွေ ၀ါးရင်း ပလက်ဖောင်းပေါ် ခြေတဘက်တင် ဆာရီစကလေး မသိမသာမလို့ လူစည်ရာတင်ရမ်းလုပ်နေတဲ့ တိတ်တိတ်ပေါက် အမယ်အိုကြီးတွေ၊ မြို့တော်ဝန်က ဂရံထုတ်ပေးထားသည့်အလား ကျောတခင်းစာ မြေမွေ့ယာကလေးကို ဂျပ်ဖာဘူးတောင်းများနဲ့ အကွယ်အကာလုပ်နေကြသူများ၊ ငှက်ပျောသီးပုပ်၊ ပန်းသီးပုပ်ကလေးတွေကို တစိတ်ကောင်းကောင်း တခြမ်းကောင်းကောင်း၊ အကောင်းလေးတွေ ရအောင်လှီးပြီး စားချင့်စဖွယ်ရောင်းတဲ့ဆိုင်ကလေးတွေ၊ ဟောင်းနွမ်းနေပေမယ့် သေသေချာချာ လျှော်ဖွပ်ထားပြီးသား ဘေထုပ်အထည် တောင်ပုံရာပုံတွေကို မြင်ခဲ့တုန်းက မွန်ဘိုင်းမှာရိုက်တဲ့ အော်စကာရုပ်ရှင်ကားကြီး ကြည့်ရသလို ဟိုမှာကျန်း သည်မှာကျန်း နဲ့ သူများကိုလက်ညှိုးတထိုးထိုးလုပ်ခဲ့မိတာ ခုတော့ ကိုယ့်ဆီမှာလည်း လာမိရော ရှက်လိုက်တာ မျက်နှာဘယ်နား သွားဖွက်ထားရမှန်းတောင် မသိဘူး။
အဲဒီလူတွေဟာ မွေးရပ်မြေမှာ အခြေပျက်သွားလို့ တ၀မ်းတခါးကို ရရာအလုပ်နဲ့ ကျောင်းဖို့ မြို့တက်လာကြတာပါတဲ့။ (သူတို့ကို သွားမေးရင်တော့ တောမှာ လယ်ယာမြေတွေ မတရားအသိမ်းခံရလို့ စားစရာမရှိလို့ မြို့တက်လာတာပါ လို့ ပြောလိမ့်မယ်။ ဘယ်သူက သင်ပေးထားလေတယ် မသိ)။ ဘာဖြစ်လို့ ဆေးရုံပတ်လည် လာခိုရသလဲဆိုတော့ ရေမကြည်သော်လည်းပဲ မြက်နုလို့ ဖြစ်မှာပေါ့လေ။ ကိုယ့်လူနာဆောင်တစ်ဆောင်တည်းနဲ့တင် တစ်ရာပတ်ဝန်းကျင်လူနာများ တက်ဆင်း မပြတ်ရှိနေတာဆိုတော့ ဆေးရုံတစ်ရုံလုံးပေါင်းလိုက်ရင် လူ လေးငါးထောင် ပျော့ပျော့တော့ ရှိလိမ့်မယ်။ လူနာစောင့်တွေနဲ့ဆို နေ့စဉ် အဲသည်ဆေးရုံဝင်းထဲမှာ လူတစ်သောင်းလောက် တည်းနေကြတယ်။ အဲသည်လူတွေအတွက် နေ့တိုင်းဝယ်ဖို့လိုအပ်တာတွေရှိတယ်။
ရေသန့်ဗူး၊ တစ်သျှူးစက္ကူ က စလို့၊ အပေါ့အိုး အလေးအိုး ရေခွက်၊ ဆပ်ပြာ ဘာမဆို ဆေးရုံအောက်ဆင်းလိုက်ရုံနဲ့ ၀ယ်လို့ရအောင် ရောင်းပေးတယ်။ ထမင်း၊ ဟင်း၊ လက်ဘက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းယာကလည်း မ၀ယ်မဖြစ် အခေါက်ခေါက်အခါခါ ဆင်းဝယ်ရတဲ့ ပစ္စည်းတွေပဲ မဟုတ်လား။ ဆေးရုံပေါ် လူနာကြီးတန်းလန်းနဲ့ လေဟာပြင် တရုတ်တန်းထိလည်း သွားမ၀ယ်နိုင်ကြဘူး။ သူတို့ဈေးကွက်ကြီးကလည်း တကယ်တော့ လိုအပ်ချက်အရ ပေါ်လာရတာပဲပေါ့။ ၂၄နာရီရောင်းတဲ့ အလင်းဆိုင်မို့လို့ အိမ်ပြန်စရာမရှိတဲ့အတူတူ အဲဒီနေရာတင် အလှည့်နဲ့အိပ် အလှည့်နဲ့စားပြီး စီးပွားရှာကြတာ သူဌေးဖြစ်ဖို့တော့ မဟုတ်ပါဘူး။ ထမင်းနပ်မှန်ရုံကလေးပဲ ရှိတာပါ။ ပရာဒိုကြီးနဲ့ ဆေးရုံလာတဲ့ ဆရာဝန်ကြီးတွေ နားလည်နိုင်ဖို့ခက်တဲ့ တောကတက်လာသူ ဆင်းရဲသားလူနာများရဲ့ ခံစားချက်ကို အချင်းချင်း ဝေမျှနားထောင် အကြံပေးစာနာသူများလည်းဖြစ်တယ်။
မြို့တော်ကြီးက အဆင့်မြင့်လာတဲ့အခါ သူတို့လိုပျံကျဈေးသည်များဟာ အရင်တုန်းက ရောင်းခဲ့တဲ့ လေဟာပြင်၊ စကော့ဈေးဆိုတဲ့ အဆင့်မြင့်ဈေးကြီးတွေနားကို မကပ်နိုင်တော့ဘူး။ ၀ယ်သူတွေဘက်ကလည်း သူတို့လိုချင်တဲ့ တိုလီမုတ်စကလေးတွေအတွက်နဲ့ စူပါမားကက်ကြီးတွေ တက်တက်ဝယ်ရမှာ အဆင်မပြေဘူး။ ဒါကြောင့် သူ့ဘာသူ ရောင်းသူဝယ်သူ အသံတူနေတဲ့အထဲမှာ ဆေးရုံကဆရာဝန်တွေက ငထွားခါးနာ ပါစရာမလိုဘူး လို့ ထင်လိမ့်မယ်။ သို့သော်လည်း မပါလို့ မရတာက အဓိက သန့်ရှင်းရေးပိုင်းမှာပါ။ ငါးတကာယိုသမျှချေးကျုံးဖို့ ဘယ်ပုဇွန်ဆိတ်ကိုမှ ခန့်ထားတာ မရှိဘူး။ နေ့တိုင်းတက်ဆင်းနေရတဲ့ ဆေးရုံကြီးအလယ်က ခရုပတ်လှေကားကြီးမှာ ကွမ်းတံတွေးကွက်တွေက တစ်နေ့နှစ်ခါချွတ်လို့လည်း မကုန်ဘူး။ လစ်တာနဲ့ အမှိုက်ထုပ်ကလေးတွေ ပြန်ပြန်ရောက်လာတယ်။ ပြီးကျ အဲသည် လှေကားပတ်ပတ်လည်ပဲ လူနာစောင့်တွေက အခင်းလေးတွေနဲ့ ထိုင်ကြအိပ်ကြတယ်။ ဆေးရုံကအလုပ်သမားတွေ အ၀င်တစ်ရာအထွက်တစ်ရာလို့သာ ရေးကြပြောကြတာ။ သူတို့လုပ်နေတဲ့ သန့်ရှင်းရေး တစ်ရက်ကလေး ပျက်ကွက်သွားတာနဲ့ မြင်မကောင်းရှုမကောင်း ဖြစ်လာတာ။ ကွမ်းတံတွေးထွေး၊ အမှိုက်ပစ်၊ အပေါ့အလေး ကြုံသလိုစွန့်တဲ့ အကျင့်ဟာ ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ အမျိုးသားရေးစရိုက်လက္ခဏာလား မသိပါဘူး။
ကာလကတ္တားမြို့ပေါ်မှာတော့ အဲသလို တောကနေတက်လာပြီး ပလက်ဖောင်းအခြေချ လူတန်းစား သန်းပေါင်းများစွာ ရှိတာမို့ ရွေးကောက်ပွဲတွေကျရင် အင်မတန်အားထားရတဲ့ မဲဆန္ဒရှင် ပြည်သူလူထုကြီး အဖြစ်နဲ့ ဘယ်နိုင်ငံရေးသမားကမှ လက်လွတ်စပယ် မပြုရဲပဲ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်က သူတို့နဲ့တသားတည်း ၀တ်ဆင်စားသောက် နေထိုင်ပြတဲ့အထိ အလေးထား ဆက်ဆံကြရပါတယ်။ မနက်လင်းလို့ ကိုယ့်အိပ်ယာကလေး ကိုယ်ခေါက်သိမ်းပြီး အသီးသီး လုပ်ငန်းခွင်ဝင်ကုန်ကြတဲ့အခါ စည်ပင်ဝန်ထမ်းတွေက ကြွင်းကျန်ရစ်သမျှ အညစ်အကြေးတွေကို လှဲကျင်းရှင်းလင်းပြီး Bleaching Powder လိုမျိုး အဖြူရောင် အမှုန့်တွေနဲ့ လိုက်ဖျန်း၊ ရေတွေနဲ့လောင်းဆေး လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်ဆီမှာလို ယင်တလောင်းလောင်း မရှိဘူး။ လမ်းလေးကလူတွေ ခြင်ထောင်မပါပဲ အိပ်နိုင်တယ်။ သူတို့တွေက လမ်းဘေးမှာနေကြတယ်ဆိုပေမယ့် တောင်းရမ်းစားသောက်နေသူတွေချည့်ပဲတော့ မဟုတ်ဘူး။ အသက်မွေးဝမ်းကျောင်း တစ်ခုခုတော့ ရှိတယ်။ ဖိနပ်ချုပ်တဲ့သူ၊ သော့ပြင်တဲ့သူ၊ အိမ်သာပိုက်ပြင်တဲ့သူ၊ ကူလီထမ်း၊ လန်ချားဆွဲ အားလုံး မိုးလင်းတာနဲ့ အလုပ်ခွင်ဝင်ကြတယ်။ အိန္ဒိယရုပ်သံကလွှင့်တဲ့ ကြော်ငြာကလေးတစ်ခု တော်တော်ကောင်းပါတယ်။ မိုးကလေးဖွဲဖွဲကျလာလို့ ထီးကလေးတွေဖွင့်ဆောင်းကြ၊ အရိပ်ကလေးတွေအောက် ပြေးဝင်ကြလုပ်နေကြတဲ့ မာမူကြီးတွေ၊ ဘာဘူလေးတွေဟာ ခပ်လှမ်းလှမ်းက ပျံ့လွင့်လာတဲ့ နိုင်ငံတော်သီချင်းသံကလေးလည်း ကြားရော အားလုံး ငြိမ်ငြိမ်ကလေး မတ်တပ်ရပ်နေလိုက်တဲ့အထဲမှာ ပိုက်ဆံတောင်းနေတဲ့ ခြေတဘက်ပြတ် ကုလားအဘိုးကြီးတောင်ပါတယ်။ ကျောင်းဝတ်စုံနဲ့ ကလေးလေးတွေလည်းပါတယ်။ သီချင်းသံမဆုံးမချင်း Pause နှိပ်ထားသလို ရပ်သွားတာကလေးကို ပြတာပါ။ Mother India ကို လူတိုင်းလေးစားရမတဲ့။
တကယ်တော့ ကိုယ့်ဆီကလူတွေလည်းပဲ လမ်းဘေးနေ လမ်းဘေးစားတယ်ဆိုသော်ငြား နိုင်ငံ့ဂုဏ်သိက္ခာကိုထောက်သောအားဖြင့် စည်းကမ်းတကျ နေထိုင်စားသောက်တဲ့ အမူအကျင့်ကလေးတွေ လုပ်ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ် ထင်ပါတယ်။ ငွေကုန်ကြေးကျလည်း မများပါဘူး။ တရုတ်တန်းက ဆိုင်ကလေးတွေကို လိုက်ကြည့်လိုက်တဲ့အခါ လမ်းဘေးဈေးရောင်းတာချင်းအတူတူ သူတို့က ပိုစံနစ်ကျတာ တွေ့ရပါတယ်။ သူတို့ကျတော့ ညပိုင်းကလေးပဲ သန်းခေါင်ညဥ့်နက်အောင် ရောင်းရတာ။ နေ့ဘက်ဆို ဆိုင်တောင် ခင်းမထားဘူး။ တစ်ယောက်အိပ်ကုတင်တစ်လုံးစာလောက်ပဲ ရှိတဲ့ လှေကားခွင်ကလေးမှာ နံရံကပ်ဘီဒိုလေး နှစ်လုံးလောက်နဲ့ နေ့ဘက်မှာ ကားဝပ်ရှော့ကလေးတစ်ခု ဖြစ်နေတယ်။ ပလက်ဖောင်းပေါ်မှာ ပလပ်စတစ်ခွေးချေပုကလေးနဲ့ ထီးရောင်စုံလေးတစ်ချောင်းပဲ ဖွင့်ထားတယ်။ တနေကုန် ကားပြင်တယ်။ ညနေတော်တော်စောင်းတော့ ကလေးမလေး နှစ်ယောက်သုံးယောက် ဆင်းလာပြီး ပလက်ဖောင်းပေါ်ရပ်ထားတဲ့ ပစ်ကပ်ခေါင်းရှည်ကားတစ်စီးကို နောက်ဘက်က သံတံခါးကလေးဖွင့်ပြီး အထဲကဟာတွေထုတ်လိုက်တော့ ခေါက်စားပွဲဆယ်လုံး နဲ့ ကုလားထိုင်တွေ တထပ်ကြီး ထွက်လာပါတယ်။ ရပ်ထားတဲ့ကားနဲ့ အပြည့်ရှိတာက ပလပ်စတစ်စည်ပိုင်းပြတ်ကလေးတွေ၊ မီးဖို နဲ့ အိုးခွက်ပန်းကန်တွေ။ မျက်လှည့်ဆရာဦးထုပ်ထဲက ဆွဲထုတ်သလို ထုတ်လာပါတယ်။ လှေကားထောင့်မှာ မှီထားတဲ့ အလျူမီနီယံအချောင်းရှည်ရှည် အစည်းလိုက်ထုတ်လာပြီး ဖြန့်ထုတ်လိုက်တဲ့အခါ လေးထောင့်ပုံ ရွက်ဖျင်တဲအမိုးလေးတွေ ရလာပါတယ်။ မျက်စိအောက်မှာတင် ခင်းလိုက်ဖြန့်လိုက်တော့ ဥုံဖွမမန်းပဲ ဈေးဆိုင်ရုပ်ထွက်လာတယ်။ ဆယ်နှစ်ဝန်းကျင်ကလေးမလေး သုံးယောက် ဇယ်ဆက်သလို မီးမွှေး ခုံခင်း၊ ရေသွယ်၊ မီးဆင် လုပ်လိုက်ကြတာ နာရီဝက်လောက်ဆို ဘာမှမရှိတဲ့နေရာမှာ ဈေးဆိုင်ကြီးတစ်ဆိုင် ပေါ်လာရော။ ၀ါးလုံးအကျိုးကလေး အုတ်ခဲအကျိုးကလေးကစ လို့ သူ့နေရာနဲ့သူ မှတ်မှတ်သားသား နေရာတကျ ထားသိုသွားတာမို့ သိမ်းတဲ့အခါမှာလည်း အဲသလိုပဲ စံနစ်တကျ သိမ်းလိမ့်မယ်မှန်း သိသာပါတယ်။ တစ်ညလုံးဈေးရောင်းပြီး လင်းခါနီးရင် လက်စလက်နမကျန်အောင် ဆေးကြောသိမ်းတည်းပြီးအိပ်မှ နောက်တနေ့မနက်ကျ အဲဒီနေရာ ကားဝပ်ရှော့ကလေး ပြန်ဖြစ်မှာပေါ့။ ရပ်ထားတဲ့ကားကလေးက စတိုခန်းလည်းဖြစ်တယ်။ ညနေဆိုင်ဖွင့်ဖို့ နေရာဦးထားပြီးသားလည်း ရတယ်။ အဲသလို စည်းကမ်းတကျ လုပ်ခြင်းအားဖြင့် သူတို့လည်း အဆင်ပြေ သူများကိုလည်း အနှောက်အယှက် မဖြစ်ပါဘူး။
ရန်ကုန်မြို့ထဲမှာ နေရာအနှံ့အပြားရှိတဲ့ ပလက်ဖောင်းဈေးဆိုင်များကတော့ သူတို့လို မဟုတ်ပါဘူး။ စည်ပင်လစ်ရင်လစ်သလို မနက်ကတည်းက ဖွင့်မယ်။ တနေကုန်ဖွထားတဲ့အမှိုက်ကို ညကျတော့ သည်အတိုင်းထားခဲ့တယ်။ အိုးခွက်ပန်းကန် ပစ္စည်းပစ္စယတွေကို လက်တွန်းလှည်းကြီးနဲ့ တိုက်လာမယ်။ ဆိုင်ခင်းနေရင် ကားလမ်းပိတ်နေလို့လည်း ဖယ်မပေးချင်ဘူး။ ပန်းကန်ခွက်ရောက် ဆေးကြောဖို့ ရေတောင်မှ ဆိုင်လူကျနေရင် သွားမခပ်နိုင်ဘူး။ ဖြစ်သလို ပြောင်အောင်လုပ်လိုက်တယ်။ လူသွားလမ်း ပလက်ဖောင်းပေါ်တင် အားမရလို့ ကားလမ်းမပေါ်ထိအောင် ခုံတွေချပြီး နယ်ကိုရသလောက်လည်း ချဲ့ယူချင်သေးတယ်။ တစ်ဝမ်းတစ်ခါး စီးပွားရှာစားတာကို နားလည်နိုင်ပေမယ့် ဘေးပတ်ဝန်းကျင် အားနာတဲ့စိတ်ကလေးနဲ့ စည်းကမ်းကလေးထားရင် ဘယ်လောက်ကောင်းမလဲ။
သူတို့ဟာသူတို့ သမုဒ္ဒရာ ၀မ်းတစ်ထွာကို ပင်ပန်းကြီးစွာ ရှာဖွေရုန်းကန်နေရတာကို စာနာသနားမိပေမယ့် သည်အတိုင်း ပစ်မထားသင့်တဲ့အချက်ကတော့ လမ်းပေါ်မှာရောက်နေတဲ့ သူတို့သားသမီးလေးတွေပါ။ ကျောင်းဝတ်စုံကလေးတွေနဲ့ တချို့တွေ့မိပေမယ့် ကျောင်းတက်ဖို့ဝတ်ထားတာ မဟုတ်ပါဘူး။ သူများအကျ ရရာကို ၀တ်ထားရတာပါ။ မျက်စိအောက်မှာမြင်နေရတဲ့ လသာ(၁)၊ လသာ(၂)ဆိုတဲ့ ကျောင်းတော်မဟာကြီးတွေဟာ သူတို့သားသမီးတွေကို ကျောင်းအပ်နိုင်လောက်တဲ့အစား မဟုတ်ပါဘူး။ အိမ်ထောင်စုဇယားနဲ့ နေရပ်လိပ်စာမှာတင် ပွဲကပြတ်နေပြီ။ ပျံကျကလေးတွေ တက်ဖို့ကျောင်းဆိုတာ ရန်ကုန်ရွှေမြို့တော်ကြီးမှာ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။ သူတို့အားလုံးမှာ မနက်ဖြန်ဆိုတာ မရှိပါဘူး။ သည်ညနေ စားစရာရှိနေသေးရင် လောကကြီးက ပြီးပြည့်စုံပါတယ်။ သူတို့ကို မြင်လိုက်မှပဲ ဘင်္ဂါလီတွေ သားဆက်ခြားဖို့ တို့အရေးလုပ်နေတဲ့သူတွေကို တော်တော်ရယ်ချင်သွားပါတယ်။ သားဆက်ခြားတယ်ဆိုတာ ကလေးတစ်ယောက်ပဲယူမယ်၊ နှစ်ယောက်ပဲယူမယ်။ စသည်ဖြင့် ကိုယ့်မိသားစုအရေအတွက်ကို လင်မယားနှစ်ဦးသဘောတူ ကန့်သတ်ထားတာပါ။ (လင်မယားကြား ၀င်မပါမိလို့ မုန်းတယ် မုန်းတယ် မုန်းတယ် အမြောက်တစ်သိန်း လုပ်နေကြတာတဲ့) လမ်းပေါ်က လူတွေအတွက်တော့ ဘယ်သူကမှ သားသမီးကို ဘယ်နှစ်ယောက်ယူမယ် ကြိုတွေးထားတာ ရှိမယ် မထင်ပါဘူး။ ငါ့ဝမ်းပူဆာ မနေသာလို့ လစ်ရင်လစ်သလို ကြုံရင်ကြုံသလို နေကြရင်း အမှတ်မထင် ကလေးရသွားကြတာချည့်ပါပဲ။ ကိုယ့်ဝမ်း မသေချာပဲ နောက်ပါးစပ်ပေါက်တစ်ပေါက် ကျွေးဖို့ဆိုတာ ကြိုတော့ တွေးမထားလောက်ပါဘူး။
ကလေးဘ၀တုန်းက သိခဲတဲ့ သူတို့လို မိသားစုတစ်စု ရှိခဲ့ဖူးပါတယ်။ ယောင်္ကျားက ဆိုက္ကားနင်းတယ်။ မိန်းမက ခေါက်မုန့်ရောင်းတယ်။ ညဘက်အိပ်စရာနေရာကလေး အဆင်ပြေအောင် ညစောင့်အလုပ်လည်း လုပ်တယ်။ သည်လိုပဲ ရရစားစားဘ၀ကနေ စုစုဆောင်းဆောင်း ဖြစ်လာအောင် တော်တော် ရုန်းကန်ခဲ့ကြပါတယ်။ ခေါက်မုန့်သမီးလေး ကြီးလာတော့ ခေါက်ဆွဲဖြစ်လာသလို သားကလေးကလည်း ဆိုက္ကားအမွေပဲ ဆက်ခံပါတယ်။ မိဘလက်ထက်က ရုန်းကန်လာသမျှ သားသမီးတွေလက်ထက်မှာ အခြေတကျနေလို့တော့ ရတာပေါ့။ ဒါပေမယ့် သူ့ကလေးတွေ ရေးတတ်ဖတ်တတ်ပဲ ရပါတယ်။ ပညာတော့ မတတ်ပါဘူး။ ဟဲဟဲ ပညာတတ်တော့လည်း ဘာမှမထူးပါဘူး။ ဘီအေဆိုက္ကားနဲ့ ဘီအက်စီခေါက်ဆွဲပဲ ဖြစ်မယ့်ဟာ။ အလကား အလုပ်ပျက် အကိုင်ပျက်၊ ငွေကုန် အချိန်ကုန် လို့ သဘောထားမလား မသိပါဘူး။ လူ့ဘ၀ဆိုတာ ပြောလို့ရလို့လားဗျ။ စာတိုက်စာရေးကလေးဘ၀ကနေ အာဏာရှင်ကြီး ဖြစ်လာတဲ့သူလည်း ရှိတာပဲ။ ငါးသိုင်းချောင်း လေးမျက်နှာဘက်ကနေ သမ္မတကြီးဖြစ်လာတာလည်း ရှိတာပဲ။ ဘာမဆို ဖြစ်နိုင်တယ် မဟုတ်ဘူးလား။ တစ်ခုပဲ ရှိတယ်။ ပညာမတတ်ရင်တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ဘ၀လှေကားထစ်တွေ တက်တဲ့နေရာမှာ ပညာရေးသက်သက်နဲ့ ဘယ်ကိုမှ မရောက်ဘူးဆိုပေမယ့် ပညာရေးနဲ့ မစပဲနဲ့လည်း ဘယ်ကိုမှ ရောက်စရာ မရှိပါဘူး။ ဘာမဆိုဖြစ်နိုင်ဖို့အတွက် ပညာရေးလှေကားထစ်ကိုတော့ ပထမခြေလှမ်းနဲ့ တက်ရပါလိမ့်မယ်။
ဆေးရုံရှေ့က ပလက်ဖောင်းမင်းသားများအတွက် ရဲရော၊ စည်ပင်ရော၊ ဆေးရုံပါ ခေါင်းခဲနေကြပါတယ်။ လောလောဆယ် ထမင်းစားဖို့ရတယ် ဆိုတာကလွဲရင် ဘာကိုမှ မမြင်တတ်မတွေးတတ်တဲ့ သူတို့အတွက် ဘယ်သူကမှလည်း ကယ်တင်ကူညီပေးနိုင်စရာ မရှိပါဘူး။ ရန်ကုန်မြို့မှာ တန်ဖိုးနည်းပါတယ်ဆိုတဲ့ ဆင်ခြေဖုံးကအိမ်ယာတောင် သိန်း၂၀၀ အောက် မလျော့တာ မြို့လယ်ခေါင်က အဲသည်လူတွေအများကြီးကို ဘယ်မှာမှ သွားထားစရာ မရှိပါဘူး။ သည်လိုနဲ့ ပလက်ဖောင်းမျိုးဆက် တစ်ဆက်ကနေ နှစ်ဆက်ဖြစ်လာရင် ရန်ကုန်မြို့ကြီးလည်း ကာလကတ္တား ဘင်္ဂလားနဲ့ တူလာဦးမှာပေါ့။ ပညာမတတ်၊ အသိဥာဏ်နုံနဲ့ပြီး ပိုက်ဆံရရင် ဘာမဆိုလုပ်မယ့် လူငယ်ကလေးတွေ များလာတဲ့အခါ အနာဂတ်ရန်ကုန်ကြီးကလည်း လှပလာဦးမှာ သေချာတာပေါ့နော်။
“ကြယ်ရောင်တွေပျောက်တဲ့ညမှာ အပြင်လောကထဲထွက်လာသူ အဆူအပူခံကာ မှီခိုရာဌာန အိမ်ဆိုပေမယ့် အိမ်ရယ် မမည်တော့ဘူး။ မာကျူရီမီးများအောက်မှာ ကိုယ်အိပ်ထဲလက်နှိုက်ရှာကြည့်။ ငွေရယ်ဆိုလို့ တစ်ဆယ်တန်နဲ့ အကြွေတချို့ ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု…။”
by Soe Min (Notes) on Wednesday, June 5, 2013 at 6:28am
ဆရာစိုးမင်း facebook မှ ကူးယူဖော်ပြပါသည်
Filed under Articles, Notes | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)



Share on Facebook
“ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်” – ဆရာ စိုးမင်း (ငွေစန်းရောင်)
“တေးဆိုလို့ ချော့ပါ့မယ်” – ဆရာစိုးမင်း (ငွေစန်းရောင်)
ရွေမြန်မာ ဘယ်လဲ.. ဘာလဲ
Giant Chinese Baby Boy Weighs 44 Pounds
HTC Smart phone sale/support Centre in Myanmar
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန် Nang Khin Zay Yar
MTV EXIT LIVE IN MYANAMR
Lady Gaga’s Gold Wheelchair



Htet Htet Moe Oo’s beautiful Tatto
ဆွေတာ် မျိုးတော် အပေါင်းတစ်သောင်း
Couple of the day: Sai Sai and Wut Hmone















