Myanmar Blog » Articles, Asia Entertainment, Knowledge Base » Interviewed with Aung La “The Burmese Python”

Interviewed with Aung La “The Burmese Python”

aung la

ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစားနေပါတယ်”

MMA ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေရယူပြီး နာမည်ကြီးနေတဲ့ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ မြန်မာပရိသတ်တွေအတွက် ရင်းနှီးပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး လာရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး MMA ပွဲကြို သတင်းစာရှင်းလင်းပွဲ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အောင်လအန်ဆန်ကို Premier Eleven Sport Journal က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်…

■မေး – ပထမဆုံးအနေနဲ့ ကချင်ပြည်နယ်မှာ မွေးဖွားပြီး အမေရိကန်မှာ နေထိုင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ – ကျွန်တော်က ကချင်ပြည်နယ်မှာ မွေးဖွားပြီး ရန်ကုန်မှာ ကြီးပြင်းလာတာပါ။ (၁၇)နှစ်ကျော်၊ (၁၈)နှစ် အရွယ်လောက်မှာ ပညာသင်ကြားဖို့အတွက် အမေရိကန်ကို ထွက်ခွာဖြစ်ခဲ့တာပါ။ အမေရိကန်ကို အဓိက သွားရောက်ဖြစ်တဲ့ ရည်ရွယ်ချက်က ပညာသင်ကြားဖို့ ဖြစ်ပါတယ်။

■မေး ဒါဆိုရင် MMA (ဘက်စုံ ကိုယ်ခံပညာသုံး) ပြိုင်ပွဲကို ဘယ်လို ယှဉ်ပြိုင်ဖြစ်သွားတာလဲ။

ဖြေ – ကျွန်တော် အမေရိကန်မှာ ပညာသင်ကြားနေရင်း Jujutsu အားကစားနည်းကို လေ့လာ သင်ယူဖြစ်ခဲ့ပါတယ်။ Jujutsu ကို ပညာသင်ကြားနေရင်းနဲ့ ပူးတွဲလေ့ကျင့်ခဲ့သလို၊ နောက်ပိုင်းမှာတော့ Jujutsu ပညာရပ်တွေ အများကြီးသုံးရတဲ့ MMA ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖြစ်သွားတာပါ။

■မေး – ၂၀၁၅ တုန်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ MMA ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စီစဉ်ပြီးမှ ဗီဇာ အခက်အခဲကြောင့် မလာဖြစ်ဘူးလို့ သိရပါတယ်။ ဒီနှစ်မှာရော မြန်မာနိုင်ငံကို လာရောက်ခွင့်ရရှိဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရပါသလဲ။

ဖြေ – မှန်ပါတယ်။ ၂၀၁၅ ပြိုင်ပွဲကတည်းက လာရောက်ယှဉ်ပြိုင်ဖို့ပါ။ လာပြိုင်ဖို့စီစဉ်ပြီးမှ ဗီဇာအခက်အခဲကြောင့် မလာရောက်ဖြစ်တော့တာပါ။ ဒီတစ်ခါကတော့ ကြိုပြီးပြင်ဆင်ခဲ့သလို၊ ဗီဇာကိစ္စ ကလည်း အဆင်ပြေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ခြေချခွင့်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ အရမ်းကို ပျော်ရွှင်နေပါတယ်။

■မေး – MMA ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိထားတာကြောင့် ကစားသမားဘ၀ အဓိက ရည်မှန်းချက်က ဘာဖြစ်နိုင်မလဲ။

ဖြေ – ကျွန်တော် MMA ကို စတင်ကစားကတည်းက ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ ဒါက တစ်ချိန်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ ရရှိထားပေမယ့် ကျွန်တော့်ရည်မှန်းချက် မပြည့်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ထိုးတဲ့ ၀ိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံ မဖြစ်သေးလို့ပါ။ဒီနှစ်ထဲမှာတော့ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ဒီအတွက်လည်း ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

■မေး – ၂၀၁၆ ခုနှစ်အတွင်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတယ်ဆိုတော့ ဘယ်လို ပြင်ဆင် သွားမလဲ။

ဖြေ – ဒီနှစ်အတွင်း MMA ပြိုင်ပွဲတွေ အများကြီး ကျင်းပဖို့ရှိပေမယ့် ကျွန်တော့်အနေနဲ့ (၃)ပွဲ လောက်ပဲ ထိုးမှာပါ။ ရန်ကုန်မှာ မတ်လအတွင်း ကျင်းပမယ့် ပြိုင်ပွဲပြီးရင် မေလနဲ့ ဇူလိုင်လတွေမှာ ကျင်းပမယ့် MMA ပြိုင်ပွဲတွေကို ထပ်မံယှဉ်ပြိုင်မှာပါ။ ဒီ(၃)ပွဲပြီးရင်တော့ ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ဖို့ အဆင်သင့် ဖြစ်နေလောက်ပါပြီ။ ကျွန်တော်ထိုးတဲ့ဝိတ်တန်းမှာ လက်ရှိချန်ပီယံက ရုရှားနိုင်ငံကပါ။ သူ့ကိုအနိုင်ယူဖို့ အရမ်းကြိုးစားနေပါတယ်။ MMA စည်းမျဉ်းသစ်အရ ကစားသမားတစ်ဦးဟာ ၀ိတ်ချပြီး အောက်တန်းမှာ ၀င်ထိုးလို့ မရတော့ပါဘူး။ ကျွန်တော်က ပေါင်(၁၈၀)ကျော် ရှိတာကြောင့် (၂၀၅)ပေါင်အတန်းမှာ ၀င်ထိုးရမှာပါ။

■မေး – မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံမှာ ပြန်လည်ထိုးသတ်ရမယ့် ပြိုင်ပွဲမှာ ဘယ်လောက်အထိ မျှော်မှန်းထားပါသလဲ။

ဖြေ – ဒီပြိုင်ပွဲဟာ ၂၀၁၆ ခုနှစ်အတွင်း ကျွန်တော့်ရဲ့ ပထမဆုံးပွဲ ဖြစ်ပါတယ်။ ၂၀၁၅ တုန်းက ပြိုင်ပွဲတွေ အထိုးနည်းခဲ့တာကြောင့် လေ့ကျင့်မှုကို ပိုလုပ်ထားရပါတယ်။ ကျွန်တော်အားနည်းနေတဲ့ ခုခံကာကွယ်မှုအပိုင်းကို ပိုကောင်းအောင် လုပ်ထားသလို၊ ခြေထောက်ကန်ချက်တွေလည်း ထိရောက်အောင် လေ့ကျင့်နေပါတယ်။ နပန်းနဲ့ဆိုင်တဲ့ နည်းစနစ်တွေကိုလည်း လေ့လာနေပါတယ်။ မတ်လပွဲမှာ ဘယ်သူနဲ့ ထိုးသတ်ရမလဲဆိုတာ မသိသေးဘဲ ညှိနှိုင်းနေတုန်း ဖြစ်ပါတယ်။ မြန်မာပရိသတ်ကို ပြောချင်တာက မတ်လ (၁၈) ရက်မှာ ပြုလုပ်မယ့်ပြိုင်ပွဲကျရင် တစ်ခဲနက် လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်က မြန်မာပြည်မှာ မွေးဖွားတဲ့သူဖြစ်တာကြောင့် မြန်မာပြည်ကို ချစ်ပါတယ်။ ဒီနိုင်ငံကို မရောက်တာ (၁၂)နှစ် ကျော်သွားပါပြီ။ အခုပြန်ရောက်လာတာက အိပ်မက်လိုပါပဲ။ ရန်ကုန်မြို့ရဲ့ နေရာအများစုကတော့က အများကြီး မပြောင်းလဲပါဘူး။ ဒီတစ်ခါလာတာက အလုပ်ကိစ္စနဲ့ဆိုတော့ မွေးရပ်မြေကို မပြန်ဖြစ်သလို၊ လည်ပတ်ချိန်လည်း မရပါဘူး။ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ တက်ရောက်ဖို့ လာတာဖြစ်တာကြောင့် သောကြာနေ့ (ယနေ့) ပြန်မှာပါ။ မွေးရပ်မြေ ကချင်ပြည်နယ်ကို ပြန်ဖို့ ဒီနှစ်ထဲ လာဖို့ရှိပါတယ်။

■မေး – MMA ပြိုင်ပွဲက မြန်မာနိုင်ငံမှာ နာမည် မကြီးသေးတာကြောင့် ဒီအားကစားနည်း ဖွံ့ဖြိုးဖို့ ဘယ်လိုကူညီပေးမှာပါလဲ။

ဖြေ – မြန်မာ့လက်ဝှေ့က MMA ပြိုင်ပွဲအတွက် အရမ်းကို ကောင်းမွန်တဲ့ အားကစားနည်းတစ်ခုပါ။ ဒါပေမဲ့ လက်ဝှေ့ကစားသမားတွေ MMA ကို ကောင်းစွာကစားတတ်ဖို့ကတော့ အချိန်ယူရပါလိမ့်မယ်။ MMA ဆိုတာက ကိုယ်ခံပညာ အားကစားနည်းတွေ အားလုံးပေါင်းပြီး ယှဉ်ပြိုင်ရတာပါ။ ကျွန်တော် ဒီတစ်ခါလာတဲ့အခါမှာ ရန်ကုန်မှာရှိတဲ့ Jujutsu ကလပ်ကို သွားရောက် လေ့လာဖြစ်မှာပါ။ အဲဒီကလပ်က အနေအထားကိုကြည့်ပြီးတော့ မြန်မာလက်ဝှေ့ကစားသမားတွေ MMA ကို ဘယ်လောက်အထိ ကစားနိုင်မလဲဆိုတာ သုံးသပ်လို့ရပါပြီ။ ကျွန်တော်ကိုယ်တိုင်ကလည်း MMA ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကမ္ဘာ့ Jujutsu ချန်ပီယံနဲ့ လေ့ကျင့်နေတာပါ။

■မေး – မြန်မာလက်ဝှေ့ကစားသမားတွေ MMA ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဘာတွေလုပ်ရမလဲ။

ဖြေ – ကျွန်တော် အမေရိကန်နိုင်ငံမှာ နေထိုင်ပေမယ့် မြန်မာလက်ဝှေ့ပွဲတွေကို အွန်လိုင်းကနေ ကြည့်ဖြစ်ပါတယ်။ မြန်မာလက်ဝှေ့မှာလည်း အားသာချက်တွေ အများကြီးရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ အားသာချက်ချင်း မတူပါဘူး။ သူတို့သာ နပန်းနဲ့ Jujutsu အားကစားနည်းတွေကို သေချာသင်ကြားလိုက်ရင် MMA ကစားသမားကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာလက်ဝှေ့နဲ့ ထိုင်းရိုးရာ အားကစားနည်းဖြစ်တဲ့ မွေထိုင်းလက်ဝှေ့က ကွာခြားချက်တွေရှိပါတယ်။ မွေထိုင်းက နည်းပညာကို အားပြုပြီး မြန်မာကတော့ သတ္တိပိုင်းကို အသားပေးပါတယ်။ ဒါပေမဲ့ ရေရှည်မှာ နည်းပညာက အသာရသွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာ့လက်ဝှေ့အနေနဲ့ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်နိုင်အောင် ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။

■မေး – ကိုအောင်လအန်ဆန်အနေနဲ့ MMA ပြိုင်ပွဲတွေကို ဘယ်အချိန်အထိ ထိုးသတ်သွားမှာပါလဲ။ အနာဂတ် ရည်မှန်းချက်ကရော ဘာများဖြစ်နိုင်မလဲ။

ဖြေ – ကျွန်တော့်အသက် (၃၀)ရှိပါပြီ။ MMA ပြိုင်ပွဲတွေကို နောက်(၂)နှစ်၊ (၃)နှစ်လောက်ပဲ ထိုးသတ်တော့မှာပါ။ ဒါကြောင့် ဒီနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတာပါ။ ဒီနှစ်က ကျွန်တော့်အတွက် စိန်ခေါ်မှုတွေ အရမ်းကို များပြားတဲ့နှစ်ပါ။ ကျွန်တော့်ရည်မှန်းချက်ပြည့်ပြီး နှစ်အနည်းငယ် အတွင်းမှာတော့ ကစားသမားဘ၀က အနားယူပြီး နည်းပြ ဆက်လုပ်သွားမှာပါ။

■မေး – ကစားသမားဘ၀ကနားရင် နည်းပြလုပ်မှာဆိုတော့ မြန်မာနိုင်ငံမှာ လုပ်ဖြစ်မလား။ ဒါမှမဟုတ် အမေရိကန်မှာပဲ လုပ်ကိုင်သွားမှာပါလား။

ဖြေ – ကျွန်တော့်အစီအစဉ်ကတော့ မြန်မာနိုင်ငံမှာပဲ လုပ်ဖြစ်မှာပါ။ ရန်ကုန်နဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မြစ်ကြီးနား ဘယ်မှာ ဖြစ်မလဲတော့ မသိသေးပါဘူး။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ နည်းပြလုပ်ဖို့ ရည်ရွယ်တာက မြန်မာကစားသမားတွေကို ကူညီပေးချင်လို့ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ မဖွံ့ဖြိုးသေးတဲ့ MMA ပြိုင်ပွဲတွေကို အဆင့်မြှင့်တင်ချင်ပါတယ်။ MMA ပြိုင်ပွဲကသာ နိုင်ငံတကာကို ထိုးဖောက်နိုင်တာဖြစ်ပြီး ကစားသမားတွေ အနေနဲ့ ဒီအခွင့်အရေးကို ရယူသင့်ပါတယ်။ မြန်မာလက်ဝှေ့ ကစားသမားတွေအနေနဲ့လည်း ဒီလိုအခွင့်အရေးတွေရဖို့ ကြိုးစားသင့်ပါတယ်။ စနစ်တကျသာ လေ့ကျင့်ရင် မြန်မာကစားသမားတွေ တိုးတက်လာနိုင်ပါတယ်။

■မေး – နောက်ဆုံးအနေနဲ့ မြန်မာပရိသတ်ကို ဘာများပြောချင်ပါသလဲ။

ဖြေ – MMA ပြိုင်ပွဲဟာ ကမ္ဘာမှာ ပရိသတ် စိတ်ဝင်စားမှုများတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲကျရင် ပရိသတ်တွေ အများကြီး လာရောက်အားပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကိုယ့်နိုင်ငံမှာ ထိုးသတ်ရမယ့်ပွဲကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ။
Writer:
ညီညီစိုးညွန့်၊ ကျော်ထက်ထွန်း
credit to Eleven Media Group

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:Interviewed with Aung La  digg:Interviewed with Aung La  spurl:Interviewed with Aung La  wists:Interviewed with Aung La  simpy:Interviewed with Aung La  newsvine:Interviewed with Aung La  blinklist:Interviewed with Aung La  furl:Interviewed with Aung La  reddit:Interviewed with Aung La  fark:Interviewed with Aung La  blogmarks:Interviewed with Aung La  Y!:Interviewed with Aung La  smarking:Interviewed with Aung La

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter