Myanmar Blog » Articles, Notes » အမည်ပေးမထား (Nyein Chan Aye)

အမည်ပေးမထား (Nyein Chan Aye)

    Welcomed home Khar Ra

    ဟောင်ကောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် MISTER ASIA 2014 မောင်ပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးရရှိခဲ့သည့် မြန်မာနိုင်ငံမှက ဝင်ရောက်ယှဉ်ပြိုင်သူ Khar Ra (ခေါ်)

    shwedarling.com/blog

    Loon Htar Htar’s family

    Loon Htar Htar was once a very well-known Myanmar novelist. But

    shwedarling.com/blog

    မိန်းမများကို အန်စေသော ယောက်ျား

    ၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား ၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား ၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော

    shwedarling.com/blog

    Debt Management: How Deeply in Debt Are You?

    Debt Management: How Deeply in Debt Are You? By Kathy Burns-Millyard When you feel

    shwedarling.com/blog

********အမည်ပေးမထား********
saya tha
R.I.P ဆရာမောင်ဝံသ

ဒီမနက် CNN က သတင်းတိုတပုဒ် ကြည့်ရတယ်။ ကယ်လီဖိုးနီးယား က မြို့တမြို့မှာ သူခိုး တစု က သူတို့ ခိုးသွားတဲ့ ကွန်ပြူတာ တွေကို ပြန်လာထားပြီး တောင်းပန်စာလည်း ချန်ခဲ့တယ်တဲ့။ သူတို့ ခိုးခဲ့တဲ့ ရုံးက အကျိုးမြတ်မဲ့ လူမှုရေးလုပ်ငန်း အဖြစ် အမျိုးသမီးငယ်များကို အဓမ္မ သားမယားပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေကို အကာအကွယ်ပေး၊ အကူအညီပေးနေတယ်ဆိုတာ ခိုးပြီးမှ သိသွားလို့ ပြန်လာထားရင်း တခါတည်း တောင်းလည်း တောင်းပန်ခဲ့တယ်။ တောင်းပန်စာ မှာ “ကျူပ်တို့ ဘာလုပ်နေတဲ့ နေရာမှန်း (အစက) မသိခဲ့လို့ (ကွန်ပြူတာတွေကို) ယူခဲ့မိတယ်။ အခု ဒီမှာ ခင်ဗျားတို့ ပစ္စည်းတွေ (ပြန်ပေးတယ်)..။ အသက်ရှင်နေထိုင်နေတဲ့ လူသားတွေ အတွက် ခင်ဗျားတို့ အပြောင်းအလဲ တခုခု ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကျူပ်တို့ မျှော်လင့်တယ်” ဆိုပြီး ရေး တောင်းပန်ထားခဲ့တယ်။ သတင်းတို ခေါင်းစဉ်လေးကလည်း လှတယ်။ “Burglars With A Conscience” တဲ့..။

ဒီမနက်ပဲ ပြည်တွင်း က ဆရာမောင်ဝံသ နာရေး သတင်း လည်း စိတ်မကောင်းစွာ ကြားရတယ်။ အထက်မှာ ဆိုခဲ့တဲ့ CNN သတင်းကြည့်ပြီးခါစဆိုတော့ စကားလုံး တလုံး စိတ်ထဲ တီးတိုး ရေရွတ်မိတယ်။ “If God with A Conscience”…။

အမှန်ပါပဲ..။ ဘုရားသခင်သာ စာနာစိတ် ရှိခဲ့ရင် ဆရာမောင်ဝံသ ကို ဗမာပြည် အတွက် ပြန်ပေးမှာပါ။ ဒါပေမယ့် ဘုရားသခင် ဆိုတာမျိုးက (ဒိလိုကိစ္စမျိုးတွေမှာ) ဘယ်တုန်းကမှ စာနာစိတ် မထားတတ်ဘူး။ ဒါ့အပြင် အကောင်းကလည်း ကြိုက်တတ်သေးတယ်။

မွန် ရိုးရာ စကားပုံ တခု ရှိတယ်။ “ငါးပိကောင်းတော့ အကုန်မြန်” တဲ့..။ ငါးပိတွေက ကောင်းလွန်းတော့ အစားခံ ရတာ မြန်လှတယ်။

ဆရာမောင်ဝံသ အခု ဆုံးမယ့် ရောဂါ စဖြစ်တော့ စာတပုဒ် ရေးဖြစ်ခဲ့တယ်။ ဘာကြောင့် လူကောင်းတွေမှာ မကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ရသလဲဆိုတာ ရှင်းပြခဲ့တယ်။ လူကောင်းများသာ အဖြစ်ဆိုးတွေကို ကြံ့ကြံ့ခိုင်၊ အပြုသဘောဆောင် တုံ့ပြန်နိုင်စွမ်းတယ်။ ဒါကြောင့် ဘုရားသခင် ယုံကြည်သူက ဘုရားသခင်၊ ကံကြမ္မာ ယုံကြည်သူက ကံ၊ ကိုးကွယ်ယုံကြည်မှု မရှိသူက လောကကြီး ရဲ့ လှည့်ကွက်၊ ကျီစယ် မှု ဆိုပြီး ယူဆနေရတဲ့ ကိစ္စမျိုးတွေ အမြဲ မြင်တွေ့နေရတယ်။ ဆရာမောင်ဝံသ ကြံ့ကြံ့ ခံ ခဲ့ မခံ ခဲ့၊ အပြုသဘောဆောင် ရင်း ရောဂါ ကို တွန်းလှန်ခဲ့၊ မခဲ့ ဟာ အငြင်းပွား စရာ ကို မရှိပါ။ ဆရာ ရောဂါ ဝေဒနာ ခံစားနေလျက် ရေးသားခဲ့တဲ့ ဆောင်းပါးတွေက သက်သေပါပဲ။

အရင် ရေးဖူးတဲ့ စာမှာလည်း ဆိုခဲ့တယ်။ ဆရာနဲ့ နိုင်ငံရေး အမြင်တချို့ ကွဲလွဲတာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အမြဲ အနေအထိုင်မှန်၊ ရပ်တည်ချက် မှန်ခဲ့တဲ့ ဆရာ့ ကို အစဉ် တလေးတစား ဦးညွတ်၊ ဂါရဝပြု လေးစားမှု က ဘယ်တုန်းကမှ မပျက်ခဲ့ဘူး။ ကျန်တာတွေ ဖယ်ထား “အတွေးအမြင်” ကို နိုင်ငံရေး ဘဝ မုန်တိုင်း ထန်တဲ့ ကြားမှာကို မပျက် မကွက် ထုတ်ဖို့ ကြိုးစား ခဲ့တဲ့ စိတ်ဓာတ်၊ မဆုတ်မနစ် စူးနစ်မှု၊ ဇွဲ သတ္တိ၊ စာဖတ်သူ ပြည်သူ အပေါ် ထားတဲ့ စေတနာ ကို အမြဲ ရိုသေ လေးစား တန်ဖိုးထားခဲ့ရတယ်။

လူအများ ချစ်ခင်၊ လေးစားကြတဲ့ ပုဂ္ဂိုလ် တယောက် ယောက် ဆုံးပါး ရင် ဆရာကြီး တင်မိုး “မိုးမိုး (အင်းလျား) ဈာပန” မှာ ရေးခဲ့တဲ့ အမှတ်တရ ကဗျာ စာစုလေးကို ထုတ်နှုတ် ရွတ်ဆိုကြတယ်။ ဒီ စကားစုလေးက ဒေါက်တာသန်းထွန်း ရဲ့ “မ ‘အ’ အောင် သမိုင်း သင်တယ်” စကားလိုပဲ လူအများ သုံးဖန်များလွန်းလို့ အဖန်တရာ တေနေပြီ ဖြစ်တယ်။

ခု ဆရာမောင်ဝံသ အတွက်လည်း အစားထိုး မရတဲ့ ဆုံးရှုံးမှု တို့၊ ဘာတို၊ ညာတို့ စကားလုံး တန်ဆာဆင်တွေ မဆိုချင်သလို ဆရာကြီး တင်မိုး စကားစု ကိုလည်း ပြန် မကိုးကားချင်ဘူး။ ဒါပေမယ့် တိုင်းပြည်မှာ ပြည်သူတွေက ချစ်သူတွေ ဘာကြောင့် အသက်တို ရပြီး၊ မုန်းသူတွေ ဘာကြောင့် အသက် ရှည် နေရသလဲ ဆိုတာတော့ ချရေးပြချင်တယ်။

ဖယောင်းတိုင် များဟာ အလင်းပြ နိုင်ဖို့ အတွက် အလောင်ကျွမ်းခံရတယ်။ သတင်းဆရာ ဘဝ အပြင် နိုင်ငံရေး ဘဝ ပါ ရောယှက်ခဲ့တဲ့ ဆရာမောင်ဝံသ လို ပုဂ္ဂိုလ်မျိုးအတွက် ပို အလောင်ကျွမ်း မြန်တယ်။

ဗမာများဟာ ရောဂါကြီးကြီးမားမား ဖြစ်ရင် “၀ဋ်နာ၊ ကံနာ” တံဆိပ်ကပ်ချင်ကြတယ်။ အမှန်တော့ ဘာ “၀ဋ်နာ၊ ကံနာ” မှ မဟုတ်ဘူး။ လူလို မနေရတဲ့ တိုင်းပြည်မှာ လူလို အဆက်အဆံမခံရ၊ ဖန်ရင်း နာတာရှည်လာခဲ့တဲ့ အကြောင်း ရောဂါတွေပါပဲ။

အဘိဓမ္မာကျမ်း အလိုအရ “ကမ္မံ စိတ္တံ ဥတု အာဟာရောစေတိ” ဆိုတာ မှန်တယ်။ ဒီ ခန္ဓာကိုယ် ရုပ်ကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်း ကတည်းက ကံတရား က စီမံ ခဲ့တာဆိုပြီး ဘာသာ အယူဝါဒ အရ ယုံကြည်ကြတယ်။ ဒါပေမယ့် ဒီ (၄) ချက်မှာ ရှောင်လွယ်မရတာ မှန်ပေမယ့် ကံ ကိုတော့ သိပ် မတွက်ချင်မိဘူး။ ဥတု၊ အာဟာရ နဲ့ ပိုဆိုင်တယ်လို့ ယူဆတယ်။

ဥတု ဆိုတာမှာ တော၊ တောင်၊ သစ်ပင် သဘာဝ ဝန်းကျင်၊ ရာသီဥတု အပြင် နေထိုင်ရတဲ့ လူလုပ်ဝန်းကျင်ဆိုတာတွေလည်း ပါတယ်။ ကျန်းမားရေး နဲ့ ညီညွတ်၊ သန့်ရှင်း တဲ့ အနေအထိုင် ပတ်ဝန်းကျင်မျိုး ရှိခြင်း/ မရှိခြင်း က ဒီ ရုပ်ခန္ဓာကိုယ်ကြီး ကျန်းမာစေသော အကြောင်းတရား၊ သို့မဟုတ် ရောဂါရစေသော အကြောင်းတရား ကို ပို ဖန်တီးနိုင်တယ်။ ထို့အတူပဲ အစားအစာ အာဟာရ ကလည်း ဒီ ရုပ်ကြီးကို ဖန်တီးပြုပြင်တဲ့ သြဇာ ရှိတယ်။ ခန္ဓာကိုယ် ကို သြဇာဖြစ် စည်ပင် တိုးပွားစေနိုင်သလို၊ ယုတ်လျော့စေနိုင်တယ်။ ထောင်ထဲ၊ တန်းထဲ နှစ်ရှည်လများ သွားနေရသူတွေ ဘယ်လို မှ ဒီ နှစ်ခု ဥတု၊ အာဟာရ မပြည့်စုံနိုင်ဘူး။ ဆိုတော့ ရုပ်ခန္ဓာ က တကြောင်း မဟုတ် တကြောင်း၊ ရောဂါ တခု မဟုတ် တခု နဲ့ အပျက်စီး မြန်မှာပဲ။ ဒါတောင် ဒီပုဂ္ဂိုလ်တွေက စိတ် ဆိုတဲ့ အကြောင်း တချက် နဲ့ ထိန်းထား၊ ရပ်ထား၊ ကြံ့ကြံ့ခံ ထားလို့ ဒီလောက် အသက်ရှည်ခဲ့ရတာလို့ ဆိုရမယ်။

နိုင်ငံရေး အကျဉ်းသမားဟောင်းတွေကို ကြည့်ပါ။ ဆိုခဲ့တဲ့ ဥတု၊ အာဟာရ ပြုပြင်မှု (ဝါ) ချို့တဲ့မှုကြောင့်ပဲ ရောဂါကြီးကြီးမားမားတွေ ခံစားရတာ များပါတယ်။ နာမည်ကြီးထဲက ဥပမာ ပြုရရင် အခု လွှတ်တော်အမတ်မင်း ဖြစ်နေတဲ့ ဇေယျာသော် ပဲ ကြည့်ပါ။ ဘဝတခုလုံး နစ်နာ၊ သေရွာပါမယ့် ရောဂါကြီးကြီးမားမား တခု ကို စနစ်ဆိုး၊ ခေတ်ဆိုးဒဏ် နရသိန်ကြောင့် စွဲကပ်ခဲ့ရတာပါ။ ဒါတောင် လူငယ် တယောက်။ နာမည်ကြီး တယောက်။ မိဘကလည်း တတ်နိုင်လို့ အမြဲ ထောင်ဝင်စာ တွေ့ ဘာပဲဖြစ်ဖြစ် လိုအပ်တာလေးတွေ မပြည့်စုံစေဦး ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အခြေအနေ။ တခြား လူမသိ၊ သူမသိ အညတရ တွေ ဘဝ ဆိုရင် စဉ်းစားကြည့်ဖို့တောင် မဝံ့ဘူး။

တနိုင်ငံလုံး ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း၊ ကျန်းမာတဲ့ ပတ်ဝန်းကျင် အနေအထား ကိုလည်း ကြည့် ကြည့်ပါဦး။

ဆရာမောင်ဝံသ ဖြစ်တဲ့ ရောဂါမျိုး မိသားစု မှာ အနီးကပ် စောင့်ရှောက်ဖူးလိုက်တဲ့ (၂) ယောက် ဖြစ်ဖူးတယ်။ တယောက်က ဘိလပ် သွား ကု တယ်။ တယောက် က လည်း ဗမာပြည်မှာတင် ကုပေမယ့် ငွေဖို့ နိုင်၊ သမားတော်ကြီးများရဲ့ စောင့်ရှောက်မှုကောင်းတော့ (၆) လ၊ (၁) နှစ် သက်တမ်းကို (၅) နှစ်၊ (၆) ဆွဲ ဆန့် နိုင်၊ Quality of Life ကောင်းအောင် လုပ်နိုင်တယ်။ ဆရာမောင်ဝံသ လည်း စင်္ကာပူ မှာ ကုသမှု ခံယူတော့ မဆုံးခင် Quality of Life ကောင်းခဲ့မယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံခြား ဆေးကု တဲ့ ကိစ္စ အခု ထည့်ဆိုတော့ ဗမာပြည်က သက်ဆိုင်ရာ သမားတော်ကြီးများ မတတ်လို့လား လို့ မေးချင်မယ်။ မဟုတ်ပါ။ ယူကေ Trained တွေပဲ။ အများနည်းတူ၊ နိုင်ငံတကာ နည်းတူ တတ်သင့်သလောက် တတ်၊ ပညာအစွမ်းနဲ့ ကုသမှု ပေးနိုင်စွမ်းတာပေါ့။ ဒါပေမယ့် ပံ့ပိုးမှု၊ ပစ္စည်း ကိရိယာ၊ ဆေးဝါး ချို့တဲ့ (မချို့တဲ့ရင်လည်း ဈေးကြီး) တာက အဓိက ဆိုင်တယ်။

နိုင်ငံခြား၊ နိုင်ငံခြား လို့ ထည့်ပြောရင် လူတွေက အမေကျော် ဒွေးတော်လွမ်း တယ် ဆိုချင်မယ်။ ဘန်ကောက် ပဲ ထွက်ကြည့်။ သွေးကလေး ဖောက် တာက အစ ပစ္စည်း ကွာတယ်။ ဆွေမျိုး လူနာတွေကို အမြဲတမ်း စောင့်ရှောက်ဖူးတော့ သိတယ်။ ဗမာပြည် ဆေးလောက သမားများ မရှိ ရှိတဲ့ကြားက ဘယ်လို အလုပ်ဖြစ်အောင် လုပ်နေရတယ်ဆိုတာ သိတယ်။ ဘယ် စင်္ကာပူတို့၊ ထိုင်းတို့က ဆရာဝန်များ၊ ဆရာမများ ကို ဗမာပြည် မှာ ဆေးမကု ခိုင်းနဲ့ဦး။ ဆေးထိုးရဖန်များတဲ့ နာတာရှည်လူနာတွေ၊ ရောဂါကြောင့် အရေပြားတင်းမာ သွေးကြောပျောက်နေတဲ့ သူတွေကို သွေးပဲ ဖောက်ကြည့်ခိုင်း၊ အကြောဆေးပဲ ထိုးခိုင်းကြည့်။ သူတို့ ထိုင်ငိုမယ်။

ဆရာမောင်ဝံသ ဖြစ်တဲ့ ရောဂါ ကုသတဲ့ ဌာန ရန်ကုန်ဆေးရုံကြီးမှာ ဆေးပညာသည် မဟုတ်တဲ့ အခြား အသက်မွေးဝမ်းကြောင်း ပညာနဲ့ (၅) နှစ်လောက်လည်း အလုပ်လုပ်ဖူးတယ်။ နေ့စဉ် အနိဋ္ဌာရုံ တွေကို မြင်တွေ့ခဲ့ရတယ်။ အနိဋ္ဌာရုံ ဆိုတာ ရောဂါ ဝေဒနာ ခံစားနေရသူတွေကို မြင်ရလို့ မဟုတ်ဘူး။ စနစ်ဆိုး ကို ထဲထဲဝင်ဝင် မျက်မြင် ဒက်ထိ မြင်နေရလို့။

ဝေဒနာရှင်တွေ ရောဂါ သက်သာအောင် ကုသရာမှာ ကုသမှု ကုထုံး တခု အတွက် မဖြစ်မနေလို အပ်တဲ့ ပစ္စည်းတွေ က အမြဲလိုလို ပျက်နေတယ်။ လူနာ နဲ့ စက်ပစ္စည်း (အကောင်း) ဘယ်တော့မှ မလောက်ဘူး။ ကုသမှု ရက်ချိန်းက တခါတခါ (၂) ပတ်၊ (၃) ပတ် က နေ လ နဲ့ ချီ ကြာတတ်တယ်။ ရောဂါဖြစ်ရင် (ဆေး နိုင်နိုင် ကုနိုင်ရင်တောင်မှ) လပိုင်း၊ နှစ်ပိုင်း ပဲ အများဆုံး မျှော်လင့်လို့ရတဲ့ ရောဂါမျိုး အတွက် အခြေအနေကို စဉ်းစားကြပေါ့။ အဲဒီ စက်မျိုးက အနုမြူ နဲ့ ဆက်စပ်တာမျိုး ဖြစ်တဲ့အတွက် ပြည်တွင်း ပုဂ္ဂလိက ဆေးရုံတွေမှာလည်း မရှိဘူး။ စစ်ဆေးရုံမှာတော့ ပြည်သူ့ဆေးရုံ ထက် ကောင်းတဲ့ (မပျက်တဲ့) စက်တွေ ရှိတယ်။ သူတို့က အမိ၊ အဖ မဟုတ်လား။ အရေးကြီးတယ် လေ။ ပြည်သူတွေ ထဲက တတ်နိုင်သူများက ဘန်ကောက်၊ စင်္ကာပူ သွားပေါ့။ နင်းပြား ငမွဲကတော့ အနာခံရင်း နောက်ဆုံး သေပေါ့။

အပေါ်မှာ ဆိုခဲ့တဲ့ ရိုးရာ ဓလေ့ ယုံကြည်မှု သဘော “၀ဋ်နာ၊ ကံနာ” ဆိုတာ ဒီကိစ္စ မှာ မှန်တယ်။ ၀ဋ်ရှိလို့ကို ဒီလို စနစ်ဆိုး မှာ ခံနေရတာ။ ကံပါလို့ကို ဒီလို မသူတော်တွေ နဲ့ တွေ့နေရတာ။

ဆေးရုံကြီးမှာ တရက် ဒေါ်မကြိုင် ရောက်လာတာလည်း ကြုံခဲ့ဖူးတယ်။ ဆေးရုံကြီးမှာပဲ လုပ်လို့ရတဲ့ ကိစ္စတခု အတွက် သူ မဖြစ်မနေ လာခဲ့ရတယ်။ ပုဆိုး၊ တိုက်ပုံ ဝတ်၊ မျက်မှန်မည်းတပ် ပုဂ္ဂိုလ်များ ဆေးရုံကြီး အနှံ့ ပြည့်သွားတယ်။ ဆေးရုံကို တာဝန်လာထမ်းဆောင်တဲ့ ဆရာဝန်များ၊ သူနာပြုများ နဲ့ အခြား သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ ဝင်ခွင့် မရ ဖြစ်ရတယ်။ တောင်းတောင်းပန်ပန် ရှင်းပြ၊ ဝင်ခွင့်တောင်းရတယ်။ လက်မှတ်ထိုးရတယ်။ ဌာန တခု ရဲ့ အကြီးဆုံး ပါမောက္ခ နဲ့ အတူ အပေါက်မှာ ဝင်ခွင့်ရဖို့ ကိုယ်တွေ့ မျှော်ခဲ့ရဖူးတယ်။ သူတို့ အသက်မှ “အသက်” လို့ ထင်တဲ့ လူတွေ၊ သူတို့ ဘဝမှ “ဘဝ” လို့ ထင်တဲ့ လူတွေ အကြောင်း ကို ပို သိခဲ့ရတယ်။ အာဏာရှင် စနစ် ဆိုး ကို တော်လှန်ရမယ်၊ ဆန့်ကျင်ရမယ် ဆိုတဲ့ အသိ ကို နိုင်ငံရေး သိပ္ပံ သင်ဖူး မှ ရတာ မဟုတ်ဘူး။ ဘဝ ထဲကလည်း ရတယ်။ ပိုတောင် သိနားလည်မှု၊ ခံစားနိုင်မှု၊ သိမှု ရေချိန် မြင့်သေးတယ်။ ဒါကြောင့် တော်လှန်ရေး မှာ မှတ်ကျောက်တင်ခံ၊ ရေရှည်ခံ၊ ကြံ့ကြံ့ခိုင်ကြတဲ့ ပုဂ္ဂိုလ်များက စာအုပ်ကြီးသမား မဟုတ်တဲ့ ပြည်သူထဲက ပြည်သူတွေ ဖြစ်နေတာပေါ့။ ကဲ.. ဒါက ထား..။

တိုင်းပြည်မှာ ကျန်းမာရေး နဲ့ လျော်ညီတဲ့ ပတ်ဝန်းကျင်၊ နေထိုင်၊ ထိုင်မှု၊ သွားမှု၊ လာမှု၊ စားမှု၊ သောက်မှု မျိုး ဖြစ်အောင် တိုင်းပြည် က (စနစ်က) ဖန်တီး ပေးထားလား ကြည့်မယ်။

မိတ်ဆွေ စာနယ်ဇင်းဆရာ တယောက် က ရှစ်လေးလုံး ပွဲ ဓာတ်ပုံတွေ တင်တော့ ထမင်းထုပ် စားကြတဲ့ ပုံ မှာ (၂၅) နှစ် အကြာမှာ ဖက် နဲ့ ထုပ် ရာကနေ ဖော့ဗူး ဖြစ်သွားတယ် လို့ ရေးတင်တယ်။

အဲဒီ ပြောင်းလဲမှု က ရောဂါကြီးကြီးမားမားတွေရဲ့ ရင်းမြစ်ပဲ။ ဗမာပြည်မှာ လူတွေကို သတ်နေတာမှာ ပလတ်စတစ်အိတ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေ၊ ဖော့ဗူးတွေလည်း ပါတယ်။

အထက်မှာ ဆိုခဲ့တဲ့ ဆွေမျိုးထဲက ရောဂါ ဖြစ်တဲ့ နှစ်ယောက် ဆိုတာ ရောဂါ ဖြစ်ဖို့ များစေတဲ့ ဆေးလိပ်၊ အရက် တသက်လုံး မသောက်ဖူးဘူး။ ဒါပေမယ့် ဖြစ်တာပဲ။ သေတာပဲ။ ဘာလို့လဲ။ ဆေးလိပ်၊ အရက် ထက် ဆိုးတဲ့ လူကို သေစေနိုင်တဲ့ လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းတွေ နဲ့ နေထိုင်၊ ကြီးပြင်း အသက်ရှင်ခဲ့ရတာကိုး။

ဈေးကွက်ထဲက စားသောက်ကုန် ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ ရဲ့ အရည်အသွေး၊ စိတ်ချရမှု၊ ကျန်းမာရေး နဲ့ ညီညွတ်မှု ဘယ်လောက် အာမခံ နိုင်သလဲ။ ဗမာပြည် က စားသူးသူ တွေမှာ စိတ်ချရတဲ့၊ ရွေးချယ်ခွင့် ရှိတဲ့ ဈေးကွက် ရှိနေလား။ စားသုံးသူ အခွင့် အရေး ဘယ်လောက် ရှိသလဲ။ နေ့စဉ် စားနေတဲ့ အစာ၊ သောက်နေတဲ့ ရေ၊ ချိုးနေ၊ သုံးနေတဲ့ ရေ၊ မှီဝဲနေရတဲ့ ဆေးတွေ ဟာ ကျန်းမာရေး အရ ဘယ်လောက် ညီညွတ်မျှတ၊ စံချိန်မီ နေသလဲ။

အစားအစာ နဲ့ ဆေးဝါး စစ်ဆေး တဲ့ ဌာန ရှိပါရဲ့။ ဘယ်လောက် ဖြောင့်မတ် မှန်ကန်၊ တာဝန်ကျေ ဆောင်ရွက်နိုင်သလဲ။ ဆောင်ရွက် နေသလဲ။

ရောဂါ အသေးအမွှား တခုခု ဖြစ်လို့ ရှိရင် ဆေး မသောက်တာက ပိုကောင်းမယ့် အခြေအနေ ဈေးကွက်။ ဆေးသောက်မှ ဆေးတု နဲ့ သေလမ်း များတဲ့ အနေအထား။

ရန်ကုန်မြို့ က လမ်းတွေ၊ အိမ်တွေ ကိုလည်း ကြည့်ပါ။ လူအများ နေတဲ့ ခိုအိမ် လေးတွေဟာ ရေပေးဝေမှုစနစ် မကောင်း၊ မီးပေးဝေမှု စနစ် မကောင်း၊ အညစ်အကြေးစွန့် စနစ် မရှိ၊ စံချိန်မီ အဆောက်အဦး မဟုတ်၊ ကောင်းမွန်တဲ့ အခန်းဖွဲ့စည်းပုံ မရှိ၊ လေကောင်းလေသန့် မရ၊ စည်းစနစ် မရှိ ဖြစ်ချင်တာ ဖြစ်နေတဲ့ အနေအထား။

ဒါ့အပြင် လူထု ခမျာ တီဗွီ ကနေ မုသာဝါဒ၊ အလိမ်အညာ ဝါဒဖြန့်ချီ စိတ်ဓာတ် မှိုင်းတိုက်ခံရရုံသာမက ကာယကံမြောက် မီးခိုးမှိုင်း လည်း အတိုက် အခံနေရတယ်။ နိုင်ငံတကာ မှာ မသုံးတော့တဲ့၊ ဒေသတွင်း မဖွံ့ဖြိုး မတိုးတက်သေးတဲ့ နိုင်ငံတွေမှာတောင် မသုံးတော့တဲ့ ကားအို၊ ကားဟောင်းတွေဟာ စီးသူကို မတော်တဆ ထိခိုက်၊ ယာဉ်တိုက်မှု ဖြစ်စေဖို့ လမ်းများ စေရုံတင်မကဘဲ အဆိပ်မီးခိုးနဲ့လည်း လူအများကို သေစေနေတယ်။ မီးစက်ပေါင်းများစွာကလည်း တိုင်းပြည်ရဲ့ ဘဏ္ဍာ ငွေ ကို မလိုလားအပ်ဘဲ အပိုသက်သက် သုံးဖြုန်း၊ နိုင်ငံခြား ကို ငွေတွေ ယိုစီး (တရုတ်မီးစက်တွေ ဝယ်ရ၊ ဒီဇယ်လ်၊ ဓာတ်ဆီ ဖြုန်း) စေတဲ့ အပြင် ထွက်တဲ့ မီးခိုးငွေ့ကပါ လူတွေကို သတ်နေပြန်ပါသေးတယ်။

အခွင့်ထူးခံ လူတန်းစားတစု၊ လူတစု ကတော့ ဒါတွေ အားလုံး နဲ့ အလှမ်းဝေးရာ၊ ဒီ အနိဋ္ဌာရုံတွေနဲ့ လွတ်ကင်းရာ မှာ သာသာယာယာ နေ နေနိုင်တယ်။ ဒီပဲယင်းမှာ လူသတ်ပြီး ကံကြီးထိုက်လို့ ရောဂါဆိုး ခံစား၊ သေ ရသူ ဥပမာ ဖြစ်စဉ်တွေ အဆိုပါ လူတစု မှာ ရှိပေမယ့် သူတို့အားလုံး ဟာ မသေခင်မှာ လူသာမန် ထက် မနှိုင်းစာလောက်အောင် ပိုတဲ့ အခွင့်အရေးပေါင်းစုံ ယူ၊ အခွင့်ထူးခံ၊ ပြည်တွင်း၊ နိုင်ငံခြား ကုသမှုမျိုး စုံ နဲ့ ပြည့်ပြည့်စုံစုံ နေသွား၊ သေသွားခဲ့ရတာပါ။

ဆိုတော့ ပြည်သူ့ချဉ်ဖတ်များ အသက်ရှည် နေရပြီး၊ ဘာကြောင့် ပြည်သူ ထဲက ပြည်သူ၊ ပြည်သူ့ အချစ်တော်တွေ အသက်တိုနေရသလဲ ဆိုတာ မြင်နိုင်မယ် ထင်တယ်။

ဆိုခဲ့တာတွေ အားလုံးဟာ ဗမာပြည် ခေတ်၊ စနစ် ရဲ့ ပကတိ အခြေအနေ၊ သရုပ်၊ သဘောတွေပါ။

ဒါကြောင့် အထက်မှာ ဆိုခဲ့တယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ မှာ ဥတု၊ အာဟာရ က အဓိက ပါ လို့။

စနစ် က ဖန်တီး ပေးလိုက် တဲ့ ဥတု (သဘာဝ/လူလုပ် ပတ်ဝန်းကျင်၊ ဈေးကွက်) နဲ့ အာဟာရ (အစားအသောက် အရည်အသွေး) က လူတွေကို သတ်နေတယ်။ တနည်း အား ဖြင့် စနစ် က နေ လူတွေကို သတ်နေတာပါပဲ။

စနစ်ဆိုးဟာ တခါ တခါ ဘီလူးဆိုင်း တီးကာ လမ်းပေါ်မှာ အနောက်ပိုင်း နွားကျောင်းသား စတိုင် သေနတ်ပစ် လူသတ် ပြတတ်တယ်။ ဒါကို လူတွေက မြင်သိ၊ ခံစားကြတယ်။ ၈၈၈၈ အထိမ်းအမှတ်လို အောက်မေ့ ပွဲတွေ လုပ်ကြတယ်။ ဒါပေမယ့် တကယ်တော့ စနစ်ဆိုးဟာ တိတ်တဆိတ် လူသတ်နေတာ ကတော့ နေ့စဉ်ပါပဲ။ ဒါကြောင့် နိုင်ငံရေး စနစ်ဆိုး ရေသောက်မြစ် ရောဂါကြီး အမြစ် မပြတ်သမျှတော့ ဗမာပြည် ရဲ့ ရက်စွဲတွေဟာ နေ့တိုင်း ပူဆွေးသောက အမှတ်တရ အောက်မေ့ ပြုရမယ့် လူသေ ရက်စွဲတွေချည်းပဲ ဖြစ်နေမှာပါပဲ။

လူတချို့ကတော့ အမြင်မကြည် ဆိုချင်မယ်။ ခင်ဗျားက ငှက်ပျော်ခွံ နင်းမိ ချော်လဲ တာကိုတောင် စနစ်ကို အပြစ် တင် မယ့် လူစားမျိုးပဲ ဆိုပြီးတော့ ဆိုချင်မယ်။

ဒါပေမယ့် အရာရာ မှာ အကျိုး၊ အကြောင်း ဆက်စပ် ရှိပါတယ်။ အထူးသဖြင့် တိုင်းပြည် နဲ့ ယှဉ် စဉ်းစားတွေးခေါ်၊ သုံးသပ်ရင် နိုင်ငံရေး စနစ် ဆိုတာ ကို မဏ္ဍိုင်ပြု မစဉ်းစား၊ မတွေး၊ မပြောလို့ ကို မရပါ။ အရင့် အရင် ဆိုခဲ့သမျှ နဲ့ နောင်မှာလည်း အလျင်းသင့်သလို ဆိုမယ့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အနုပညာ အစုစု ဟာ နိုင်ငံ့စနစ် နိုင်ငံရေး မှာပဲ တည်ပါတယ်။ ဒီတော့ ဒါကိုပဲ ဇောင်းပေး ရပါမယ်။ ရေသောက်မြစ် ရောဂါကိုပဲ ပျောက်အောင် ကု ရပါမယ်။ အဆွယ်အပွား ရောဂါ ကို ကုခြင်းဟာ ရောဂါ တခုဖြစ်လို့ အနာ ပျောက်ဆေး သောက်သလိုပါပဲ အနာကိုတော့ ဖုံးကောင်း ဖုံးနိုင်ပါမယ်။ ဒါပေမယ့် မူရင်း ရောဂါ ပင်မ ကိုတော့ မပျောက်နိုင်ပါ။ ဒါကြောင့် နိုင်ငံရေး မပါတဲ့ တိုင်းပြည် ထူထောင်ရေး လူမှုရေး ကုထုံးတွေကို ဆေးမြီတို လို့ သတ်မှတ်ကြတာပေါ့။ ဒါကို ရေလိုက်လွဲပြီး နိုင်ငံရေး လုပ်ရမယ့် လူတွေကပါ အခု လူမှုရေး အမည်ခံ ချင်နေတာကြတာ၊ မြင်ရတာ စိတ်ပျက်စရာပါ။ ရေရှည် တိုင်းပြည်မှာ နာတာရှည်ခဲ့တဲ့ ရောဂါအစုံစုံ ကို အမြစ်ပြတ်ချင်၊ ကုသချင်ရင်တော့ နိုင်ငံရေး ကုထုံးမှ တပါး အခြား မရှိပါ။

ဒီ စာ ကို ခေါင်းစဉ် အမည် ပေး မထားပါ။ အားလုံး နဲ့ ဆက်စပ် တယ်ဆိုတဲ့ သဘောကို ညွှန်းတယ်။

ဝေါမြို့လေး ပြည်သူကြား၊ လယ်သမားကြား ကလာခဲ့၊ ပြည်သူကြားမှာ နေခဲ့၊ သေခဲ့တဲ့ ဆရာမောင်ဝံသ အတွက် နောက်ဆုံး နှုတ်ဆက် ဂါရဝ ပြုရင်း နိဂုံးချုပ်ရရင် အထက်မှာ ဆိုခဲ့တဲ့ နိုင်ငံရေး စနစ်ဆိုး ကို ကလောင်ကိုင်၊ နိုင်ငံရေး လက်နက်ကိုင် နိုင်စွမ်းသမျှ ခေတ်ဝန်ကိုထမ်းရင်း တာဝန်ကျေ တိုက်ခဲ့သူတယောက် ဖြစ်တဲ့ အတွက် ဦးညွှတ် အလေးပြု နှုတ်ဆက် ဂါရဝ ပြုလိုက်ပါတယ်။ ကောင်းရာ မွန်ရာ ဘုံဘဝ ရောက်မယ်လို့လည်း ယုံကြည်တယ်။ ကျန်ခဲ့သူများ၊ အထူးသဖြင့် စာနယ်ဇင်းသမားများ၊ နိုင်ငံရေးသမားများကိုလည်း လူထု စိန်ဝင်း တို့၊ ဆရာမောင်ဝံသ တို့ နေခဲ့၊ ရပ်ခဲ့၊ တိုက်ခဲ့ သလို အနေမှန်၊ အရပ် မှန်၊ အတိုက် မှန် စေဖို့ တပါတည်း တောင်းဆိုလိုက်တယ်။

ငြိမ်းချမ်းအေး
၁၁ ၊ သြဂုတ် ၊ ၂၀၁၃
credit to : Nyein Chan Aye

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us: အမည်ပေးမထား (Nyein Chan Aye) digg: အမည်ပေးမထား (Nyein Chan Aye) spurl: အမည်ပေးမထား (Nyein Chan Aye) wists: အမည်ပေးမထား (Nyein Chan Aye) simpy: အမည်ပေးမထား (Nyein Chan Aye) newsvine: အမည်ပေးမထား (Nyein Chan Aye) blinklist: အမည်ပေးမထား (Nyein Chan Aye) furl: အမည်ပေးမထား (Nyein Chan Aye) reddit: အမည်ပေးမထား (Nyein Chan Aye) fark: အမည်ပေးမထား (Nyein Chan Aye) blogmarks: အမည်ပေးမထား (Nyein Chan Aye) Y!: အမည်ပေးမထား (Nyein Chan Aye) smarking: အမည်ပေးမထား (Nyein Chan Aye)

Get notified by email when shweDarling.com blog is updated! CLICK HERE!

Leave a Reply - မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ

You must be logged in to post a comment.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter