Myanmar Blog » Articles, Notes » “ဗြူရိုကရက် မောင်စံဖား” – ဆရာစိုးမင်း (ငွေစန်းရောင်)

“ဗြူရိုကရက် မောင်စံဖား” – ဆရာစိုးမင်း (ငွေစန်းရောင်)

    Married Myanmar GP in UK jailed for sexual assault

    This news shocked us all.  It’s a lesson for everyone, do not

    shwedarling.com/blog

    Happy New Year Message from Amay Suu

    ~ဒေါ်အောင်ဆန်းစုကြည်ရဲ့နူတ်ခွန်းဆက် စကားအပြည့်အစုံ ~~~ နှစ်သစ်ကူးမှာ လက်ဆောင်ပဏ္ဍာတွေပေးကျတဲ့သူတွေရှိပါတယ် အဲ့တော့ကျမတို့အခု ၂၀၁၆ခုနှစ်နှစ်သစ်ကူးကာလမှာကျမတို့ပြည်သူပြည်သားတွေက ကျမတို့ပြည်ထောင်စုအတွက် ဘာများမင်္ဂလာနှစ်သစ်ကူးလက်ဆောင်တွေယူလာခဲ့ကျမလဲဆိုတာကို တစ်ယောက်ချင်းတစ်ယောက်ချင်း စဉ်းစားစေချင်ပါတယ် ။ ဒါပေးရမယ့်နှစ်ပါ

    shwedarling.com/blog

    Myanmar Commercial: Triple 3 with Wut Hmone Shwe Yee

    Wutt Hmone Shwe Yi Nann Myat Phyo Thinn Nwe Darli Htun Graphics: HAK ARTWORKS

    shwedarling.com/blog

    Myanmar Actor’s Khant Si Thu’s Birthday

    Myanmar Actor’s Khant Si Thu had an unplanned birthday dinner last week

    shwedarling.com/blog

ငယ်ငယ်က စာကျက်ရင်းနဲ့ ကုလားထိုင်ပေါ်နောက်မှီပြီး ရှေ့ကစားပွဲပေါ်ခြေနှစ်ဖက် ကြက်ခြေတ်တင်ထားမိရင် မွေးသဖခင်က ဇက်ပိုးအုပ်ပြီး ကောင်းချီးပေးပါတယ်။ “သည်ကောင် ကြီးလာရင် ဗြူရိုကရက်ဖြစ်မယ့်အကောင်” တဲ့။ ဗြူရိုကရက်ဆိုတာ စားပွဲကုလားထိုင်နဲ့ ဘယ်သူ့မှ လူမထင်ပဲ ထင်ရာလုပ်တဲ့ အစားမျိုး လို့ အကြမ်းဖျင်း နားလည်ထားလိုက်မိပါတယ်။ ပြင်သစ်စာသင်တော့ နားလည်လာတာက ဗြူရိုဆိုတာ အလုပ်စားပွဲ၊ ရုံးခန်းကိုပြောတာ။ ဌာန လို့လည်း အဓိပ္ပါယ်ရတယ်။ လူလားမမြောက်တမြောက်မှာ ဖတ်ခဲ့ရတဲ့ ဆိုရှယ်လစ် စာတိုပေစတွေအရ ဗြူရိုကရက်လို့ ပြောရင် ကိုလိုနီလက်ကိုင်တုတ် အုပ်ချုပ်ရေးယန္တရားကလူတွေ လို့ မြင်လာစေတယ်။ နယ်ပိုင်ဝန်ထောက် မောင်လူအေးကလေး ကာကီဘောင်းဘီတိုဝတ်၊ တုတ်ကောက်ကလေးတစ်ချောင်းနဲ့ ဧရာဝတီမြစ်ရိုးတလျှောက် လမ်းလျှောက်ထွက်တယ် ဆိုတော့ “အဲဒါ ဗြူရိုကရက်ပေါ့။” လို့ မျက်စိထဲတောင် မြင်ယောင်လာသေး။ ၁၀၉/၁၁၀ တွေ သူလာလို့ ထွက်ပြေးကြတယ်ဆိုတော့ “သူတို့ခေတ်တုန်းက ထွေ/အုပ် အရာရှိတွေများ ပါဝါရှိလိုက်လေကွာ။” လို့ အားကျမိပါရဲ့။ ရွှေတိဂုံဘုရားစောင်းတန်းက အလှူ့ဒကာကြီးတွေ နံမယ်ကိုဖတ်လိုက်ရင်တောင် စေးစေးပိုင်ပိုင်နဲ့ ပါးစပ်အရသာရှိနေတယ်။ အရေးပိုင်မင်း၊ ၀တ်လုံတော်ရမင်း၊ အင်စပက်တော်မင်း၊ အတွင်းဝန်မင်းတဲ့။ သာမာန်လူတွေက ဘုန်းကြီးမဟုတ် ဘာမဟုတ် ဘုရားထူး၊ သခင်ခေါ်ရတဲ့အစားတွေပေါ့။ အဲဒါကြီး မကျေနပ်လွန်းလို့ တို့ဗမာအစည်းအရုံးက လူငယ်တွေ သခင်ဘွဲ့ခံလာကြတာလေ။ ဒီလိုဆိုတော့ ဗြူရိုကရက်ဆိုတာ လုပ်ပိုင်ခွင့်အာဏာကို အကြောင်းပြုပြီး လူလူချင်း အညွန့်ခူးစားတဲ့ အစားမျိုး၊ အလုပ်နေရာနဲ့ အောက်ကမြှင့်ထားပြီး သူများအပေါ် လုံးကြီးတင်ရုံတင် မဟုတ်၊ ၀တ်ဆံပါခတ်ကြတဲ့သူတွေ လို့ နားလည်လာပါတယ်။

ကိုယ့်ဆရာသမားများကလည်း ကာဠုဒါယီအမတ်ကလေးကို ဗကဘိုးဘိုးကြီးပြောသလို “မင့်နှယ် ရာထူးလေးရှိ ဆောင့်ကြွားဆောင့်ကြွားနဲ့” လို့ ပြောချင်စရာ။ ကိုလိုနီခေတ်မြန်မာပြည်မှာ ဘွဲ့ရပညာတတ်တွေ ဘာဖြစ်လို့ တန်ခိုးထွားရသလဲဆိုတော့ သူတို့ ဘွဲ့လက်မှတ်ကလေးပြပြီး အလုပ်ဝင်ရင် ဗြူရိုကရက်ဖြစ်ဖို့ အသေချာဆုံး လမ်းစမို့လို့ပါ။ မျိုးချစ်စိတ်ရှိပြီး အသိအမြင်နိုးကြားလာတဲ့ မြန်မာလူငယ်တွေကတော့ ကျွန်ပညာရေးစံနစ်ကနေ အမျိုးသားချင်းဖိနှိပ်မယ့် ဗြူရိုကရက်တွေ ထွက်လာတာ မကြိုက်ကြဘူး။ ဒါပေမယ့် ရှင်ဘုရင်ခေတ်တုန်းကလို အဋ္ဌာရဿ ၁၈ ရပ် ဘယ်ကျောင်းမှ မတက်ရပဲ အထူးအောင်တဲ့ မင်းညီမင်းသားများက မနုကျဉ်း မနုကျယ်တွေနဲ့ လိုချင်သလိုအတိုးအလျှော့လုပ်ပြီး အုပ်ချုပ်တာထက်စာရင်တော့ တော်သေးသပေါ့ လို့ ဆိုရတော့မလို။ (တော်သေးရဲ့ဗျာ။ အဲ့တုန်းက ဆေး/မန်းကြီး မပေါ်သေးလို့။ နို့မို့ ရင်သွေးတော်တွေ ခေါ်ချိန်မပြည့်ရင် မိုးမီးလောင်မှာ)

သူတို့ခေတ်တုန်းကတော့ အရစ္စတိုကရက် လို့ ခေါ်ရမှာပေါ့လေ။ မင်း မိဖုရား အမှူးထားပြီး ၀န်တွေ အမတ်တွေ၊ မင်းဆွေမင်းမျိုးတွေ ညီလာခံမှာ တိုင်ပင်ပြီး အုပ်ချုပ်ကြတာ မဟုတ်လား။ ဘုရင်က ဥာဏ်ကြီးရင် ဘုရင်သာပြီး မူးမတ်တွေ ဥာဏ်ကြီးရင် အလိမ္မာနဲ့ ဘုရင်ကို လိုသလိုထိန်းချုပ်နိုင်စွမ်းရှိတယ်။ အဆံတွေဥာဏ်တွေ မရှိပဲ ဟန်တွေမာန်တွေသက်သက်နဲ့ ကြုံရင်တော့ စုဖုရားကို စစ်မတိုက်ဖို့တားတဲ့ ကင်းဝန်ဘိုးဘိုးလို ကျောက်ပျဉ်နဲ့ချိတ်ထမီ ဆုတော်လာဘ်တော်ရတတ်သတဲ့။ သူတို့ခေတ်က၀န်တွေကို လျှော့တော့ မတွက်လေနဲ့ဆရာ။ ဥတုဘောဉ္ဖနသင်္ဂဟကျမ်းရေးတဲ့ ဦးဘိုးလှိုင်ဟာ ကြေးနန်းရိုက်တဲ့ အတတ်လည်း တဘက်ကမ်းခတ်တယ်။ အတုမရှိကျောင်းကြီးလည်း သူဆောက်ထားတာ။ ခုခေတ်လိုဖြင့် ကျန်းမာရေးဝန်ကြီးခန့်မလား။ ဆောက်လုပ်ရေးဝန်ကြီးခန့်မလား။ ဆက်သွယ်ရေးဝန်ကြီးခန့်မလား။ သုံးခုစလုံးတပြိုင်နက် ခန့်ချင်သေးလား။ စမ်းချင်ရာစမ်း မောင်ဘဂျမ်းပဲ။ မဟာဒါန်ဝန်ခန့်မယ်ကြားလို့ အိမ်တော်သားတွေ ဆန္ဒဖော်ထုတ်ခိုင်းရတဲ့ အစားမျိုး မဟုတ်ဘူး။

မြန်မာ့ဦးစွန်းတွေ ပျောက်သွားတဲ့အခါကျတော့ သူတို့အနောက်နိုင်ငံကပါလာတဲ့သူများက ကိုယ့်မြန်မာအမျိုးသားထဲက ပညာတတ်လူငယ်တွေကို လုပ်ငန်းသဘော သင်ပြလက်တွဲရင်း သူတို့အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းရတယ်။ ရခိုင်နဲ့တနင်္သာရီကို သိမ်းပြီးကတည်းက ဒေါက်တာရှောလူးတို့၊ ဦးရဲကျော်သူတို့လို အင်္ဂလိပ်စာပညာတတ်တွေ ထွက်လာပြီ။ နောက်ပိတ်ဆုံး လွတ်လပ်ရေးရဖို့ကြိုးစားခဲ့တဲ့ ဖေ-ပု-ရှိန်တို့။ ဦးမေအောင်တို့၊ ဒေါက်တာဘမော်တို့တောင်မှ အင်္ဂလိပ်ပညာရေးစံနစ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က အသီးအပွင့်တွေ။ ဆိုလိုတာက အရစ္စတိုကရက်ကနေ ဗြူရိုကရက်ကို ကူးပြောင်းလာတဲ့အခါ မရှိမဖြစ် လိုအပ်တဲ့ အခြေခံ အရည်အချင်းကတော့ ပညာရေးပဲ ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်ချင် ဆေးကျောင်းတက်ရမယ်။ တောအုပ်လုပ်ချင် သစ်တောကျောင်းတက်ရမယ်။ ပုလိပ်လုပ်ချင် ဆပ်ကျောင်းတက်၊ စစ်ဗိုလ်လုပ်ချင်တောင် ဗိုလ်သင်တန်းမတက်ပဲ မဖြစ်ဘူး။ အဖေ့နေရာ သားဆက်ခံတဲ့ စံနစ်ကနေ ပညာရှင်တစ်ယောက်လွန်ရင် နောက်ပညာရှင်တစ်ယောက်ကို လွှဲပြောင်းပေးရတဲ့စံနစ်အဖြစ်ကို ပြောင်းလာတယ်။

ဘာကွာသွားသလဲဆိုတော့ လူကလူသပ်သပ်၊ ကုလားထိုင်က ကုလားထိုင်သပ်သပ် ဖြစ်သွားတာပေါ့။ ဘာကမကွာဘူးလဲဆိုရင်တော့ ကုလားထိုင်ပေါ်ရောက်ရင် ကုလားထိုင်မူးမူးတဲ့ ဥာဉ်ကလေးကတော့ အရစ္စတိုကရက်လည်း သည်အတိုင်းပဲ။ ဗြူရိုကရက်လည်း အလားတူပဲ။ သိပ်မထူးပါဘူး။ ခက်တာက အခုခေတ် ဒီမိုကရက်ဆိုတဲ့သူတွေထိအောင်လည်း အဲဒီပေါ်ရောက်ရင် ယစ်မူးတဲ့ဒဏ်ကို မခံနိုင်သေးဘူး။ ဘိုတွေတုန်းကတော့ ကုလားအလုပ်သမားတွေက မျက်နှာကြက်မှာ ယပ်တောင်ကြီး ကြိုးနဲ့လွှဲပေးလို့ ယပ်မူးမူးတယ်။ မဆလခေတ်ရောက်တော့ ပန်ကာမူးမူးတာပေါ့။ သည်ကနေ့ကျ အဲယားကွန်းမူးမူးတာနေမယ်။ မူးလည်းမူးချင်စရာကွယ်။ ၀င်ဒါမီယာ၊ အင်းလျားလမ်းက ခြံတွေမြေတွေမှန်သမျှ အဲသည်ခေတ်က ဗြူရိုကရက်ကြီးတွေဈေးပေါပေါနဲ့ ၀ယ်ထားခဲ့တာတွေချည့်ပဲ။ သားမြေးများလက်ထက်ထိအောင် လက်ငုတ်မပျက် အခြေမပျက် နေနိုင်တယ်။ ဒီနေရာမှာလည်း ကွာသွားတာတစ်ခုရှိပြန်တယ်။ ရှေးကဗြူရိုကရက်များဟာ ခုခေတ်လူကြီးတွေလို ကျင့်ဝတ်တွေ၊ သိက္ခာတွေကို နံမယ်ပျက်ခံပြီး တိတ်တိတ်ပုန်းရောင်းစားစရာ မလိုဘူး။ အိနြေ္ဒမပျက် တင့်တောင့်တင့်တယ် နေနိုင်တယ်။ (ခုလူတွေလည်း နံမယ်သာ ပျက်ချင်ပျက်တာ အိနြေ္ဒတော့ မပျက်ကြပါဘူး)။

ခမည်းတော်ဘုရား မိန့်မှာကြားခဲ့သလို မောင်စံဖားကလေး ဗြူရိုမကရက်တကရက် ဖြစ်လာတာကတော့ အမ်းကိုရောက်မှပါ။ အဲသည်မတိုင်ခင်က အထူးကုလက်ထောက်ဆရာဝန်ပဲ ရှိသေးတာကိုး။ အလုပ်ဝင်ဝင်ချင်း ပြန်တမ်းဝင်အရာရှိတန်းဖြစ်တယ်ဆိုပေမယ့် လုပ်ငန်းသဘောအရ လက်ထောက်ဆရာဝန်ဆိုတာ ဆရာဝန်ဘ၀မှာ အောက်ခြေသိမ်း ပျားပျားဝပ်လုပ်ခဲ့ရတဲ့ အလုပ်သင်တပိုင်းမို့လို့ ဘယ်လက်ထောက်ဆရာဝန်မှ ဗြူရိုကရက်ဆန်ဆန် ဟန်တလုံးပန်တလုံး မရှိနိုင်ပါဘူး။ အမ်းမှာတော့ အထူးကုဆရာဝန်ဆိုပြီး ရေချိုးခန်းအိမ်သာတွဲလျက် ရုံးခန်းကြီးတစ်ခန်းပေးထားတော့ အဲ့တော့မှပဲ သူတို့ပြောတဲ့ ဗြူရိုဆိုတာကြီးနဲ့ စတိုင်မလိုင်ထုတ်ရတော့မှာပေါ့။ သို့သော်ငြားလည်း ညီလာခံဝင်ရင် ပလ္လင်တစ်ခုတည်းနဲ့ ဖြစ်တာမှမဟုတ်ပဲ။ မူးကြီးမတ်ရာမပါပဲ တစ်ကိုယ်တော် ထင်တိုင်းကြဲနေလို့ကတော့ ခေါင်းပေါင်းပေါ် ယပ်တောင်စိုက်ထားတဲ့ သိဝိမင်းကြီးဇာတ်ပဲ ကလို့ရမယ်။ အထက်အရာရှိကြီးလုပ်ပြီး စီမံခန့်ခွဲစရာ လက်ထောက်ဆရာဝန်မှ လုံလုံလောက်လောက်မရှိပဲနဲ့ဟာ။ ဆရာလည်းကိုယ်ပဲ၊ တပည့်လည်းကိုယ်ပဲ၊ မင်းစေပြာတာလည်း ကိုယ့်ဟာကိုယ်ပဲ လုပ်ရတဲ့အခါ ရုံးခန်းတွင်းက စီစဉ်ညွှန်ကြားလို့ အလုပ်မဖြစ်တော့ဘူး။ ဆရာမတွေအလုပ်လုပ်တဲ့ လူနာဆောင်ထဲက စားပွဲမှာ၊ အရေးပေါ်နဲ့ ပြင်ပလူနာဌာနက လူနာကြည့်တဲ့စားပွဲမှာပဲ တမိုးလုံးဖျောက်ဆိပ် ထွက်ထွက်လုပ်ရတာမို့ နောက်ဆုံးတော့ အဲဒီရုံးခန်းကြီးကို လူနာက သီးသန့်ခန်းလိုချင်တယ်ဆို ပေးလိုက်ဖို့ လွှဲအပ်လိုက်တော့တယ်။

အခုရန်ကုန်ရောက်တော့ ရုံးခန်းထိုင်စရာ သုံးတောင်မပြည့်တပြည့် ခန်းသာလယ်ကလေးတစ်ခု အပိုင်စားရတဲ့အခါ ဆေးရုံက ကလေးတွေရော၊ ဆေးကုမ္ပဏီက သမီးငယ်လေးတွေရော “ဆရာ ၀င်ခွင့်ပြုပါ။” နဲ့ လက်ညှိုးလေးထောင်ထောင် ၀င်လာကြတော့ “အလို ငါတောင် ဗြူရိုကရက်စပြုလာပါပေါ့လား။” လို့ သတိထားမိလာတယ်။ ထမင်းစားရင် ၀ဒ်ထဲက အလုပ်သမားက ဖွန်းလေး ပန်းကန်လေးနဲ့ ပြင်ကျွေးတယ်။ ကိုယ့်ဘာသာ ဆေးစရာမလိုတော့ဘူး။ အဲယားကွန်းခန်းကလေးနဲ့ လက်ဆောင်ရထားတဲ့ ဂလက်ဆီနုတ်ကလေး ထိုင်ပွတ်နေလို့ ရလာပြီ။ အဲလိုဆိုတော့ အမ်းမှာတုန်းကလို ဘောင်းဘီစက၊ ကိုယ်ကြပ်တီရှပ်ကလေးတွေနဲ့ ဆေးရုံပေါ်တက်လို့ မသင့်တော်တော့ဘူးဆို ပဲထုတ်၊ ရုပ်တင် လုပ်လာရတော့တယ်။ တော်တော်ကြာ ဆရာစိုးမင်းဆိုတဲ့လူကြီးက စာထဲမှာသာ ကြပ်မပြည့်တာ မဟုတ်ဘူး။ အပြင်မှာလည်း ပေါတောတောနဲ့ရယ် လို့ အပြောမခံနိုင်ဘူးလေ။ လူစိမ်းတွေ အလယ်မှာ မဟုတ်လား။ တနေ့တနေ့ ရုပ်ကြီးကို တည်တည်ထားရတာ ညောင်းတောင်ညောင်းတယ်။

ကဲ ကြည့်။ သူများ မပြောပါနဲ့လေ။ အခုမှ ကုလားထိုင်ပေါ်စထိုင်ဖူးတဲ့ ကိုယ့်လိုအကောင်တောင်မှ ကုလားထိုင်က ကြမ်းပိုးကိုက်သလို ရွစိရွစိ ဖြစ်လာတာ တွေ့တယ် မဟုတ်လား။ ရာဇဌာနီ မင်းနေပြည်ကြီးက ထွက်တော်မူကြီး ၀င်တော်မူကြီးတွေနဲ့ တစ်ရုံးတည်းထိုင် အလုပ်လုပ်နေကြရတဲ့ ကိုယ့်ဆရာသမားတွေ ဘယ်လိုနေမယ် တွေးကြည့်စမ်းပါဘိ။ အမင်းမင်းခယ စိုးရာစဉ် သောင်းမြေပြင်ဆိုတဲ့ မြို့တော်သစ်ကြီးကို ဘာကိစ္စလေးရှိလိုက်ရှိလိုက် ဖ၀ါးခြေခိုက် ဦးတိုက်ခစားရတာ ဓမ္မတာတောင် ဖြစ်နေပြီ။ ဟိုးအရင်တုန်းကတော့ အဲသည်နေရာကြီးကို ကြပ်ပြေးလို့ ခေါ်သတဲ့။ ကြပ်ဆိုတာ နာနာဘာဝ ၀ိနာဘာဝတွေ စုကာဝေးကာ ပွဲလမ်းသဘင် ဆင်ယင်ပျော်ပါးရာ အရပ်ကို ခေါ်တာလေ။ ပွဲဈေးတန်းကြီး ထိန်ထိန်ညီးနေအောင် စည်စည်ကားကား ညတုန်းက၀င်နွှဲမိတာ မနက်လည်းလင်းရော လွင်တီးခေါင်မှာ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေတော့မှ ညကပွဲခင်းထဲမှာ တွေ့ခဲ့တာ လူတွေ မဟုတ်ဘူး။ ကြပ်တွေပဲ လို့ သိလိုက်ရတယ် ဆိုတဲ့ ပုံပြင်တွေ ကြားဖူးသလား။ အခုလည်း သိပ်တော့ မထူးပါဘူး။ သူတို့ဆီက လူနေရပ်ကွက်ဆိုင်ခန်းတွေဟာ ညမှောင်တော့မှ စည်စည်ကားကား ရုပ်ရုပ်သည်းသည်းရှိတာ။ မိုးလင်းတာနဲ့ ရုံးကားတွေပေါ်တက်၊ အလုပ်ဆင်းကြတော့ တိတ်ဆိတ်ခြောက်ကပ်သွားရော။

ရုံးကိုကားရောက်တာနဲ့ သူသူကိုယ်ကိုယ် အပိုင်စားရတဲ့ စားပွဲလေးတစ်လုံးစီရှိတဲ့နေရာ အရောက်သွားလို့ အိတ်ကလေး၊ ခြင်းထောင်းကလေးချပြီးရင် တစ်နေ့တာ လုပ်ငန်းစဉ်ကြီး လည်ပတ်ရဦးမယ်လေ။ အရေးကြီးတာက အရင်စ။ ဘောစိရောက်ပလား။ ဘာမှာထားသလဲ။ သူဒီနေ့ ဘာလုပ်မှာလဲ။ အဲဒါ အရေးကြီးတယ်။ ကိုယ့်တစ်နေ့တာက သူ့တစ်နေ့တာနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဆွဲရမှာ။ အဲဒီမီးကလေး စိမ်းနေဖို့ပဲလိုတယ်။ စိမ်းပြီလား။ လာ ပေပေ့ရေဂျိုင်ဆင်းရအောင်။ အိမ်မှာ ဘရိတ်ဖတ် မဆွဲခဲ့ရသေးဘူး။ ဒီကနေ့အလုပ်တွေကို ၀မ်းတီးတူးကော်နဲ့ စကြမယ်။ ဒါပြီးရင် ဆက်လုပ်ရမှာက အကြွေးအရင်ဆပ်ဖို့။ ဘောစိခိုင်းထားတာ ဘာရှိသလဲ စဉ်းစား။ မလုပ်ရသေးတာ မပြီးသေးတာဆို မေးလာရင် ပြောဖို့ ဆင်ခြေလေးပါ ကြိုစဉ်းစားထား။ ဟိုကဟိတ်ဆိုရင် ကိုယ့်ဆီမှာ တိတ်ပြီးသား ဖြစ်ရမယ်။ မဟုတ်ရင် အဆိပ်ခံရတော့မှာ။ အန်တီကြီးတွေကတော့ အဲဒီအချိန်ဆို သူတို့ရဲ့ မပြီးသေးသော ပန်းချီကားများကို ဆက်တယ်။ ပဌာန်းရွတ်တာတို့၊ ဘုရားပန်းလဲတာတို့၊ ရှင်သီဝလိလာဘ်ခေါ်ဂါထာရွတ်တာတို့ နေ့စဉ်အဓိဋ္ဌာန်တွေကို ၀တ်မပျက်အောင် ဆောင်ရွက်တယ်။ မမလေးတို့က ကရင်ပတ်ရိုက် နှုတ်ခမ်းနီလစ်ဂလော့စ်တင်တဲ့အချိန်။ သူတို့အချင်းချင်း မနေ့ညက စတေးတပ်စ်တွေကို အပ်ဒိတ်လုပ်ကြတဲ့အချိန်။ ဒါပြီးရင်လုပ်မှာက တစ်ယောက်ကိုတစ်ယောက် ဘာတွေဝတ်လာသလဲ အကဲခပ်ရမှာ။ ထူးထူးခြားခြား ၀တ်လာလျက်နဲ့မှ “ဟယ် ဒါလေးက လှလိုက်တာနော်။” လို့ တစ်ခွန်းမှ မပြောရင် အားကြီးရိုင်းတယ်။ လူမှုရေး မသိတတ်ဘူး။ လုပ်ဖော်ကိုင်ဘက်ချင်းဆိုတာ ဂရုစိုက်ရတယ်။ ဆံပင်လေး ပြောင်းဆိုးလာတာ။ လက်သည်းလေး ပန်းဖော်လာတာကအစ ကြည့်စေချင် ပြောစေချင် အသိအမှတ်ပြုတာ ခံချင်လို့ပဲဟာ။

ရုံးဌာနဆိုတာ ကိုယ့်ချည့်ပဲ အလုပ်လုပ်လို့ရတာ မဟုတ်ဘူး။ တအောင့်နေရင် အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေလာတော့မယ်။ မင်းနေပြည်ကလူတွေ ဖူတယ်လို့ အပြောမခံနိုင်ဘူး။ လာတဲ့ဧည့်သည်ထဲမှာ ကိုယ့်မိတ်ဆွေသူ့မိတ်ဆွေတွေပါလာရင် ကူညီဧည့်ခံရဦးမယ်။ (မောင်စံဖားကလေးလို အော်ချက်တွေလာရင်တော့ လုံအောင်ထိုင်တော်ရေ့။ သူတင်လိုက်ရင် လူငါးထောင်မြင်ကုန်မှာ) ဒါပေမယ့် သူတို့က ကိုယ့်ဆီ တကူးတက မလာပါဘူး။ ဘဘကြီး ဘဘလေး၊ မမကြီး မမလေးတွေဆီ အခစားဝင်ဖို့လာတာ။ ဒီတော့ ယနေ့သိသင့်သိထိုက်သည်များထဲမှာ ဆင်နားရွက်တံခါးလေးနဲ့လူတွေ ဘယ်သူရှိတယ်၊ ဘယ်သူမရှိဘူး။ ဘယ်အချိန်မှာ ဘယ်အစည်းအဝေး၊ ဘယ်တော့ ပြန်လာမယ် အပ်ဒိတ်လုပ်ထားလိုက်ပါဦး။ ဘယ်အချိန်လောက် ဘယ်နေရာမှာစောင့် လို့ နတ်လမ်းညွှန်ပြီးရင် ထမင်းစားဆင်းကြရအောင်။ ကင်တင်းမဆင်းချင် အခန်းထဲတင် စားပွဲတစ်ဝိုင်းမှာ စုလိုက်လို့ရတယ်။ အရေးကြီးတာက ဘောစိကို “အာစိ ထမင်းချားတော့မား” လို့ မေးဖို့၊ မျက်နှာကြီးရာ ဟင်းဖတ်ကလေးတွေ ဦးချခဲ့ဖို့၊ ရေကြည်တော်ဝတ်ကလေး မပျက်စေဖို့။

လူတွေက မင်းပါးခစား ကမ်းနားသစ်ပင်လို့သာပြောတာ။ မင်းနားစိုးပေါက် မနေချင်တဲ့သူ ဘယ်သူရှိသလဲ ပြော။ အရေးကြီးတာက အထာသိဖို့ပဲ လိုတယ်။ အထာသိရင် မြွေပွေးတောင် ခေါင်းကနေ ကိုင်ထားလို့ရသလေ။ ရုံးပြင်ကန္နား ဆိုတာ တကယ်တော့ နတ်ကန္နားနဲ့ သိပ်ထူးလှတာ မဟုတ်ဘူး။ နတ်တိုင်းနတ်တိုင်း သူ့ဆိုင်းနဲ့သူ တီးရတယ်။ အရှင်ကြီး အရှင်ကောင်းတို့ အကြိုက်ကိုဆောင်နိုင်ရင် အချောင်လည်းနှိုက်လို့ရတယ်။ အရိပ်အကဲသာ မျက်ခြေမပြတ်စေနဲ့။ အဲလိုဆိုတော့ ရာဇဌာနီ မင်းနေပြည်ကသူတွေအဖို့ တို့အရေးကြီးက တစ်ပါးတည်းရှိတယ်။ မင်းလိုလိုက် မင်းကြိုက်သာခစား။ သစ္စာထားချင် ကုလားထိုင်ကိုထား။ သည်လူသွားရင် နောက်လူကို ဆက် ဘုရားထူးရမှာ။ နေ့စဉ်တာဝန်ဝတ္တရား လုပ်ငန်းစဉ်များဆိုတာ စာအုပ်ထဲမှာ သင်တယ်။ မယ်သီတာခိုးတာ ဘယ်သူလဲ။ သိချင် ၀ယ်ဖတ် တစ်အုပ်တစ်ကျပ်။ လူကြီးခေါ်တဲ့အချိန်မှာ အချိန်မရွေး အသင့်ရှိရမယ်။ လူကြီးခိုင်းလိုက်ရင် ချက်ချင်းထလုပ်နိုင်ရမယ်။ အလယ်ကလူတွေအတွက် အထက်ကိုတင်ပြ၊ အောက်ခြေပြန်ခိုင်း၊ ပြီးမပြီးလိုက်ကြည့်၊ အထက်ပြန် အစီရင်ခံ။ အဲဒါ အရေးကုန်ပဲ။ ခလုပ်အဖွင့်အပိတ်က အပေါ်မှာပဲ ရှိတယ်။ ကိုယ်ကလျှပ်ကူးပစ္စည်းအဖြစ်ပဲ အသုံးဝင်တယ်။ အလကားနေရင်း သခွပ်ပင်က မီးတကျည်ကျည် ထမတောက်ချင်နဲ့။ အဲဒါ ရှော့ခ်ရှိတယ် လို့ မှတ်။ အရင်တုန်းကလို ကြိုးနီစံနစ် (Red Tape System) မဟုတ်တော့ဘူး။ ဓါတ်ကြိုးစံနစ် (Wire System) တော့ ဖြစ်လာပြီ။ တစ်ခုပဲ မီးမလာရင် ဘာမှ အလုပ်မလုပ်တော့ဘူး။ ပါဝါဆပ်ပလိုင်းက အပေါ်မှာ။

တကယ်တော့ လူကြီးတွေကို ကုလားထိုင်ရစ်မူးအောင် လုပ်တာလည်း အဲဒီအောက်ကလူတွေပါပဲ။ ဘုန်းကြီးရဟန်းတောင် ဘတ်စကားပေါ်နေရာဖယ်ပေးတာ မဟုတ်ဘူး။ လူကြီးကျတော့ ခါးကျိုးမတတ်ညွှတ်ထားတာ။ အထက်က ဘာမှ မဖိရသေးဘူး။ အောက်က ပြားပြားဝပ်တာ အသားသေနေပြီ။ ဘွဲ့လွန်တက်တုန်းက ကိုယ်တို့ဘောစိကြီးတစ်ယောက်ဟာ ညနေရုံးဆင်းလေ့မရှိဘူး။ ညခုနှစ်နာရီထိုးမှ သူ့မမလေးက ကားနဲ့လာကြိုရင် ဆေးခန်းကို ကူးတယ်။ သူကဘာမှ မပြောပါဘူး။ သူ့ဘာသူ သွားဟယ်လာဟယ် လမ်းမှာ အချိန်ကုန်လို့ အချိန်၊ လူ၊ ဆီ၊ အလဟဿမဖြစ်ရအောင် စီမံတာ။ သို့သော်လည်း ကိုယ်တို့လူမျိုးတွေ အိုဗာတင်းကြိုက်ပုံကိုလည်း သိတယ် မဟုတ်လား။ “ဆြာကြီးတောင် မပြန်ပဲနေသေးတာ။ တို့လည်း သူ့ထက်အရင် ရုံးဆင်းစရာလား။” ဆိုပြီး ဘယ်သူမှ မပြန်ကြဘူး။ ဘောစိကားလာမှ အထုပ်ကလေးတွေကားဆီလိုက်ပို့ပြီး “ဆြာကြီး တာ့တာ။” လုပ်ပြီးမှ လိုရာကြွမြန်းတော်မူကြတယ်။ အဲဒီတစ်ညနေခင်းလုံး ၀ဒ်ထဲမှာ အလုပ်လုပ်နေတာတော့ မဟုတ်ပေါင်ဗျာ။ ကုလားကားကြည့်၊ ဂျာနယ်ဖတ်၊ အရေမရအဖတ်မရပြောလို့ အချိန်ကုန်အောင် စောင့်ကြတယ်။ နေနိုင်ကြတာကို ချီးကျူးပါတယ်။ ဒါပေသိ ပညာတတ်ဆရာဝန်တွေရဲ့ အချိန်တွေ အလဟဿဖြစ်ကုန်တာတော့ နှမြောမိတယ်။ တကယ်တော့ ဘောစိက အဲလိုနေရမယ်လို့ လုံးဝခိုင်းတာ မဟုတ်ဘူး။ သိုးမည်းတစ်ကောင်ဆိုလို့ ကိုယ်ပဲ ရှိသလား မပြောတတ်ဘူး။ ကိုယ်ကတော့ အလုပ်ရှိရင် မိုးအလင်းလုပ်ရလုပ်ရ။ ငုတ်တုတ်တော့ ထိုင်မစောင့်ချင်ဘူး။ ညနေပိုင်း ပြင်သစ်ကျောင်းမသွားရရင်တောင် အဲဒီအချိန် သမီးကို ထမင်းခွံ့တယ်။ သူနဲ့ ကစားတယ်။ စိတ်ဆိုးလည်း ဆရာကြီးရဲ့ ကျေးဇူးကို နောင်ဘ၀ကျမှ ဆပ်ပါတော့မယ် ရှီးဖောရယ်။ ဒါပေမယ့် ဆရာကြီးက လုံးဝ စိတ်မဆိုးခဲ့ဘူးဗျ။ ကိုယ့်ထက်ဆရာကျလို့ ဆရာကြီးဖြစ်နေမှပဲဟာ ဘယ်သူတွေသူ့ကို စိတ်ထဲက လေးစားတယ် ဘယ်သူတွေ ရှေ့တင်ဟန်ဆောင်တယ် မသိပဲနေပါ့မလား။ (အင်း နေရင်းထိုင်ရင်း အနှောင့်မလွတ်အသွားမလွတ်တွေရေးပြီး မြို့မေတ္တာတော့ ခံယူလိုက်မိပြန်ပြီ)။ “တို့သိပါတယ် မောင်စံဖားရယ်။ အဆုံးသတ်တော့ နင်ပဲ အကောင်း သူများတွေ ဘယ်သူမှ မကောင်း။ ဒီဘူတာပဲ ဆိုက်ပြန်တာ မဟုတ်လား။” လို့ မပြေးသော် ကန်ရာရှိကလည်း ဖြစ်ဦးမယ်။

ရေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗြူရိုကရက်စရိုက်ဆိုတာ ဘယ်လိုဖြစ်လာသလဲ သတိထားမိစေချင်လို့ပါ။ အထူးသဖြင့် ကိုယ့်ဘေးနားမှာ အရည်အချင်းမမီပဲ ပျပ်ဝပ်ကျိုးနွံ၊ သစ္စာရှိမှုတစ်ခုတည်းနဲ့ တိုးမပေါက်အောင် ၀န်းရံခစားလာပြီဆိုရင် သတိထားပါ။ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့တွေ့တတ်ပါတယ်။ ဒီမိုကရေစီလို့ ပါးစပ်ကမချအော်နေပြီး ဗြူရိုကရက်အမွေဆိုးတွေကို မသိလိုက်မသိဘာသာ ဆက်ခံထားခဲ့မိရင် ကိုယ့်ရုံးခန်း အတွင်းနဲ့အပြင် ဆင်နားရွက်တစ်ခါးလေး တစ်ချပ်အကြားမှာ ပြည်သူတွေနဲ့ တကမ္ဘာစီခြားနေတဲ့သူတွေ၊ ခြားလုမတတ် အဟတ်ကွာလာတဲ့သူတွေကို ကိုယ်တွေ့မျက်မြင် ပက်ပင်းကြုံလာရတဲ့အတွက်၊ အဲဒီလူတွေထဲမှာလည်း ကိုယ်ချစ်ခင်လေးစားရတဲ့သူတွေ ပါနေတဲ့အတွက်၊ သတိတရားကလေး ချပ်စေခြင်းအကျိုးငှာ ထင်ရာမြင်ရာ တွေးမိတွေးရာကလေးမှား ဝေငှမိပါတယ်။ ဟုတ်သည်မဟုတ်သည်ကတော့ ရွှေဥာဏ့်ရှင်များ ဆင်ခြင်နိုင်ပါလိမ့်မယ် လို့ မျှော်လင့်ရပါကြောင်း။ (ဆေးရုံလာလည်ရင်တော့ တံခါးခေါက်ပြီးမှ ၀င်ကွယ်။ ဘိုသီဘတ်သီကြီးတွေ့နေပါဦးမယ်။ ခွိခွိ)။

saya soeဆရာစိုးမင်း facebook မှ ကူးယူဖော်ပြပါသည်

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us: digg: spurl: wists: simpy: newsvine: blinklist: furl: reddit: fark: blogmarks: Y!: smarking:

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter