Myanmar Blog » Articles » “ဆရာဝန်က အပ်နဲ့ထိုးတော့” – ဆရာ စိုးမင်း (ငွေစန်းရောင်)

“ဆရာဝန်က အပ်နဲ့ထိုးတော့” – ဆရာ စိုးမင်း (ငွေစန်းရောင်)

ငယ်ငယ်တုန်းက ကလေးဘာဝ ကတမ်းခုန်တမ်း ကစားကြတဲ့အခါ အဲဒီခေတ်က လူတိုင်းပါးစပ်ဖျား ရေပန်းစားနေတဲ့ သီချင်းကလေးကို ဆိုလေ့ရှိပါတယ်။ “မှုံရွှေရည် ဖင်မှာ အနာပေါက်သည်။ ဆရာဝန်က အပ်နဲ့ထိုးတော့ ဖင်ရိုးကျိုးပါသည်။” တဲ့။ ပြောလည်းပြောချင်စရာ။ ဆရာဝန်တွေဆီ သွားပြရင် ဆေးတစ်လုံးလောက်တော့ ထိုးလွှတ်လိုက်ကြစမြဲပဲ။ မထိုးလို့လည်း မရဘူးလေ။ ပြကတည်းက ဆေးထိုးခံချင်လို့ သူတို့ဆီ သွားပြတာ။ ကိုယ်ကသာ ကလေးမို့လို့ အပ်ကိုကြောက်တာ။ အဘွားကတော့ တစ်လတစ်ခါလောက် ဆေးခန်းသွားပြီး အပ်ကလေးနဲ့ အထိုးမခံလိုက်ရရင် နေမထိထိုင်မသာဖြစ်နေတာ။ သူကလည်း တွေ့ကရာလူနဲ့ ဆေးထိုးခံတာ မဟုတ်ဘူး။ ဆေးခန်းအသစ်ကလေးဖွင့်ရင် ဆရာဝန်ကိုအရင် စကားစမြည်ပြော၊ မျက်နှာကြောလေးဘာလေး အကဲခတ်၊ တစ်ခါလောက် စမ်းအထိုးခံကြည့်၊ မနာအောင် ထိုးနိုင်တယ်ဆိုမှ လက်စွဲထားကုတော့တာ။ ဒီဆရာဝန်လေး ဆေးထိုးညင်သာတယ်တဲ့။ ရောဂါပျောက်တာ မပျောက်တာ အရေးမကြီးဘူး။ စသွားကတည်းက ရောဂါသွားကုတာ မဟုတ်ဘူး။ ဆေးထိုးခံချင်လို့ပါဆို။ သူ့ရောဂါက သူ့ဘာသူသိတယ်။ မြန်မာဆရာနဲ့မှ အမြစ်ပြတ်မှာ။ ဒါပေမယ့် ဆေးခန်းကပြန်လာရင် အိမ်လာသမျှ ဧည့်သည်ကတော့ အဲဒီဆရာဝန်လေးအကြောင်း ပြောတော့တာပဲ။ မျက်နှာလေးက ချိုတယ်။ အပြောလေးက ချောတယ်။ ဆေးပစ္စည်းကလေးတွေ နေရာတကျ သပ်သပ်ရပ်ရပ်ထားတယ်။ စမ်းတာသပ်တာ ညင်သာတယ်။ ဆေးထိုးရင် အပ်နဲ့ထိလိုက်မှန်းတောင် မသိလိုက်ရဘူး။ (တခါတခါ သူက မယုံဘူးဗျ။ အဲဒီဆရာဝန်မ ငါ့ကို အပ်နဲ့ထောက်ရုံကလေးထောက် လွှတ်လိုက်သလား။ ဆေးဝင်တာ ပေါင်လည်းတန်းမသွားဘူး လို့ အဖော်လိုက်လာတဲ့ ကိုယ့်ပြန်မေးချင်မေးတယ်။) ပိုက်ဆံယူတာများရင်လည်း များတယ် လို့ ပြောတယ်ဗျ။ သူက အိမ်နားရှိသမျှ ဆေးခန်း မုန့်ဟင်းခါးစားသလို လှည့်ပြနေတာ။

ကိုယ်တွေကတော့ ကလေးဆိုတော့ အပ်ကြောက်တယ်ဗျ။ တော်ရုံတန်ရုံလောက်ဆို ဆေးနီမှုန့်တွေပဲ ဟိုဟာနဲ့သောက် ဒီဟာနဲ့သောက် သောက်ပလိုက်တယ်။ လူကြီးတွေကလည်း ဘာမှ မပြောဘူး။ စောင့်ကြည့်နေတာ။ ပျောက်သလား။ သက်သာသလား။ မပျောက်တော့ဘူးဆိုရင်တော့ ဘာမှ ဆင်ခြေမပေးနဲ့တော့။ လာ ဆေးခန်းသွားဖို့ အချိန်ရောက်ပြီ။ ဘယ်ဆရာဝန်နဲ့ ပြချင်သလဲပဲ ရွေးတော့။ ဒါဆိုရင်တော့ အဘွားရဲ့အကြံဥာဏ်ကို ယူဖို့လိုလာပါပြီ။ ဘယ်ဆရာဝန်က အညင်သာဆုံး ဆေးထိုးနိုင်သလဲပေါ့။ တကယ်တော့ ဆေးထိုးတယ်ဆိုတာ အပ်စူးသွားတဲ့အချိန်မှာ ဒီလောက်ကြီး နာလှတယ် မဟုတ်ပါဘူး။ အပ်နဲ့မထိုးခင် တင်ပါးကို အရက်ပျံစနဲ့ ပွတ်နေကတည်းက စူးတော့မယ်။ စူးတော့မယ်။ စူးပြီ။ စူးပြီ။ အား…။ ဆို ကြိုသိနေရတာကြီးကြောင့် လူက အပ်မြင်တာနဲ့ မျက်ရည်ဝဲချင်နေတာ။ အဲဒီအရွယ်ကတည်းက နာကြင်မှုဆိုတာ စိတ်ကတ၀က်ပါတယ် လို့ သဘောပေါက်သွားတဲ့နောက် နောင်ကို မျက်ရည်ပေါက်ပေါက်ကျအောင် နာတယ်ဆိုတာ မရှိတော့ဘူး။ သူ့အသားဖြစ်ဖြစ် ကိုယ့်အသားဖြစ်ဖြစ် မြန်မြန်ပြီး အေးရော လို့ သဘောထားတတ်လာတယ်။ ကိုယ်ကတစ်ခါ စိတ်ကတစ်ခါ၊ နှစ်ခါအနာမခံနိုင်ဘူး။

အလုပ်သင်ဆရာဝန်ဘ၀ ပထမဦးဆုံး ဂျူတီဆင်းရတဲ့အခါ သူများအသားကို အပ်ကြီးနဲ့ထိုးရမှာ ကိုယ်က ပြန်ကြောက်နေပြန်ပါတယ်။ နောက်ဆက်တွဲဆင်းရတဲ့ စီနီယာအမကြီးကို အဖော်ခေါ်ပြီး လူနာတွေကို သွားဖြဲလေးနဲ့ ဆေးထိုးပါရစေ လိုက်ခွင့်တောင်းရတယ်။ ဆေးရုံကပေးတဲ့ အပ်တုံးကြီးနဲ့ မထိုးပါဘူးနော်။ ဒီမှာကြည့်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ထားတာ။ တစ်ခါသုံးအပ် အသစ်ကျပ်ချွတ်ကလေး။ ကိုယ်တွေခေတ်တုန်းက အခုလို တစ်ခါသုံးအပ်ကလေးတွေတောင် ဖောဖောသီသီ မသုံးနိုင်သေးဘူး။ ဖန်ပြွန်အပ်ကြီးတွေ။ ဒါတောင် အရေအတွက်က အလုံအလောက် မပေးနိုင်ဘူး။ တစ်သုတ်ထိုးပြီးရင် ပြန်ပြန်ပြုတ်ပြီးမှ ကျန်တဲ့လူ ဆက်ထိုးလို့ရတယ်။ တစ်ချောင်းကျိုးသွားရင် ဖန်ကွဲစတွေ ပြန်အပ်မှ စစ္စတာဆီက နောက်တစ်ချောင်း အသစ်ထုတ်လို့ရတယ်။ ထိပ်ကတပ်တဲ့ အပ်ကလေးတွေတောင် ကိုယ့်ပိုက်ဆံနဲ့ ဗူးလိုက်ဝယ်ထားလို့ လူနာတွေက မငြိုမငြင် အထိုးခံတာ။ ပုလင်းရက်ရှည်ချိတ်ထားတဲ့ လူနာတွေဆို သနားဖို့ကောင်းတယ်။ ခုခေတ်လို cannula ဆိုတဲ့ ပလပ်စတစ်ပိုက်ကလေးတွေ မပေါ်သေးဘူး။ သံအပ်ကြီးတွေကို လေးငါးခြောက်ရက် တန်းလန်းထားရတယ်။ နည်းနည်းလှုပ်တာနဲ့ ပြန်ဖောက်ရပြန်ပြီ။ နားကို မနားရဘူး။ တနေ့တနေ့ မနေမနား ထိုးနေရမှတော့ ဘယ်မတတ်စရာရှိပါ့မလဲ။ ကလေးဆေးရုံရောက်တဲ့အခါ စူပါအိတ်စပတ်ဖြစ်သွားတယ်။ ခြေ၊ လက်၊ လည်ပင်း၊ ဒူးကောက်၊ တံတောင်၊ ပေါင်၊ နားထင်ပါမကျန် အကြောရှာနိုင်တယ်။ ကိုယ်ထိုးလို့မရဘူးလား။ မပူနဲ့။ အဆောင်တိုင်းမှာ ဆရာကြီးတွေရှိတယ်။ ဂျိုးကျနေတဲ့ အပြာဝတ် အစိမ်းဝတ်ဆရာမကြီးတွေဟာ အငယ်တွေ တတ်ပါစေတော့လို့သာ လွှတ်ပေးထားတာ။ မရရင် သူတို့ကိုခေါ်လိုက်။ အချိန်မရွေးပဲ။ အန်တီရေ။ အမကြီးရေ။ ကော်ဖီလေးသောက်ပါဦးလို့သာ စည်းရုံးရေးဆင်းပြီး ပျိုးထားလိုက်။ အရေးကြုံရင် စိမ်းလို့သာ ခေါ်လိုက်ပါ ဖြစ်သွားမယ်။ ဒါပေသိ နေ့ရှိသရွေ့ သူများအားကိုးနေလို့ မရဘူးဗျ။ ကလေးဆေးရုံကြီးက မွေးကင်းစကလေးအဆောင်မှာ တာဝန်ကျတဲ့အခါ ဘယ်လောက်ဆေးထိုးရသလဲဆို အပ်တွေပြုတ်လိုက်၊ ဆေးတွေထိုးလိုက်၊ ပြန်ဆေး၊ ပြန်ပြုတ်။ ပြန်စုပ်၊ ပြန်ထိုး နဲ့။ လေးနာရီဆေး၊ ခြောက်နာရီဆေး၊ ရှစ်နာရီဆေး၊ ဆယ်နာရီဆေး၊ ဆယ့်နှစ်နာရီဆေး၊ နှစ်နာရီဆေး၊ ဆက်တိုက် ပတ်ချာလည်သွားတာ မိုးတလင်းပဲ။ ထိုင်တောင် မထိုင်ရဘူး။ မနက်မိုးလင်းတာနဲ့ သွေးဖောက်တာတွေက တန်းစီနေပြီ။ အဲဒီတုန်းက မတရားသဖြင့် ပင်ပန်းခဲ့ရတာကြောင့် အခုအချိန်မှာ ဆေးထိုးခြင်းအမှုကြောင့်တော့ စိတ်ထဲမှာ ဘာခံစားချက်မှ မရှိတော့ဘူး။ ဒီအချိန်အတိုင်းအတာဟာ ဆရာဝန်တိုင်း ကျော်ဖြတ်ကြရတာပဲလေ။

ဒါပေမယ့် ဆရာဝန် မဟုတ်တဲ့သူတွေမှာတော့ အပ်ကြောက်တဲ့ခံစားချက်က ဘယ်ပျောက်ပါဦးမလဲ။ အထူးသဖြင့် ကလေးမိဘတွေဆို ကိုယ့်အသားသာ အထိုးခံလိုက်ချင်တော့တယ်။ ကိုယ့်သားသမီး အပ်နဲ့ဆွတာကတော့ သူတို့နှလုံးသားကို အပ်နဲ့ဆွသလို ခံစားရမှာ မလွဲဘူး။ အပ်မပြောပါနဲ့လေ။ မွေးချင်းထဲမှာ သားဦးယောင်္ကျားလေးမို့ အမေ့ညီမ အဒေါ်တွေက ဖူးဖူးမှုတ်ထားတုန်း ၀မ်းချုပ်လို့ ငိုနေရင် ကွမ်းရိုးလေးနဲ့ ၀မ်းချူတဲ့အခါ ကလေးနာရှာမှာပဲဆိုပြီး မျက်ရည်ပေါက်ပေါက်ကျကြသတဲ့။ မင့်သားသမီးကျမှ မင့်သဘောပေါ့ကွာ လို့လည်း အပြောမစောနဲ့ဦးဗျ။ သမီးမွေးကာစမှာ ဘီကာကွယ်ဆေးထိုးဖို့ ၃စီစီ အပ်ကလေး ၀ယ်လာတာ သူ့အဖွားက ရက်စက်လိုက်တဲ့အဖေဆိုပြီး ဆွေ့ဆွေ့ကိုခုန်နေရော။ ဆရာကြီးဦးခင်မောင်ဝင်းနဲ့မှ သွားထိုးမတဲ့။ ဟိုက အင်ဆူလင်ထိုးတဲ့ အပ်ပေါက်စနကလေးနဲ့ ထိုးပေးတာတဲ့။ ကိုယ့်အဖို့တော့ အပ်ဆိုတာ အတူတူ စူးကြတာချည့်ပါပဲ။ ဒါပေမယ့် သမီးလည်း ဆေးထိုးသွေးဖောက် မလွတ်ခဲ့ပါဘူး။ ကလေးဆေးရုံ နှစ်ခါလောက်တက်ခဲ့ရဖူးတယ်။ အဖေနဲ့တူတဲ့သမီးဟာ သူ့အဖေရှိရင် အပ်ထိုးတာ မနာဘူး။ ချော်လဲလို့ လက်ကျိုးတဲ့အခါတောင် သူ့လက်ကလေးကို ဘယ်သူမှအကိုင်မခံပဲ အဖေရောက်လာတော့မှ လက်ကလေးပြပြီး အဲ့ကနဲအော်ငိုတယ်။ ဆေးရုံကြီးမှာ အသာလေးဆွဲတည့်ပေးတော့လည်း ဖအေမျက်နှာကိုကြည့်ပြီး အသံမထွက်ပဲ မျက်ရည်ကျတယ်။ ကလေးမှာ မလွှဲသာမရှောင်သာ နာကျင်ခံစားရတဲ့အချိန်တွေ ကိုယ့်မျက်စိအောက်တင် မြင်နေရတဲ့အဖြစ်တွေ ရှိတတ်ကြပါတယ်။ မမြင်ရက်ရင် မျက်နှာလွှဲနေတာ ကောင်းပါတယ်။ ကြောက်လန့်တကြား ဖြစ်နေရှာတဲ့ကလေးရှေ့မှာ ကိုယ်ကပါ ဆောက်တည်ရာမရဖြစ်နေရင် သူခံစားရတဲ့ စိတ်နာကျင်မှုက ပိုဆိုးတယ်ဗျ။

ကျွန်တော်ကိုယ်တိုင် ကလေးတွေကို ဆေးထိုးသွေးဖောက်တဲ့ အချိန်တုန်းကတော့ ကလေးအမေရဲ့ အရိပ်အကဲကို ကြည့်တယ်ဗျ။ ဒီအပ်က ကလေးကိုတင် စူးတာမဟုတ်ဘူး။ သူ့အမေကိုလည်း စူးမှာ။ ဒါကြောင့် အပ်ကြောက်ပုံရတဲ့အမေဆို အပြင်ခဏထွက်နေခိုင်းတယ်။ ဆွေမျိုးတွေ စုံနေတဲ့အချိန် ဆေးထိုးစရာရှိရင် တစ်ယောက်ပဲစောင့်ပြီး ကျန်တာ အပြင်ထွက်ခိုင်းတယ်။ အကြောရှာရခက်တဲ့ ကလေးဆိုရင် ဆေးထည့်ခန်းထဲခေါ်သွားပြီး အလင်းရောင်ကောင်းကောင်းအောက်မှာ ကူစရာ ဆရာမနှစ်ယောက်လောက် ခေါ်သွားတယ်။ မိဘ အပြင်ကစောင့်။ ဒီ့ထက်ခက်လို့ ဓါးနဲ့ခွဲပြီး အကြောရှာမယ် (Cut down လုပ်တယ်လို့ ခေါ်တယ်)ဆိုရင် သဘောတူကြောင်း လက်မှတ်ထိုးပြီး ဖြစ်နိုင်ရင် ခွဲခန်းထဲမှာလုပ်တယ်။ လူနာဆောင်ထဲမှာဆို ကာရံပြီးမှလုပ်တယ်။ ဒီအလုပ်တွေက အပြင်လူတွေ မြင်ရရင် အညှာတာကင်းမဲ့တယ်လို့ ထင်ရတာကိုး။ မြန်မာပြည်မှာ အကြောရှာမရလို့ အသက်ဆုံးသွားတယ်လို့တော့ ဒီအသက်ဒီအရွယ်အထိ မကြားဖူးသေးပါဘူး။ ပြဿနာက အကြောမရှာနိုင်တာ မဟုတ်ဘူး။ မမြင်ဝံ့ ဆေးသမားအဖြစ်တွေကို လူပုံအလယ်မှာ သွားလုပ်လို့ဖြစ်တာလို့ ထင်ပါတယ်။

လူနာဘက်က သည်းညည်းခံနိုင်တယ်ဆိုတာ အတိုင်းအတာတော့ ရှိပါတယ်။ နှစ်ခါ၊ သုံးခါ၊ လေးခါ၊ ငါးခါ၊ ဒီလောက်နဲ့ မရသေးဘူးဆိုရင် နည်းနည်းတော့ အားနာသင့်ပြီပေါ့။ ပြောသားပဲ။ ကလေးကို အပ်နဲ့တစ်ခါဆွတိုင်း သူတို့နှလုံးသား တစ်ခါစူးပါတယ်လို့။ ဒါပေမယ့် အသက်အန္တရာယ်ကြောင့် မဖြစ်မနေ ဆက်လုပ်ရတော့မယ်။ ဒါဆိုရင် ခဏနားလိုက်ပါ။ ကလေးမိဘတွေကို ရှင်းပြပါ။ လုံလောက်တဲ့အလင်းရောင်နဲ့ အကူအညီရမယ့်နေရာကို ရွှေ့ပါ။ ပိုမိုကျွမ်းကျင်သူကို အကူအညီတောင်းပါ။ ဖြစ်နိုင်ရင် မိဘတွေကို ပေးမ၀င်ပါနဲ့တော့။ အဲဒါမှ သူရောကိုယ်ရော အသက်ရှူချောင်သွားပြီး စိတ်အေးလက်အေး အလုပ်ဆက်လုပ်နိုင်မှာ။ အထူးသဖြင့် သွေးလန့်နေတဲ့လူနာဆိုရင်တော့ ဘယ်လိုပဲ ကြိုးစားကြိုးစား ခွဲစိတ်မှုအကူအညီပါမှ ရပါမယ်။ ဒါပေမယ့် အသားကိုခွဲစိတ်ပြီး အကြောရှာတဲ့အလုပ်ဟာ ကိုယ်တွေခေတ်တုန်းကတော့ အလုပ်သင်ဆရာဝန်တွေ တတ်ကျွမ်းရမယ့် အလုပ်ပါ။ ခေတ်တွေပြောင်းလာတော့ အလွယ်လိုက်ပြီး ခွဲစိတ်ဆရာဝန် လှမ်းလှမ်းခေါ်နေတော့ နောက်လူတွေလည်း မလုပ်ရဲမကိုင်ရဲ ဖြစ်ကုန်တာပေါ့။

ကိုယ့်ဆီမှာမှ မဟုတ်ပါဘူး။ ဘူတန်ကိုရောက်တော့ သူတို့ဆီက လက်ထောက်ဆရာဝန်ကလေးတွေနဲ့ အလုပ်တူတူလုပ်ခဲ့ရပါတယ်။ အိန္ဒိယက ဘွဲ့ရလာတာ၊ ဘင်္ဂလားဒေ့ရှ်က ဘွဲ့ရလာတာ၊ တချို့လည်း ယိုးဒယားကဘွဲ့ယူလာတာ။ အဲဒီအထဲမှာ မြန်မာပြည်က ဆရာဝန်ဘွဲ့ရသူတွေကလွဲရင် ကျန်တဲ့သူတွေက စာကိုသာ ကျေကျေညက်ညက် ရချင်ရမယ်။ လက်တွေ့လုပ်ငန်းခွင်မှာ မြန်မာဆေးကျောင်းဆင်းတွေလောက် မကျွမ်းကျင်ကြဘူး။ Cut down မလုပ်တတ်ဘူး။ အဆုတ်ထဲကရေ မစုတ်တတ်ဘူး။ ဗိုက်ထဲကအရည် မယူတတ်ဘူး။ ခါးရိုးချဉ်ဆီရည် မဖောက်တတ်ဘူး။ အဲဒါအားလုံးက ခွဲစိတ်ဆရာဝန်တွေသာ လုပ်ရတာလို့ နားလည်ကြတယ်။ သူတို့သင်လာတဲ့ကျောင်းတွေက ပညာကိုသာ သေသေချာချာ သင်ပေးတယ်။ လေ့ကျင့်ပေးတဲ့နေရာမှာတော့ မကျွမ်းကျင်သေးသူတွေကို လူနာအစစ်တွေနဲ့ ဘယ်သောအခါမှ ပစ်မထားပါဘူးတဲ့။

အဲ့ဒါ ပြောချင်တာ အဲ့ဒါ ပြောချင်တာ ဆိုပြီး မျက်နှာမည်းကြီးတွေ ၀င်းကနဲဖြစ်ကုန်ပြီ။ ဟုတ်ပါပြီ။ သည်ကလည်း အဲဒါကိုပဲ ပြောချင်တာပါ။ ကျွန်တော်တို့ မြန်မာဆရာဝန်တွေဟာ ခေတ်မီနည်းပညာပိုင်းမှာ အမီမလိုက်နိုင်ပဲ မျက်ခြေပြတ်ကျန်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သမားရိုးကျ ဆရာသမားများ သင်ကြားပြသပေးတဲ့ နည်းနာနိဿယပိုင်းမှာတော့ သူများတွေထက် အတွေ့အကြုံများအောင် လေ့ကျင့်သင်ကြားနိုင်ခွင့် ရနေပါသေးတယ်။ ဘာဖြစ်လို့ဆိုတော့ မြန်မာလူနာတွေက အပ်နဲ့ထိုးထိုး၊ ဓါးနဲ့လှီးလှီး မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ ဖြစ်နေလို့ပါ။ (အဟုတ်ပြောတာ။ မနေ့တနေ့ကထိ သိပ်သည်းညည်းခံနိုင်ကြတာ။ ခုမှ ကြားလေသွေးလို့ ဝေးတာထင်ပါရဲ့)။ သူများနိုင်ငံတွေမှာတော့ လူနာဆိုတာ မျက်စောင်းနဲ့တောင် အထိုးမခံနိုင်ပါဘူးတဲ့။ အကြောရှာမရဘူးဆိုရင် မီးချောင်းလေးတစ်ချောင်း ထွန်းပေးလိုက်။ ကမ္မဋ္ဌာန်းရုပ်ကြီးမြင်ရသလို အကြောပြိုင်းပြိုင်းပေါ်လာတာ အပ်ကလေးနဲ့ ကောက်ထိုးလိုက်ရုံပဲတဲ့။ ကောင်းတာပေါ့ဗျာ။ အထိမခံရွှေပန်းကန်တွေကို စောင့်ကုမယ့် အထူးကုဆေးခန်းကြီးတွေ လိုက်ဝယ်ပါလိမ့်မယ်။ ပြည်သူ့ဆေးရုံပေါ်ကိုတော့ မယူလာတာ ကောင်းပါလိမ့်မယ်။ အပ်တွေထက်လာပြီး လူတွေတုံးသွားမှာစိုးလို့။

ဒီခေတ်ကြီးထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်။ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ဖြစ်နေရခြင်းအကြောင်းဟာ ဆရာဝန်တွေဘက်က စွမ်းဆောင်ရည်ကျလာမှု၊ ကျင့်ဝတ်သိက္ခာ မစောင့်စည်းမှု တစ်ဘက်တည်းသက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ လူနာတွေဘက်ကလည်း သည်းညည်းခံနိုင်မှုစွမ်းရည် လျော့ပါးသွားခြင်းကြောင့် ပါပါတယ်။ ခလယ်ခေါင်မှာ ခလောက်ဆန်နေတာကတော့ ပိုက်ဆံပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ဆရာဝန်အသစ်တွေ လက်တည့်စမ်းတာ မခံနိုင်ဘူး လို့ ဆိုတဲ့သူက ဆရာဝန်ကို သူ့စိတ်ကြိုက် ခေါင်းခေါက်ရွေးလို့ရတဲ့ အပြင်ဆေးရုံပဲ သွားရတာပေါ့။ အပြင်ဆေးခန်းဆိုတာကတော့ ဆရာဝန်အငယ်တွေကို ခေါ်ယူလေ့ကျင့် သင်ကြားပေးရာဌာနကြီးမှ မဟုတ်တာ။ တတ်မှလာခဲ့။ ပိုက်ဆံပေးပြီးခိုင်းမလို့။ ရီးတီးယားတားလုပ်လို့ကတော့ ဆီးသီးနွားစားသွားမယ်။ နဂိုကတည်းက အရမ်းချမ်းသာတဲ့လူက ပြဿနာမရှိဘူး။ ကုန်ချင်သလောက်ကုန်။ အကောင်းဆုံးဝန်ဆောင်မှုပဲ လိုချင်တယ်။ ဒါကြောင့် အပြင်မှာကုတာ။ ဆင်းရဲတဲ့သူကလည်း အပြင်ဆေးခန်းက ကိုယ်မှ မတတ်နိုင်တဲ့ဥစ္စာ။ အတွင်းမှာပဲ ပြုသမျှခံ နုမြဇံ။ ကြားထဲမှာ စကတွေက ပြဿနာဗျ။ အပြင်လည်း မထွက်နိုင်ဘူး။ အထဲက ၀န်ဆောင်မှုလည်း မကျေနပ်ဘူး။ ဟိုဟာ မဖြစ်ရကောင်းလား။ ဒီဟာ မဖြစ်ရကောင်းလား။ ပတ်ပြီး ကွိုင်ရှာနေရော။ (ပိုက်ဆံပေးရတိုင်း ပိုကောင်းတဲ့ ၀န်ဆောင်မှုရရမယ်လို့တော့ အာမမခံနိုင်တဲ့အကြောင်း ပြောခဲ့ဖူးပါတယ်)။

ဒီလိုပြောတဲ့အခါ ပြည်သူ့ဆေးရုံတက်ရမယ့်သူတွေအဖို့ ငါတို့တော့ သူတို့လက်တည့်စမ်းစရာ ဂီနီပစ်ကလေးတွေ ဖြစ်ရချေသေးရဲ့လို့ ထင်ကုန်ပါဦးမယ်။ ကျွန်တော်တို့ဆီက ဘယ်လေ့ကျင့်သင်ကြားမှုမဆို ကိုယ့်အထက်က ကျွမ်းကျင်သူတစ်ဦးရဲ့ မျက်စိအောက်မှာ (Under supervision)သာ ပြုလုပ်ခွင့်ရှိပါတယ်။ တတ်ခါစလက်သင်တစ်ယောက်ကို ဘယ်တော့မှ တစ်ယောက်တည်း ပစ်မထားပါဘူး။ ပြည်သူ့ဆေးရုံရဲ့ ဖွဲ့စည်းပုံသဘောတရားအရ အကူအညီလိုအပ်လာလို့ရှိရင် “ခေါ်ဆို၍ မရနိုင်ပါသဖြင့်” ဆိုတာမျိုး ဖြစ်လေ့မရှိပါဘူး။ လူနာဘက်က စိတ်ရှည်မှုကလေး လက်တစ်ဆစ်လောက် ပံပိုးပေးနိုင်ခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးရှိပါတယ်။ ဆက်ဆံရေးလည်း ချောမွေ့ပါတယ်။ ကျွန်တော်တို့ ဆေးဝန်ထမ်းတွေဘက်က ချွတ်ယွင်းချက်တွေ ရှိသင့်လောက် ရှိနေတာကို မငြင်းလိုပါဘူး။ ၀န်ခံပါတယ်။ ဒါပေမယ့် အခုစားနေရတဲ့အသီးဟာ အရင်ကစိုက်ထားတာ မဟုတ်ဘူးလား။ ကြက်ဆူအိပ်မက် တရေးနိုးလာတဲ့အချိန်မှာ စိုက်တဲ့သူထိုင်ဆဲနေရုံနဲ့ ဘာအသီးအနှံမှ စားရဖို့မရှိပါဘူး။ ဒီအသီးမလိုချင် နောက်ဒီအပင်မပျိုးနဲ့ပေါ့။ ကိုယ်စားချင်တဲ့ အပင်ကိုပျိုးထားမှ ကိုယ့်သားမြေးစားရရုံရှိမှာ။ ဆရာဝန်ကောင်းဆိုတဲ့ အပင်ကိုလိုချင်ရင် လူနာဆိုတဲ့အခင်းမှာ မြေတောင်မြှောက်ပေးရမှာမို့ ရေခံမြေခံကလေး ကောင်းအောင် ပေါင်းရှင်းထားတဲ့သဘောပါ။ တကယ်တော့ ကိုယ့်ကို ဆေးပညာ သင်ကြားပေးခဲ့တဲ့ သမားဟူးရားကြီးများကို မိဘသဖွယ် ကိုးကွယ်ရသလိုပဲ ဆေးပညာ လေ့ကျင့်သင်ကြားခဲ့တဲ့နေရာမှာ အထောက်အကူပြုခဲ့တဲ့ မြန်မာပြည်သား လူနာအပေါင်းတို့ကိုလည်း ကျေးဇူးအထူး တင်မိပါကြောင်းဗျား။

Soe Min

saya soeဆရာ Soe Min (ငွေစန်းရောင်) facebook မှကူးယူဖော်ပြပါသည်။

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) digg:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) spurl:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) wists:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) simpy:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) newsvine:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) blinklist:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) furl:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) reddit:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) fark:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) blogmarks:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) Y!:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်) smarking:“ဆရာဝန်က အပ်နဲ့ထိုးတော့” - ဆရာ စိုးမင်း (ငွေစန်းရောင်)

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter