Myanmar Blog » Articles, Myanmar/Burmese » ရေနည်းငါး – Soe Zeya Tun

ရေနည်းငါး – Soe Zeya Tun

၂၀၁၁ ခု စက်တင်ဘာလ အတွင်းကဖြစ်သည်။

ကျွန်တော် ရောက်သွားတဲ့ အချိန်က မနက်ရှစ်နာရီ……

မာဟာချိုင်မြို့ရဲ့ ဈေးဆိပ်ကမ်းတစ်နေရာမှာ ငါးတင်နေတဲ့ အလုပ်သမားတွေတောင် အလုပ်သိမ်းကြတော့မည်။ ကျွန်တော် ရောက်လာာတာ နည်းနည်းနောက်ကျသွားသည်။ တကယ်တော့ ကျွန်တော် ဘန်ကောက်ကနေ မနက်အစောကြီး ထွက်လာခဲ့တာ ဖြစ်ပေမယ့် Taxi မောင်းတဲ့လူက ကားမောင်းနေရင်း Phone Message ရိုက်နေတုန်း လမ်းမှားသွားလို့ တစ်ပတ်ကြီး ပြန်ပတ်နေရတာကြောင့် နောက်ကျသွားခြင်းဖြစ်သည်။

“ ဆိပ်ကမ်းမှာ ငါးတင်နေတဲ့ အလုပ်သမားတွေ အားလုံး မြန်မာတွေကြီးပဲ” ကျွန်တော့်ကို အဖော်လိုက်ကူပေးသော ဒေသခံလို ဖြစ်နေသည့် ကောင်လေးက ပြောသည်။

မဟာချိုင် ဆိုတာ ထိုင်းနိုင်ငံရဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ဘန်ကောက်မြို့မှ ၅၀ ကီလိုမီတာခန့် အကွာတွင်ရှိသည်။ မြန်မာ အလုပ်သမားအများစု အလုပ်လုပ်နေကြ သည့် မြို့လေးတစ်မြို့ဖြစ်သည်။ မြို့ထဲကို စ၀င်လိုက်ကတည်းက မြန်မာ ထိုင်းနှစ်ဘာသာနှင့် ရေးထားသော လမ်းစည်းကမ်းများ ကြေငြာချက်များကို တွေ့ရသည်။ အချို့သော စတိုးဆိုင်ကြီးများတွင် မြန်မာလို ရေးထားကြရုံမျှမက “ ဤဆိုင်တွင် မြန်မာလို ပြောတတ်သော အရောင်းစာရေးရှိသည်” ဟုပင် ကြော်ငြာထားသေးသည်။

ကျွန်တော်ကတော့၊ မဟာချိုင်မှာ မြန်မာ အလုပ်သမားတွေအကြောင်း ဓာတ်ပုံရိုက်ဖို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော် မဟာချိုင်မှာ ဓာတ်ပုံသွားရိုက်မယ်ဆိုတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ သူငယ်ချင်း အချို့က တားကြသည်။ ဓာတ်ပုံရိုက်လျှင် ပြသနာရှိသည်ဟုဆိုသည်။ သို့ပေမယ့် ကျွန်တော် သွားကြည့်ချင်သည်။ မူလအစီစဉ်က ကျွန်တော်တို့ရုံးက ဓာတ်ပုံဆရာတစ်ယောက်ပါ အဖော်လိုက်ခဲ့ရန် စီစဉ်ထားပေမယ့် တကယ်သွားမယ့်နေ့ရောက်တော့ သူမလိုက်ဖြစ်တော့ပေ။ ထို့ကြောင့် ကျွန်တော် တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဈေးဆိပ်ကမ်းမှာ ငါးတင်နေသည့် အလုပ်သများကို ဦးစွာ ရိုက်ရန်အတွက် ဈေးဆိပ်သို့ အရင်ထွက်လာခဲ့ဖြင်းဖြစ်သည်။

ဈေးဆိပ်ရောက်တော့…….

မြန်မာ အလုပ်သမားတွေက ကျွန်တော့်ကို ထိုင်း ထင်ပြီး အခေါ်အပြောမလုပ်တာလားလို့ အစပိုင်းမှာ တွေးမိသည်။ နောက်…….. ကျွန်တော် သူတို့ကို မြန်မာလို သွားပြောပေမယ့် ကျွန်တော့်ကို ဟက်ဟက်ပက်ပက် ပြန်မပြောပေ။ တစ်ခွန်းမေး တစ်ခွန်းဖြေသာ ဖြေနေသည်။ နောက်တော့မှ သိရသည်ကား အလုပ်ရှင်ကြည့်နေလို့ စကားမပြောရဲခြင်း ဖြစ်သည်ဟုဆိုသည်။

ဈေးဆိပ်မှာဓာတ်ပုံရိုက်ပြီးတော့ ဖိနပ်လည်းတော်တော် ညစ်ပတ်နေပြီ။ ကျွန်တော်ဆက်မစီးချင်တော့ပေ ထို့ကြောင့် ဖိနပ်ကို အဲဒီနေရာမှာပဲ ပစ်ထားခဲ့ပြီး ခပ်ပေါပေါဖိနပ်တစ်ရံ ၀ယ်စီးလာခဲ့သည်။ ကျွန်တော့်ကို လိုက်ပို့သည့် ဒေသခံလို ဖြစ်နေသည့် ကောင်လေးက နောက်ထပ် ဆိပ်ကမ်းတစ်ခုကို လိုက်ပို့သည်။ ထို့သို့ နောက်ထပ် ဆိပ်ကမ်းတစ်ခုကို သွားရင်း ဘတ်စကားပေါ်မှာ သူပြောပြတဲ့ အကြောင်းအရာ စိတ်ဝင်စားစရာ…..

“ အခုယာယီ Passport လေးတွေထုတ်ပေးလိုက်တာ တော်တော်လေး အဆင်ပြေတယ်။ အရင်ကဆိုရင် တစ်နေရာကနေ တစ်နေရာ သွားမယ်ဆိုရင် ရဲတွေကို ရှောင်တိမ်းပြီး ကွေ့ပတ်သွားနေရတာနဲ့ အချိန်လည်း ပိုကုန်တယ်၊ ပိုက်ဆံလည်း ပိုကုန်တယ်။ တကယ်လို့ ဖမ်းမိသွားရင် ပြန်ရွှေးရတာ မြန်မာငွေနဲ့ တွက်ရင် သိန်းဂဏန်းပဲ”

ကျွန်တော် နောက်ထပ်ဆိပ်ကမ်းကို သွားနေတုန်း ဘတ်စကားပေါ်ကနေ ပတ်ဝန်းကျင်ကို ငေးကြည့်နေမိ တစ်ချို့နေရာမှာ မြန်မာလက်ရာအတိုင်း တည်ထားသည့် စေတီများ ထိုင်တော်မူရုပ်ပွားတော်များကို တွေ့ရသည်။

“ ဟုတ်တယ် အဲဒါ မြန်မာ အလုပ်သမားတွေ စုပြီး တည်ထားတာ။ မြန်မာအလုပ်သမားတွေ ဥပုဒ်စောင့်တာပဲဖြစ်ဖြစ် ဆွမ်းကျွေးတာပဲဖြစ်ဖြစ် အဲဒီဘုန်းကြီးကျောင်းမှာပဲ အများဆုံး လုပ်ဖြစ်ကြတယ်” ဒေသခံကောင်လေးက ဆက်ပြောသည်။

ဈေးဆိပ်ကနေ နောက်ထပ် ဆိပ်ကမ်းတစ်ခုကို သွားရာမှာ ဘတ်စ်ကားစီးလျှင် ကြာမည်ထင်သောကြောင့် တက္ကစီနှင့်သွားရန် စဉ်းစားခဲ့ပေမယ့်၊ တကယ်တမ်း စီးကြည့်တော့ သူတို့ ဘတ်စ်ကားက တစ်နေရာနှင့် တစ်နေရာမှာ တက်မည့်ဆင်းမည့် လူမရှိလျှင် မရပ်သလို အလကားနေရင်း အကြာကြီးရပ်ပြီး လူမခေါ်။ လမ်းကလည်း ကောင်းတာကြောင့် ခဏလေးနှင့် ရောက်သွားသည်။

“ အကို ကင်မရာကို အိတ်ထဲထည့်ခဲ့ပေးပါလား” ကောင်လေးက ပြောတော့ ကျွန်တော် ကင်မရာကို အိတ်ထဲထည့်ရင်း ဘာဖြစ်လို့လဲဟု သူ့ကို ပြန်မေးလိုက်သည်။

“ ဒါက ဆိပ်ကမ်း မရောက်သေးဘူး။ မြန်မာအလုပ်သမားတွေ နေတဲ့ အဆောင်လေးတွေရှိတဲ့နေရာ။ အ၀င်ဝမှာ သူဌေးလူတွေ ရှိနေတတ်တယ်။ သူတို့ မြင်သွားမှာစိုးလို့ ”

“ မြင်တော့ ဘာဖြစ်လဲ”

“ အရင်တစ်ခါက အဲလိုပဲ သတင်းအဖွဲ့တစ်ဖွဲ့ လာရိုက်တာ၊ ကင်မရာတွေမြင်တော့ မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ယောက် ဒုတ်ကိုင်ပြီး လိုက်လာလို့၊ အဲဒီအဖွဲ့မှာပါတဲ့ အဖြူမ ( မြန်မာအခေါ် အဖြူကောင် အဖြူမ ဖြစ်ပြီး၊ အနောက်တိုင်းသူ အနောက်တိုင်းသားများကို ဆိုလိုခြင်းဖြစ်သည်)က ထိုင်းလို ပြောလိုက်တော့မှ ပြန်ဆင်းသွားတယ်။

ဒီမှာက အချင်းချင်း ပြန်ရောင်းစားတာတွေ လူကုန်ကူးတာတွေများတယ်လေ။ တစ်ချို့သူဌေးတွေက သူတို့မဟုတ်တာ လုပ်ထားတာ ပေါ်မှာစိုးတော့၊ မီဒီယာတွေလာတာ မကြိုက်ဘူး။”

ထိုသို့ သူနှင့် ကျွန်တော် လမ်းကျဉ်းလေးအတိုင်း လျှောက်လာပြီး မြန်မာ အလုပ်သမားနေသည့် အဆောင်လေး တစ်ခုသို့ ရောက်လာခဲ့သည်။ ထိုအဆောင်လေးအရှေ့ရောက်တော့ Happy Phone Line ရဲ့ မြန်မာလို ရိုက်ထားသော လက်ကမ်းစာ စောင်လေးတစ်ခု မြေကြီးပေါ်တွင် ကျနေတာကို တွေ့ရသည်။ ကျွန်တော် ကောက်ဖတ်ကြည့်လိုက်တော့ မြန်မာ သီချင်း Ring Tone ၀န်ဆောင်မှု အပါဝင် မြန်မာလို ဖုန်းဗေဒင် မေးလို့ရသည့် ၀န်ဆောင်မှုများ ပါဝင်သည်ကို တွေ့ရသည်။ မြန်မာသီချင်းများတွင်လည်း ဗညားဟန်လိုသီချင်းမှအစ ချမ်းချမ်းတို့လို သီချင်းတွေပါ ထိုဝန်ဆောင်မှုတွင်ရနိုင်သည်။ ထိုင်းဖုန်းကုမ္ပဏီက ထိုသီချင်းတွေအတွက် မြန်မာနိုင်ငံ ဂီတအစည်းရုံးမှာ တရားဝင် ၀ယ်ယူသွားခဲ့ခြင်း ဖြစ်သည်။ ပိုက်ဆံရှာတာခြင်း အတူတူ SIM Card တစ်ခုကို ငါးသိန်းနဲ့ ရောင်းစားတဲ့ MPT ငွေရှာပုံနှင့်တော့ တော်တော်ကွာတာပဲ ဟုတွေးမိသည်။

မြန်မာ အလုပ်သမားတွေ နေတဲ့ နေရာကို ရောက်တော့ မြန်မာ ဗီယိုဇာတ်လမ်းတစ်ခုကို ကြည့်နေသည့် မိသားစုတစ်ခုကို အရင်ဆုံးတွေ့ရသည်။ သူတို့နေသည့် အခန်းလေးက တော်တော်ကျဉ်းသည့် အခန်းလေး ဖြစ်ပြီး ဆယ်ပေဆယ့် ဆယ့်ငါးပေလောက်သာ ရှိမည်ထင်သည်။ သူတို့ကို သွားပြီး စကားပြောကြည့်တော့ ရောက်တာခြောက်နှစ်လောက်ရှိပြီတဲ့။ စုမိလားဆိုတော့ အိမ်လခနဲ့စားတာ သောက်တာနဲ့ ဗမာပြည်ငွေပြန်ပို့တာနဲ့ဆိုတော့ ဒီလိုပါပဲတဲ့။ မြန်မာပြည် ပြန်ဖို့ စိတ်ကူးဘူးလားဆိုတော့……. “ ဟိုမှာ အလုပ်မှမရှိတာ” တဲ့

ဘေးချင်းကပ်လျှက် အခန်းထဲကို ဆက်သွားကြည့်တော့ အမျိုးသမီးတစ်ဦး လုံခြည်ရင်ရှားဖြင့် သနပ်ခါးလိမ်းနေသည်။ အဆင်ပြေလားလို့ မေးကြည့်တော့ မပြေဘူးတဲ့။ ယေကျာင်္းက ငါးဖမ်းလှေပေါ်မှာ မျက်လုံးတစ်ဖက် ကွယ်သွားတယ်တဲ့။ မြန်မာပြည် မပြန်ဘူးလားဆိုတော့။ မနှစ်ကျရင် ပြန်မယ်တဲ့။ ကျွန်တော် ကြားလိုက်သည်က မနက်ကျရင် ပြန်မယ်…..

“ သူက မွန်သံဝဲနေလို့ နောက်နှစ်ကျရင် ပြန်မယ်လို့ပြောတာ” ဟု ကျွန်တော်နဲ့ ပါလာတဲ့ ကောင်လေးက ၀င်ထောက်ပေးသည်။

အခန်းတစ်ခန်းအရှေ့ ရောက်တော့ အသက်ခွန်နှစ်ဆယ်ခန့်ရှိ အဖွားတစ်ယောက် ထမင်းစားနေသည်ကို တွေ့ရသည်။ သူထမင်းစားသည့် ပန်းကန်ထဲသို့ ကြည့်လိုက်တော့ ခရမ်းသီးတစ်လုံးနဲ့ ငါးရုပ်သီးထောင်းသာပါသည်။

သူ့ကိုမေးကြည့်တော့ တာချီလိတ်ဘက်က လာတာတဲ့။ ဒီမှာရောက်နေတာ နှစ်သုံးဆယ်ကျော်ပြီ။ သားသမီးတွေလည်း ဒီမှာပဲမွေးပြီး ငါးဖမ်းလှေမှာ အလုပ်လုပ်ကြသည်ဟုဆိုသည်။ မြန်မာပြည်ကို မပြန်တော့ဘူးလားဆိုတော့ ပြန်တော့ဘူးတဲ့။ အမျိုးတွေလည်း မရှိလောက်တော့ပါဘူးတဲ့လေ……

ထိုအဆောင်လေးထဲမှာ ရှိတဲ့ မြန်မာတွေ ( တိုင်းရင်းသားများအပါဝင် မြန်မာပြည်မှလာသူများကို ဆိုလိုခြင်းဖြစ်သည်) ကို ကျွန်တော် လိုက်စကား ပြောကြည့်ပြီး ထိုအဆောင်လေးမှ နောက်ထပ် ဆိပ်ကမ်းတစ်ခုဆီသို့ ထွက်လာခဲ့သည်။

ထိုဆိပ်ကမ်းလေးသည် လှေများညအိပ်သည့် ဆိပ်ကမ်းလေးတစ်ခုဖြစ်ပြီး ငါးတင်ခြင်းထက် ငါးဖမ်းဖို့ရာ ပိုက်များ ပြင်ဆင်းခြင်းကို ပို၍လုပ်ကြသည်။ ကျွန်တော်ရောက်သွားတော့ တစ်ချို့လှေများက ရပ်နားနေကြပြီး တစ်ချို့လှေတွေကတော့ လှေပေါ်ကို ငါးဖမ်းပိုက်များ တင်နေကြသည်။ ငါးဖမ်းပိုက်တစ်ခုလျှင် မည်မျှကြီးပြီး ရှည်သည်မသိ ပိုက်တစ်ခုကို မြေကြီးပေါ်မှာ ပုံထားသည့် အပုံကတော့ စူပါကာစတန် ကားတစ်စီးစာလောက်ရှိသည်။

ထိုသို့ ပိုက်များ ပုံထားသော ပိုက်ပုံကြားထားတွင် တစ်ချို့ မြန်မာအလုပ်သမားတွေက အရက်နှင့် အချိုရည်စပ် သောက်နေကြသည်။ ကျွန်တော် စကားသွားပြောကြည့်သည် အများစုက ထားဝယ်နှင့်မွန်များဖြစ်ကြသည်။ ထိုသို့ ပိုက်တင်နေသည့် အလုပ်သမားများထဲတွင် ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် ကလေးများကိုလည်းတွေ့ရသည်။

ငါးဖမ်းပိုက်ပုံသည်ကြီးရုံမျှမက ထိုပိုက်များတွင် သံကွင်းများ ခဲသီးများတပ်ထားသည့် အတွက်အကြောင့် တော်တော် လေးပုံရသည်။ ထို့ကြောင့် ပိုက်တစ်ပုံကို လူဆယ်ငါးယောက်လောက် ညာသံပေးပြီး ဆွဲတင်နေကြခြင်းဖြစ်သည်။

လှေပေါ်နှင့် လှေနားပတ်ဝန်းကျင်တွင် ကျေနပ်လောက်အောင် ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော် ကမ်းပေါ်တို့ ပြန်တက်လာခဲ့သည်။ ထိုကမ်းပေါ်ရှိ ဆိုင်လေးတစ်ဆိုင်တွင် ဆယ့်သုံးနှစ်အရွယ်ခန့်ရှိ သနပ်ခါး ဘဲကြားကွက်ထားသော မြန်မာကောင်မလေး နှစ်ယောက်ထိုင်နေသည်။ လက်ထဲမှာ ဖုန်းကိုယ်စီကိုင်ထားပြီး တစ်ယောက်က ဗညားဟန်သီချင်း နားထောင်နေသည်။ သူတို့ကို ကြည့်ရတာ အသားညိုညို ပိန်ပိန်သွယ်သွယ်လေးတွေ ဖစ်နေတာကြောင့် အညာသူလေးတွေများ ဖြစ်နေမလားလို့တွေး လိုက်မိသည်။

နေ့လည် ထမင်းစားချိန်ပြီး လောက်ရောက်တော့ မြန်မာ အများစုနေသည့် ရပ်ကွက်တစ်ခုသို့ ထွက်လာခဲ့ကြသည်။ ထိုရပ်ကွက်သည် လေးထပ်တိုက် အဆောက်အအုံလေးများ ဖြစ်ပြီး မူလက သွားခဲ့သည့် အလုပ်သမား တန်းလျားနှင့်ယဉ်လျှင်တော့ များစွာသာလွန်သည်။

လမ်းထဲဝင်လိုက်သည်နှင့် လမ်းဘေးဝဲယာတွင် ဆံပင်ညှပ်ဆိုင် အလှပြင်ဆိုင် နှင့် ကုန်စုံဆိုင်လေးများကို တွေ့ရသည်။ ထိုထဲမှာ ကြံရည်ဆိုင်လေးတစ်ဆိုင်တွင် ၀င်ထိုင်လိုက်သည်။ ကြံရည်သောက်ရင်း ကြံရည်ဆိုင်ပိုင်ရှင် အဖိုးကြီးနှင့် ကျွန်တော် စကားပြောကြည့်မိသည်…….

“ အဆင်ပြေလား ဆိုရင်တော့ကွာ….. ဒီလိုပဲ လုပ်ကိုင်စားနေကြရတာပဲ။ အရင်တုန်းက Passport မရှိလို့ဆိုပြီး ရဲက ခဏခဏ လာလာဖမ်းတယ်။ အခု Passport ရှိပြန်တော့လည်း နောက်တစ်နည်းနဲ့ ငွေထပ်ညစ်တယ်။

ဘယ်လို ညစ်လည်းဆိုတော့ ညစ်တဲ့နည်းကတော့ အမျိုးမျိုးပါပဲ။ အပေါ်ခန်းမှာ မိန်းကလေးတွေပဲ ငါးယောက်စုနေကြတာကိုး။ ရဲက လာစစ်တယ်။ Passport ရှိတော့ ဖမ်းလို့မရဘူးဖြစ်နေတယ်။ အဲဒီမှာ ဘောင်ချာလေးတစ်စောင်ကို ချဲဂဏန်းမှတ်ထားပါတယ်ဆိုပြီးတော့ အကြောင်းပြပြီးဖမ်းသွားတယ်။ ငါးယောက်ကို ဘတ်နှစ်သောင်းတောင်းတာ နောက်ဆုံးတော့ ဘတ်တစ်သောင်းနဲ့ ဈေးတည့်သွားတယ်။

မတရားလုပ်မှန်းသိပေမယ့် မတိုင်ဘူးလားဆိုတော့……… ဘယ်နေရာကို သွားတိုင်ရမှာလဲ”

“ ယာယီ Passport လား။ တစ်ချို့ရဲတွေဆိုရင် လက်ထဲကနေ ဆွဲယူပြီး မင့် Passport ဘာလုပ်လို့ရမှာလဲလို့ပြောတယ်။ ညဘက်တွေ အိမ်တွေကို တံခါးလာခေါက်ရင်လည်း မြန်မာသံမှ ပီလိုက်တာ… အိမ်ရှင်တို့ ဧည့်သည်လာတယ် ဆိုပြီးပြောတယ် ဖွင့်ကြည့်လိုက်ရင် ရဲ…
တစ်ခု မဟုတ်တစ်ခု အကြောင်ြး့ပပြီး ငွေညစ်တော့တာပဲ”

“ဒီကို မြန်မာပြည်က အဆိုတော်တွေ လာလာပြီး ဖျော်ဖြေပွဲ လုပ်တတ်ကြတယ်.. အဲဒီလို နေ့တွေဆိုရင်တော့ ဗမာတွေ တန်းစီ အဖမ်းခံရတဲ့နေ့ပဲ…. ရှိုးပွဲပြီးပြီဆိုတာနဲ့ ထွက်လာတဲ့လူတွေက လမ်းကနေ စောင့်ဖမ်းပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့ ငွေညစ်တယ်.”

ကြံရည်ရောင်းတဲ့ အဖိုးကြီးနဲ့ စကားပြောပြီးတော့ လေးထပ်တိုက် အဆောင်လေးပေါ်သို့ တက်ကြည့်မိသည်။ အခန်းတစ်ခန်းလျှင် ဆယ်ပေ ဆယ့်ငါးပေ ပတ်လည်သာသာ အခန်းလေးများသာဖြစ်ပြီး တစ်ခန်းလျှင် လူလေးငါးခြောက်ယောက် စုပြုံနေကြရသည်။

နောက်တော့ ကျွန်တော် ပုစွန်ဈေးဘက်ကို သွားဖြစ်သည်။ ပုစွန်ဈေးမှာ အလုပ်လုပ်နေကြသူတွေ အားလုံး မြန်မာတွေပဲဖြစ်သည်။ ပုစွန်ဈေးရဲ့ အနောက်ဖက်မှာတော့ ဝရံတာတွင် ပစ္စည်းများ အဝတ်များနှင့် တစ်တိုက်လုံး ရှုပ်ပွနေသည့် တိုက်တန်းယားရှည်ကြီး တစ်ခုရှိသည်။ ထိုတိုက်တန်းယား ရှည်ကြီးတွင် မြန်မာ အလုပ်သမား တစ်ထောင်ကျော်လောက် စုပြုံနေကြသည်။

ကျွန်တော် အဲဒီပေါ်တက်သွားတော့ ထိုင်းတစ်ယောက် လိုက်လာသည်။ ကျွန်တော်ကို အဖော်လိုက်ပေးသည့် ကောင်လေးနှင့် ထိုင်းလိုပြောကြသည်။ ကျွန်တော်ကို ဘယ်ကလာလဲ ဘာအတွက်လဲ… ဓာတ်ပုံမရိုက်စေနဲ့ဟု ပြောသည်။ ကျွန်တော်လည်း မရိုက်ပါဟု ပြောပြီး ကင်မရာကို သိမ်းလိုက်တော့ ပြန်သွားသည်။ အထဲက မြန်မာမိသားစုတွေ နေသည့် အခန်းတွေကို ကြည့်လိုက်တော့ ဆယ်ပေ ပတ်လည် အခန်းကျဉ်းလေးများသာ ဖြစ်ပြီး ထိုထဲတွင် လူငါးယောက်လောက် စုပြုံနေရပြီး ထမင်းချက် ဟင်းချက်ကိုလည်း ထိုအခန်းကျဉ်းလေးထဲမှာပဲ လုပ်ကြရသည်။

တိုက်တန်းယား ရှည်ကြီးရဲ့ အောက်ထပ်ကို ဆင်းလိုက်တော့….. ပူပေါင်းလေးတွေနဲ့ ရောင်စုံစက္ကူလေးတွေ ကပ်ထားတာကို တွေ့ရသည်။ ဘာလုပ်တာလဲလို့ မေးကြည့်တော့ အဲဒီအခန်းမှာ မင်္ဂလာဆောင်ရှိတယ်ဟု ပြောသည်။ ကျွန်တော်လည်း မင်္ဂလာဆောင် ဘယ်လိုဆောင်သလဲဆိုတာ သိချင်လို့ ဝင်စပ်စုကြည့်တော့ မြန်မာတွေ ထုံစံအတိုင်း ဟင်းတွေ ထမင်းတွေကို အိုးအကြီးကြီးနဲ့ ချက်ထားသည်။ လူငယ်အချို့က ဘီယာသောက်နေကြသည်။ ကျွန်တော့ကိုလည်း သောက်ပါဦး အကိုကြီးဆိုကာ ဘီယာတွေ ငှဲ့ထည့်ပေးသည်။ သတို့သမီးနဲ့သတိုးသားရော ဆိုတော့… ဟိုဘက်အခန်းမှာ ဟု ပြောသည်။

သူပြောသည့် အခန်းကိုသွားကြည့်လိုက်တော့ အလှပြင်နေကြသည်။ သတို့သားက နှစ်ဆယ်ကျော်ကျော်.. သတို့သမီးက ဆယ့်ကိုးနှစ်ဟု ပြောသည်။ သတို့သားရော သတို့သမီးပါ မွန်များဖြစ်ကြသည်။ ကျွန်တော်က ဓာတ်ပုံရိုက်တော့… သတို့သမီးက မပြုံမရယ် ကြောင်အမ်းအမ်းနှင့် ကျွန်တော့်ကို တုံဏှိဘာဝေ ကြည့်နေသည်။ သတို့သားကတော့ မျက်နှာတွေ နီရဲကာ ရှက်သည်ဟု ဆိုပြီး မျက်နှာကို လက်နှင့် အုပ်ထားသည်။

ထို့ကြောင့်ကျွန်တော် ဓာတ်ပုံဆက်မရိုက်တော့ပဲ အားလုံးကို နုတ်ဆက်ပြီး မင်္ဂလာပွဲက ထွက်လာခဲ့သည်။

ကျွန်တော်ကို လိုက်ပို့တဲ့ ကောင်လေးကမေးသည်။ နောက်ထပ် မြန်မာ ရပ်ကွက်သေးသေးလေးတွေ ရှိသေးတယ် လိုက်ကြည့်ဦးမလားဟုဆိုသည်။ ကျွန်တော်လည်း လိုက်ကြည့်မည်ဟုပြောပြီး ဆိုင်ကယ် ကယ်ရီငှားကြသည်။ ကျွန်တော်တို့ သွားမည့်နေရာကို ဘယ်လောက်ကျလဲလို့မေးတော့ ဘတ် ၂၀ ပေးရမည်ဟုဆိုသည်။ ထိုဘတ်နှစ်ဆယ်တန် ဆိုင်ကယ် ကယ်ရီဖြင့် ခရီးဆက်ခဲ့သည်။ ကျွန်တော်တို့ သွားချင်နေရာ ရောက်တော့ ကျွန်တော် ပိုက်ဆံ ထုတ်ရှင်းသည်။ ဘတ်လေး ၄၀ တောင်းသည်။ စောစောက ပြောတော့ ဘတ်၂၀ ဆိုပြီး အခုဘာဖြစ်လို့ ၄၀ ဖြစ်တာလဲလို့ မေးခိုင်းတော့။ နှစ်ယောက်မို့ နှစ်ယောက်ခ တောင်းသည်ဟုဆိုသည်။ ဘယ်လောက်မှလည်း ဝေးသည့်ခရီး မဟုတ်သည့်အပြင် ­ မူလက ၂၀ ပြောပြီး နောက်မှ ၄၀ တောင်းသည့်အတွက် ကျွန်တော်က မပေးဘူးဟု ပြောလိုက်သည်။

ထိုအခါ ကျွန်တော့်ကို လိုက်ပို့သော ကောင်လေးက ပြာပြာသလဲ ဖြစ်သွားပြီး ပေးလိုက်ပါအကိုရယ်… ဒီမှာက အဲလိုပဲ သူတို့ တောင်းတဲ့ အတိုင်းပေးရတယ်.. မပေးဘူးဆိုရင် ခဏနေကျရင် ဆိုင်ကယ်ကယ်ရီသမားတွေ အုပ်စုလိုက်ရောက်လာပြီး ပြသနာရှာလိမ့်မယ်ဟုဆိုသည်။ အဲဒါဆိုရင် ရဲခေါ်မှာပေါ့ကွဟုဆိုတော့… ဒီမှာက ဗမာတွေ အကူညီလိုလို့ခေါ်ရင် ဘယ်ရဲမှ မလာဘူးဟုဆိုသည်။ အဲဒါနဲ့ ကျွန်တော် နောက်ထပ် ဘတ်နှစ်ဆယ် ထုတ်ပေးလိုက်တော့ ကျွန်တော့်ကို မိုက်ကြည့်ကြည့်ပြီး မောင်းထွက်သွားသည်။

မြန်မာတွေနေတဲ့ နောက်ထပ်ရပ်ကွက် တစ်ခုကို ရောက်ပါပြီ။ ဧရာမဝင်းကြီးထဲတွင် လှိုင်သာယာက ကျူးကျော်အိမ်လေးတွေလို စုဆောက်ထားသည့် တဲလေးများဖြစ်သည်။ ထိုတဲလေးတွေကို ကြည့်ကြည့်တော့ ထိုင်းဘုရင်ပုံနှင့် အောင်ဆန်းစုကြည်ပုံများကို ကပ်ထားသည်ကိုတွေ့ရသည်။

ကျွန်တော်လည်း မြန်မာတွေနေသည့် အိမ်လေးတွေ တစ်အိမ်ဝင်တစ်အိမ်ထွက် စကားပြော နုတ်ဆက်ရင်း ဓာတ်ပုံရိုက်ပြီးပြန်ထွက်လာခဲ့သည်။ ညနေလည်းစောင်းပြီ ဘန်ကောက်သို့ ပြန်ရတော့မည် ဖြစ်သောကြောင့် လမ်းထိပ်ထွက်ပြီး တက္ကစီငှားသည်။

အလာသုံးက ဘတ်သုံးရာပေးရာခြင်းဖြစ်ပြီး အပြန်တွင် ဘတ်ခြောက်ရာ ခုနှစ်ရာလောက်ထိ တောင်းကြသည်။ ထို့ကြောင့် ကျွန်တော်နှင့် ဈေးမတည့်။ ထို့သို့ တက္ကစီတွေငှားနေတုန်း ဖိုးဝီး နောက်ဖွင့် ကားအမဲတစ်စီး ကျွန်တော်တို့ ဆီကိုလာရပ်သည်။ ကားထဲမှာ လူသုံးလေးယောက် ပြေးထွက်လာပြီး ကျွန်တော်ကို passport တောင်းသည်။ ဘာလို့လဲလို့မေးတော့ သူတို့တွေက ရဲတွေဟုဆိုသည်။

ကျွန်တော့်ကို လမ်းပြလိုက်လုပ်ပေးသည့် မြန်မာ ကောင်လေးက ကြောက်ကြောက်နှင့်ပင်သူ့ ယာယီ passport လေးကိုထုတ်ပေးသည်။ ရဲက တစ်ချက်ယူပြီး သိမ်းလိုက်သည်။ ပြန်မပေး။ ကျွန်တော့်ကိုလည်း passport စာအုပ်ပေးဆိုပြီး အတင်းတောင်းသည်။ ငါသတင်းထောက် ဒီမှာ သတင်းလာယူတာလို့ ပြောပေမယ့်လည်း passport ပဲ အတွင်းတောင်းနေသည်။ မပါဘူးလို့ ပြောတော့ အိတ်ကိုရှာမည်ဟု ဆိုသည်။ အဲဒါနဲ့ ကျွန်တော့် ကင်မရာအိတ်သူ့ကိုပေးလိုက်သည်။ မှန်ဘီလူတွေကို ထောင်ကြည့်သည်။ ကင်မရာတွေကို နားနားကပ်ပြီး ခလောက်ကြည့်သည်။

နောက်တော့ ကျွန်တော့အိတ်ထဲက ပတ်စပို့ကိုတွေ့သွားပြီး နောက်တစ်ယောက်ကို ပေးလိုက်သည်။ နောက်တစ်ယောက်က ပတ်စပို့ကိုသိမ်းလိုက်သည်။ ဘာလို့သိမ်းတာလဲဆိုပြီး ပတ်စပို့ကို ပြန်တောင်းတော့ ကျွန်တော့်ကို ပြန်မပေး။ အဲဒီအချိန်မှာ အိတ်ကို ဆက်ရှာနေတဲ့ သူက လိပ်စာကဒ်တစ်ကို တွေ့သွားသည်။

ထိုလိပ်စာကဒ်က BBC က ဦးဝင်းမြင့်ပေးထားသည့် သူ့လိပ်စာကဒ်။ လိပ်စာကဒ်တွင် အင်္ဂလိပ်လို တစ်ဖက် ထိုင်းလို တစ်ဖက်ရေးထားသည်။ ထိုလိပ်စာကဒ်ကို ကြည့်ပြီး You BBC? ဆိုပြီးမေးသည်။ ကျွန်တော် yes လို့ပဲ ပြောလိုက်သည်။ အိုခေ အိုခေ ဆိုပြီး ကျွန်တော်တို့ကို passport တွေ ပြန်ပေးသည်။ ပြီးတော့ ကားမောင်းပြီး ထွက်သွားကြသည်။ သူတို့ ကားကို လှမ်းကြည့်လိုက်တော့… နောက်ဖွင့်အခန်းထဲမှာ အသက်ခြောက်ဆယ်အရွယ်လောက် ရှိတဲ့ မြန်မာမိန်းမကြီးတစ်ယောက်။ သူတို့တွေက ဘယ်ကနေ ဖမ်းလာကြသည်မသိ။

နောက်တော့ တက္ကစီ တစ်စီးရောက်လာသည်။ ဘန်ကောက်ကို မီတာဖြင့် မောင်းပေးမည်ဟုဆိုသည်။ ထို့ကြောင့် ကျွန်တော် ထိုတက္ကစီကို ငှားပြီး ဘန်ကောက်မြို့သို့ ပြန်လာခဲ့သည်။

ဘန်ကောက်ရောက်တော့ ကျွန်တော့်ဆီကို ဖုန်းဝင်လာသည်။ တစ်ခြားမဟုတ် ငပုတောမြို့နယ်က သူငယ်ချင်း တစ်ယောက်၏ အမဖြစ်သည်။ ကျွန်တော် ဘန်ကောက် ရောက်နေတယ်ဆိုတာ သူ့အမက ရန်ကုန်မှာရှိတဲ့ သူ့မောင်နဲ့ အမေအတွက် အဝတ်စားလေးတွေ လူကြုံပါးချင်သည်ဆိုသည်။ သူက ဘန်ကောက်မြို့အစွန် တစ်နေရာမှာ တရားမဝင် နေထိုင်သူဖြစ်ပြီး သူ့ဆီကို လာခဲ့ပေးဖို့ ပြောသည်။ ကျွန်တော်သူပြောသည့်နေရာကို မသိ ထို့ကြောင့် သူ့ကို နောက်နေ့ ညနေမှာ ပုသုနန်ဝန်းကျင်မှာ တွေ့မည်ဟု ချိန်းလိုက်သည်။

နောက်နေ့ ညနေရောက်တော့ ကျွန်တော် ပလက်တီနမ် ပလာဇာထဲ လျှောက်ပတ်ကြည့်နေရင်းသူ့ကို စောင့်သည်။ မိုးသာ ချုပ်သွားသည် သူရောက်မလာ။ ထို့ကြောင့် သူ့ဖုန်းကိုခေါ်ကြည့်တော့ စက်ပိတ်ထားသည်။ ကျွန်တော်လည်း အလုပ်ကိစ္စတွေပြီးပြီမို့ နောက်နေ့မနက် လေယာဉ်ဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့သည်။

မြန်မာပြည် ပြန်ရောက်ပြီးမှ သိရသည်။ သူငယ်ချင်းရဲ့ အမဖြစ်သူက ကျွန်တော့်ဆီလာရင်း လမ်းမှာ ရဲနဲ့တိုးပြီး ရှိသမျှ ပိုက်ဆံရော တယ်လီဖုန်းပါ တောင်းသွားသည်ဟု ဆိုသည်။

အရင်အစိုး လက်ထက်က ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဆိုရင် နိုင်ငံရေးလုပ်တဲ့လူ အစိုးရကို အတိုက်အခံလုပ်တဲ့လူတွေဟု ရန်ညိုးထားပြီး မြန်မာနိုင်ငံသားတွေကို အကူညီပေးဖို့ရာ ပျက်ကွက်ခဲ့ကြသည်။ အရပ်ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်းနှင့် မြန်မာပြည်မှာဆိုလျှင် လူမိုက်လုပ်မည့် ရုပ်မျိုးနှင့် လူများပင်လျှင် ထိုင်းနိုင်ငံမှာ အမြီးကုတ် နေကြရသည်အထိ ကူရာ ကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

ကူရာကယ်ရာမဲ့ သိန်းချီရှိသော မြန်မာအလုပ်သမားတွေက လဒ်စားတဲ့ရဲတွေရဲ့ ငွေတွင်းဖြစ်နေသည်။ တစ်ခုခုဖြစ်လာလျှင်ပင် အားကိုးစရာ မရှိ။

ဒီမိုကရေစီခောတ် ဒီမိုကရေစီ အစိုးရ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလို့ ကြွေးကြော်နေသော ယခုအစိုးရ လက်ထက်မှာရော ရေးနည်းငါးများကို ပစ်ထားကြဦးလေမလား မသိ…..

Credit to (Ko) Soe Zeya Tun

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:ရေနည်းငါး  - Soe Zeya Tun digg:ရေနည်းငါး  - Soe Zeya Tun spurl:ရေနည်းငါး  - Soe Zeya Tun wists:ရေနည်းငါး  - Soe Zeya Tun simpy:ရေနည်းငါး  - Soe Zeya Tun newsvine:ရေနည်းငါး  - Soe Zeya Tun blinklist:ရေနည်းငါး  - Soe Zeya Tun furl:ရေနည်းငါး  - Soe Zeya Tun reddit:ရေနည်းငါး  - Soe Zeya Tun fark:ရေနည်းငါး  - Soe Zeya Tun blogmarks:ရေနည်းငါး  - Soe Zeya Tun Y!:ရေနည်းငါး  - Soe Zeya Tun smarking:ရေနည်းငါး  - Soe Zeya Tun

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter