Myanmar Blog » Knowledge Base, Myanmar/Burmese, Notes » “လေထဲဆောက်သော တိုက်အိမ်များ”

“လေထဲဆောက်သော တိုက်အိမ်များ”

“လေထဲဆောက်သော တိုက်အိမ်များ”
January 16, 2015 at 5:42am
By Saya Soe Min

ကိုယ့်တိုင်းပြည်က ပညာတတ်တွေ သူများနိုင်ငံမှာ ထွက်အလုပ်လုပ်ကုန်ကြတာကိုသူတို့အနောက်နိုင်ငံကလူတွေက ဦးနှောက်ယိုစီးမှု လို့ ခေါ်ပါသတဲ့။ ဘွဲ့ရပညာတတ်ဖြစ်လျက်သားနဲ့ကိုယ်တတ်တဲ့ပညာကို အသုံးမချတဲ့သူတွေကိုတော့ ဦးနှောက်ပြုန်းတီးမှု လို့ ခေါ်ပြန်သတဲ့။လက်ရှိ ကိုယ်တို့တိုင်းပြည်မှာ ဖြစ်ပျက်နေသမျှကတော့ ဦးနှောက်ယိုစီးတာထက်လည်း ပိုတယ်။ဦးနှောက်ပြုန်းတီးတာထက်လည်း ပိုတယ်။ ဆေးပညာသဘောအရဆိုရင်တော့ ဦးခေါင်းခွံထဲမှာ ဦးနှောက်မှအပဖြစ်သောအရာတွေပြွတ်သိပ်တိုးပွားလာတဲ့အတွက် ဦးနှောက်အပေါ်ဖိအားတွေ မတန်တဆဖြစ်လာပြီး ဦးခွံဒွာရတွေကနေအပြင်ကိုတွန်းကန်ထွက်ကုန်တာ။ အဲ့ဒါ သေတတ်တယ်။ ဦးခေါင်းကို ဒဏ်ရာရတဲ့လူတွေ သေရင်၊ ဦးနှောက်သွေးကြောပေါက်တဲ့သူတွေသေရင် အဲ့ဒါနဲ့ပဲ သေတာ။ အခုလည်း ကိုယ်တို့မြန်မာပြည်ကြီးဟာ သင်းသတ်ထားတဲ့ သစ်ပင်ကြီးလိုပဲ။ကြည့်ရင်းကြည့်ရင်း မကြာခင် အသက်ကုန်တော့မယ်။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်တွေအတွက် နေရာမပေးနိုင်ဘူး။ပညာတတ်တွေခမျာ ကိုယ့်တိုင်းပြည်တွင်းမှာ ပညာနဲ့ အသက်မွေးဝမ်းကြောင်းလို့ မရဘူး။ ပညာတတ်တွေအပေါ်မှာပညာတတ်မဟုတ်သောသူများရဲ့ ဆင်ခြင်စာနာမဲ့ ဖိစီးမှုတွေကြောင့် ကိုယ့်ပြည်တွင်းမှာ အနှစ်နှစ်အလလပျိုးထောင်ထားတဲ့ ပညာတတ်အသီးအပွင့်တွေဟာ မျိုးစေ့လည်းမှန် ပင်လည်းသန်ပါလျက် ပေါင်းမြက်ခြုံရိုင်းတွေကိုမတိုးနိုင်လို့ သူများရပ်ရွာက မြေတောင်မြှောက်ပေးမယ့်သူတွေ လက်ကို ပါကုန်ပြီ။

တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ့်တိုင်းပြည်က သူများဆီထွက်ကုန်တာပညာတတ်တွေချည့်ပဲ မဟုတ်ပါဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ် အရွယ်ကောင်းကလေးတွေမှန်သမျှ

တောရောမြို့ပါမကျန် နိုင်ငံခြားကို ထွက်ကုန်တယ်။ ထင်ကြေးနဲ့ ရမ်းပြောနေတာ မဟုတ်။ ကိုယ်ကိုယ်တိုင်လည်းတောကရွာကလာတာ။ သားချင်းဆွေမျိုး ညီငယ်ညီမငယ်တွေ သန်သန်စွမ်းစွမ်းဆို ရွာမှာ တစ်ယောက်မှမရှိတော့ဘူး။ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ သွားတုန်းကလည်း ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေတဲ့ရွာတွေကိုယ်တိုင်တွေ့ခဲ့ရတယ်။ မြစ်ဝကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ ကလေးဆရာဝန်မမကလည်း စာလေးပေလေးရေးပါဦးတဲ့။ ကုန်ကြမ်းတွေ လှမ်းပေးရှာတယ်။ ရွာတွေမှာ ဆယ်နှစ်လောက်ဆို ကလေးတွေ ပျောက်ပျောက်ကုန်ပြီ။ရန်ကုန်တက် အိမ်ဖော်လုပ်၊ စားပွဲထိုးလုပ်၊ ပွဲစားခတတ်နိုင်ရင် နိုင်ငံခြားထွက် ကျွန်ခံရလို့အထက်တန်းကျောင်းတွေမှာ ကျောင်းသားမရှိတော့ဘူးတဲ့။ အလကားပဲလေ။ အချိန်ကုန်၊ ငွေကုန်၊အလုပ်မရ၊ အကျိုးမရှိ၊ ကျောင်းဆရာမတွေတောင် ရွာက တင်ကျွေးထားရတဲ့ ဥစ္စာ။ ပညာတတ်မျိုးဆက်တောင်ပြတ်တော့မယ့်ပုံပဲ။ ပညာဆိုတာကြီးက စားဝတ်နေရေးအတွက်မှ သုံးမရရင် ဘယ်နေရာ သွားသုံးဖို့လဲ။ကိုယ့်တစ်ကိုယ်တည်း ကောင်းဖို့ စဉ်းစားတာ မဟုတ်ဘူး။ ပြည်တွင်းမှာ ဟိုအသိုင်းအဝိုင်းကျောထောက်နောက်ခံမရှိရင် ရပ်တည်ရှင်သန်ဖို့ အခွင့်အလမ်းက မဖြစ်နိုင်သလောက်ပဲ။

နောက်ဆုံးတော့ကိုယ်တို့ဆီကနေ ယိုစီးပြုန်းတီးပြီး အပြင်ထွက်သွားတာတွေဟာ လူငယ်လူရွယ်အများစု ဖြစ်တဲ့အတွက်အနာဂတ်တွေဆုံးရှုံးသွားတာလို့ ပြောရင် ပိုမှန်လိမ့်မယ်။ ကိုယ်တို့ရှေ့က မျိုးဆက်တွေဟာတိုင်းပြည်ရဲ့ သယံဇာတနဲ့ ကုန်ထုတ်လုပ်ငန်း အသီးအပွင့်တွေကို ကိုယ်တို့အတွက် အမွေမပေးခဲ့နိုင်ရုံတင်မကဘူး။ကိုယ်တို့လက်ထက်ရောက်မှ သီးပွင့်ဖွံ့ဖြိုးလာမယ့် အညွန့်အဖူးကလေးတွေကိုပါ ဘာမှမကျန်အောင်ခူးဆွတ်စားသုံးသွားပြီ။ ဒါကြောင့် ကိုယ်တို့မျိုးဆက် သူများတိုင်းပြည်မှာ ထွက်ရှာရတာဟာကိုယ်တို့စားသုံးဖို့မဟုတ်ဘူး။ ကိုယ်တို့ သားသမီးတွေ စားသုံးဖို့လည်း မဟုတ်ဘူး။ အဲ့ဒါတွေလည်းပါတော့ ပါတာပေါ့။ မပါမဖြစ် ထည့်တွက်ထားရမှာက ကိုယ်တို့ရှေ့က သွားနှင့်ပြီးသော ဘိုးတော်ဘတော်များမြိန်ရည်ယှက်ရည် စားသုံးနိုင်ပါစေကြောင်းက အဓိကပါတယ်။ မဟုတ်ဘူးလို့ထင်ရင် သက်သေပြရသေးတာပ။ကချင်ပြည်နယ်က ကျောက်စိမ်းအထွက်ဆုံးဒေသ မဟုတ်ဘူးလား။ အဲ့သည်ကျောက်စိမ်းတွေ ရောင်းတဲ့ငွေတွေကို စစ်ပြေးဒုက္ခသည်စခန်းက ကျောင်းမတက်နိုင်တဲ့ ကလေးလေးတွေ ထမင်းစားဖို့ရသလား။ မနောပွဲမှာကချင်လွယ်အိပ်ကလေးလွယ်ပြီး ဓါးကလေးလှည့်ကာလှည့်ကာ ကပြတဲ့ လခသိန်းငါးဆယ်တန် ဘဘကြီးကရသလား။ ရှင်းရှင်းလေးရယ်။

ကိုယ်တို့လို အဖြစ်အပျက်မျိုးဆိုတာ တံခါးဖွင့်ပေးလိုက်တဲ့ နိုင်ငံတိုင်းမှာတွေ့ရပါတယ်တဲ့။

ဝေးဝေးသွားကြည့်စရာမလိုဘူး ကိုယ့်ဘေးမှာတင် တရုတ်နဲ့ အိန္ဒိယရှိတယ်။သူတို့ဆီကလည်း ပညာတတ်လူသန်းပေါင်းများစွာ တိုင်းပြည်ပြင်ပမှာ ထွက်ပြီး ကျင်လည်ကျက်စားကြရတယ်။ဒါပေမယ့် ရေရှည်ကို မျှော်တွေးကြည့်တော့ အဲ့ဒါ Brain drain မဟုတ်ပါဘူး။ Brain gainပါတဲ့။ အချိန်တန်တော့ သူတို့လူမျိုးတွေဟာ တသက်လုံးရှာဖွေ စုဆောင်းထားတဲ့ အရင်းအနှီးများရောအတတ်ပညာများပါသယ်ဆောင်ပြီး သားရွှေအိုးထမ်းလာတာမို့ ကိုယ့်တိုင်းပြည်အတွက် မနစ်နာပါဘူးတဲ့။ဒါကြောင့်လည်း “ပေတစ်သောင်းမြင့်တဲ့ အပင်ဖြစ်ပစေ။ အရွက်ကြွေရင်တော့ အမြစ်ရှိရာ ပြန်လာကြ။”လို့ ပညာရှိမှာတမ်းချွေတာ ဖြစ်မယ်။ သည်လိုဆိုရင် ကိုယ်တို့လည်း ရေခြားမြေခြား စွန့်စွန့်စားစားအလုပ်ထွက်လုပ်နေသူတွေ ကိုယ့်တိုင်းပြည်ကိုယ် ပြန်လာရင် လုပ်ငန်းအတွေ့အကြုံ ကျွမ်းကျင်ပြီးသေားရောစုမိဆောင်းမိ ငွေကြေးအရင်းအနှီးများပါ သပိတ်ဝင်အိပ်ဝင် ပြန်ဝင်ရချည်သေးရဲ့ လို့ အားတက်ရတော့မှာပေါ့နော်။ကိုယ့်ညီများ ညီမများ နိုင်ငံရပ်ခြားမှာ ကြိုးစားရုန်းကန်ရင်း အထုပ်နဲ့အထည်နဲ့ လောက်လောက်လားလားရှိလာရင် မြန်မာပြည် ပြန်လာခဲ့ကြလကွဲ့။ တို့ပြည်မှာ ရေလည်း ပိုချိုသကွဲ့။ မြက်လည်းပိုစိမ်းသကွဲ့။အပျိုစင်အလန်းဇယားကလေးများလည်း အဘလက်၊ အဘတပည့်လက်၊ အဘသားမြေးတွေလက်က လွတ်အောင်ရှောင်နိုင်ရင်၊သူတို့ကဆွဲစားပြီး ပြန်စွန့်လိုက်ရင်၊ သူတို့စိတ်ထဲ မပြစ်မှားလောက်ဘူး လို့ထင်ရင်၊ရွေးစမ်းပါလေ့ ကိုယ့်လူရာ။ အဲ့လိုအဲ့လို မက်လုံးကလေးတွေပေးလို့ ပြန်မလာပဲ မနေဖြစ်အောင်ပေါ်လစီလော်ဘီစာကလေးများ ရေးရကောင်းမလား စဉ်းစားမိတယ်။

ကိုယ့်မွေးရပ်မြေနဲ့ နှစ်ရှည်လများ ခွဲခွာနေရတဲ့သူဆိုတာ ကိုယ်ကတစ်ခွန်းမှမဆွယ်လည်းပဲ သူ့ဟာသူတော့ ပြန်ချင်တဲ့စိတ် ရှိတာပဲ။ သူများရပ်ရွာမှာ ရေဘယ်လောက်ကြည်ကြည်၊မြက်ဘယ်လောက်နုနု၊ ကိုယ့်ဇာတိမွေးမြေကို မေ့သွားမှာတော့ မဟုတ်ဘူး။ အလုပ်အကိုင် အဆင်ပြေ၊စုစုဆောင်းဆောင်း အဖတ်တင်လာပြီဆိုရင် ဒါလေးနဲ့ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ရင်းနှီးလုပ်ကိုင်စားရရင်လူမချမ်းသာဦးတော့ စိတ်တော့ ချမ်းသာရမှာ အမှန်ပဲ လို့ တွေးမိတတ်တယ်။ ကိုယ်နဲ့သိတဲ့လူတချို့ဟာလည်းအဲသည်ကိစ္စ ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ကြတယ်။ ဟိုမှာ သူတို့ရနေတဲ့ လစာငွေကြေး၊ခံစားခွင့်မျိုးကို ပြည်တွင်းမှာရဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် တော်တော်များများကလခစားဆက်လုပ်ရမှာကို စိတ်ကုန်နေပြီ။ ကိုယ်ပိုင်စီးပွားရေးသာ လုပ်ချင်ကြတယ်။ ရုပ်ရှင်ထဲမလည်းတွေ့ဖူးတယ်လေ။ မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ်၊ နိုင်ငံခြားကပြန်လာရင် နံကထိုင်ကြီးနဲ့ချီးပုံးကြီးနဲ့ ကုမ္ပဏီထောင်ပြီး ပေါတောတောတပည့်တွေမွေး၊ ဖူးစာရှင်လှည့်ရှာတော့တာပဲ။(ဟွန့် လူများ ငပေါကြီးမှတ်လို့။ သူ့တပည့်လုပ်စရာလား။) ကိုယ့်စိတ်ထဲမှာတော့ အဲ့လိုအခါမျိုးကျရင်လေထဲဆောက်တဲ့ တိုက်အိမ်ကြီးတွေကို ပြေးပြေးမြင်မိတော့တာပဲ။ ဟုတ်တယ်။ ကိုယ်တို့မြန်မာပြည်စီးပွားရေးရင်းနှီးမြှုတ်နှံမှုအပိုင်းက လေထဲတိုက်အိမ်ဆောက်တတ်မှရတယ်။

ဥပမာ ဆိုကြပါစို့။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ ပညာရေးကျန်းမာရေး အသုံးစားရိတ်တွေကို နိုင်ငံတော်က အားပါးတရကြီးကူးတို့ဆိပ်မှာ မှို့အိပ်ဖွင့်သလို ဖွင့်ချ သွန်ချလိုက်တယ် ဆိုပါစို့။ နဂိုက ကုတင် ၁၀၀၀ဆန့်ဆေးရုံကြီးကို ဖွဲ့စည်းပုံတိုးချဲ့ပြီး ကုတင် ၃၀၀၀ လို့ အဆင့်မြှင့်ပေးလိုက်တယ်ထား။ လူနာဆောင် အသစ်ကြီးတွေ၊

ခေတ်မီစက်ကိရိယာပစ္စည်းတွေကိုခဏအသာထားလိုက်စမ်းပါဦးလေ။ လောလောဆယ် မရှိမဖြစ် လိုအပ်တာက နောက်ထပ် ကုတင် အလုံး ၂၀၀၀ဝယ်ရတော့မယ်။ ဘယ်စတိုးဆိုင်မှာမှ ကုတင်အလုံး ၂၀၀၀ လက်ညှိုးထိုးပြစရာ အဆင်သင့်မရှိဘူး။ဒါပေမယ့် လိုအပ်တဲ့ ကုတင်အလုံး ၂၀၀၀ ကို သတ်မှတ်ရက်အတွင်း ဆေးရုံကိုအရောက်ပို့ပေးနိုင်မယ့်အထဲကချိတ်ပိတ်တင်ဒါခေါ်ပြီး ပစ္စည်းလည်းအကောင်းဆုံး၊ ဈေးလည်းအသက်သာဆုံးဆိုတဲ့လူဆီက စာချုပ်ချုပ်ပြီးအစည်းအဝေးဆုံးဖြတ်ချက်အရဆို ဝယ်ကြတယ်။ အဲ့ဒီတော့ ရောင်းမယ့်လူဟာ သူ့လက်ထဲ ကုတင် ၂၀၀၀ပြစရာမလိုဘူး။ စာရွက်ကလေးပေါ် ပစ္စည်းနမူနာကလေး ပြလို့ အရုပ်ရေးရောင်းတာ။ အရင်းဘယ်လောက်၊အမြတ်ဘယ်လောက်၊ သယ်ယူပို့ဆောင်ခဘယ်လောက်။ ဘာမှ တွက်စရာမလိုဘူး။ ဈေးပြိုင်တင်ဒါမှာ ဘယ်လောက်နဲ့ဝင်ရမလဲပဲ သိစရာလိုတယ်။ ဒီနေရာ ဒီလေလံပွဲဟာ သူ့အတွက်လုပ်တာမဟုတ်ဘူး။ ရည်စူးပြီးသားလူရှိမရှိဆိုတာလည်း သိမှရတယ်။ သူများနိုင်ငံတွေမှာလုပ်သလို “ကျွန်တော်တို့ကုမ္ပဏီက ကုန်ပစ္စည်းများဟာအရည်အသွေးကဘယ်လို၊ ဝါရန်တီကဘယ်လို၊ မိန်တိန်းနန့်က ဘယ့်နှယ်” တွေ လာမပြောနဲ့။ အဲ့ဒါတွေသည်မှာ မလိုဘူး။ ကိုယ့်ဆီက ကြိုက်ရောင်းကြိုက်ဝယ်။ “ငါ့လက်ကလွတ် ဗြွတ်” စံနစ်။ သည်နေ့ဝယ်ပြီးနောက်နေ့ပျက်သွားရင် လွှင့်သာပစ်လိုက်။ ကွန်ပလိန့်တက်စရာ ကုမ္ပဏီက ရုံးခန်းတောင် မရှိဘူး။ခါတော်မှီ။

ဒါက ဝယ်တဲ့လူအပိုင်းပဲ ရှိသေးတာ။ ရောင်းတဲ့လူအပိုင်းကို သွားကြည့်ကြဦးစို့။ဒါမျိုးကို ကိုယ်တို့ဆီမှာ ခွင် လို့ခေါ်တယ်။ ခွင်မရှိပဲ ခွင်မဖန်ပဲ ဘာကိုမှ လုပ်စားလို့မရဘူး။ဟောအခု စိုင်ကော်လို့ ခြုံပေါ်ရောက်။ လူကြီးနဲ့ နီးစပ်ပြီး ခွင်ကောင်းကောင်းတစ်ခု မိသွားပြီ။(ဆေးခွင် ဆေးခွင်) တင်ဒါအောင်ထားတာ ကုတင်အလုံး ၂၀၀၀။ ကိုယ့်ဆီမှာရှိတာ နှစ်ဒါဇင်တောင်မပြည့်။ ဆိုင်တကာလှည့် ရှိသမျှကုတင်တွေ အကုန်လိုက်သိမ်း။ နိုင်ငံခြားကလှမ်းမှာ။ သင်္ဘောကြီးနဲ့ပါလာမယ်ပြောထား။ ရှိရှိသမျှ တံခါးမှူးဒတ္တတွေအကုန် လမ်းကြောင်းနဲ့ဝေထား။ ဒါ လူကြီးပစ္စည်းတွေ။မကြာစေရန် ရတနာချွေရန် ရာကုဋေအမြန်ဆိုတဲ့အတိုင်းပေါ့။ သူတို့တတ်ပါတယ်။ စာချုပ်ချုပ်လိုက်တဲ့အချိန်ကနေပစ္စည်းတွေအပ်ပြီးတဲ့အထိ အားလုံးချောချောမောမော ဖြစ်ပြီဆိုမှ လက်ဝါးချင်းရိုက်လိုက်တော့။အောင်ပြီ သား အောင်ပြီ။ ဒါ ဥပမာပေးတာနော်။ အချိန်တိုင်း နေရာတိုင်းမှာ အဲသည်သဘောအတိုင်းပဲစီးပွားရေး လုပ်ကြရတယ်။ ဂိမ်းကစားသလိုပေါ့။ တစ်ပွဲသိမ်းလို့ တစ်ချီပွရင် နောက်တစ်ပွဲဆက်တက်ကြမယ်။အဲ့သလို အရာခပ်သိမ်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နေဖို့ဆိုတာ ကိုယ်တို့ရွှေပြည်ကြီးမှာ ဘယ်အရပ်သားတတ်နိုင်သလဲ ပြောစမ်းပါ။ တကယ်လို့များ တနေရာရာမှာ အကြောင်းတစ်ခုခုနဲ့ ကြန့်ကြာတစ်ဆို့သွားမယ်ဆိုရင် ကိုယ့်အစွမ်းအစနဲ့ ရှင်းနိုင်ရှင်း၊ မရှင်းနိုင် ပတ်ရှုတ်ကုန်ကြရော။

အရာရာ မတည်မြဲတဲ့ သင်္ခါရလောကကြီးထဲမှာ ကိုယ်တို့ဆီက စီးပွားရေးရင်းနှီးမြှုတ်နှံမှုများဟာအကောင်အထည် မမြင်ရသော လုပ်ပိုင်ခွင့်အာဏာဆိုတဲ့ လေဟာနယ်ထဲမှာ တိုက်အိမ်ကြီးလည်းဆောက်ကြတယ်။တံတားကြီးလည်းခင်းကြတယ်။ နန်းတော်ကြီးလည်း တည်ကြတယ်။ ဒါပေမယ့် ပြောင်းလဲသော သင်္ခါရတရားအရသူတို့ရဲ့တည်မှီရာ အာဏာပိုင်ကြီး ယိမ်းယိုင်သွားတဲ့အခါ ဘယ်လောက်ပဲ စံနစ်တကျ အခိုင်အမာတည်ဆောက်ပြီးသားဘုံဗိမ္မာန်ကြီးပဲ ဖြစ်ဖြစ်

လေထဲဆောက်တဲ့တိုက်အိမ်မှန်း သိသာသွားတော့တယ်။ သတင်းစာထဲမှာဟိုးလေးတကျော်ဖြစ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းစုကြီးက ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။ သူရောက်ခဲ့တဲ့နေရာဟာရန်ကုန်မြို့မှာ ပါချီပါချဲ့ လိမ်စားညာစား အာဝါဒါးကန်ထရိုက်အဆင့်အတန်းမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်လည်း လူတွေအများကြီး ယုံကြည်အပ်နှံပြီး ခွင်ပေါင်းများစွာ ဆင်ထားနိုင်ခဲ့တာ။ ဒါပေမယ့် သူလေထဲဆောက်တဲ့ တိုက်တွေပြိုတဲ့အခါ ရှိသမျှစည်းစိမ်တွေ ပြုတ်ပြုတ်ပြုန်းရုံတင်မကဘူး။ လူလိမ်လူညာ၊ ကတိမတည်တဲ့သူ၊ ငါးပြားဖိုးမှ ယုံစားဖို့ မကောင်းတဲ့သူ၊ အမှုတစ်သန်းနဲ့ မသေမချင်းထောင်ထဲကိုသွားစေသတည်း ဆိုတာမျိုး ဖြစ်သွားတယ်။

အဲဒီလူကြီးနဲ့ကိုယ်နဲ့က နံမယ်တောင် မမှတ်မိတာမို့ ဘုမသိဘမသိ သူ့ဘက်ကရှေ့နေလိုက်စရာ အကြောင်း မရှိပါဘူး။ ပိုက်ဆံတွေ ဆုံးတဲ့သူတွေအတွက်တော့ သူဟာ လူလိမ်ပေါ့။ဒါပေမယ့် အဲသည်ပိုက်ဆံတွေမဆုံးပဲ ကတိအတိုင်း ပြီးအောင်ဆောက်သွားနိုင်ရင်တော့

လေးစားလောက်သောလုပ်ငန်းရှင်ကြီးပေါ့။ အဲသည်ပုံရိပ်နှစ်ခုအကြားမှာ ကာယကံရှင်က တစ်ယောက်တည်းပဲ။ သူလော်မာပြီးလူတကာကိုလိမ်စားလိုက်မယ်ဟဲ့လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ မလိမ်မဖြစ် လိမ်ရတဲ့ဘဝရောက်အောင်အကြောင်းတစ်ခုက တွန်းပို့သွားတာ။ သူ့လိုမျိုးလူတွေ ကိုယ်တို့တိုင်းပြည်ရဲ့ စီးပွားရေးလောကထဲမှာတပုံကြီးပဲ။ အချီကြီးကြံလာခဲ့ပြီးမှ ဘဝပါပျက်သွားရတာ။ သူဌေးဖြစ်မလား ခွေးဖြစ်မလားဆိုတာကိုယ့်စွမ်းဆောင်ရည် ကံ၊ ဥာဏ်၊ ဝီရိယ သက်သက်ထက် သူတပါးဘုန်းရိပ်ကံရိပ်ကို မှီထားရတာကြောင့်ဖြစ်ရလေတယ် လို့ ထင်မိတာပဲ။ ကိုယ်နဲ့အင်မတန် ရင်းနှီးတဲ့သူတွေထဲမှာ မြန်မာပြည်စီးပွားရေးလောကထဲမှာမသိသူမရှိ၊ သိက္ခာရှိရှိ၊ နံမယ်ကောင်းတစ်လုံးနဲ့ နေလာသူတစ်ယောက်ရှိတယ်။ အောင်မြင်လာတာလည်းကြောက်ခမန်းလိလိ။ စီးပွားရေးအကွက်မြင်တဲ့နေရာမှာလည်း သူ့ကို ဘယ်သူမှမမီဘူး။ သူလည်းလေထဲမှာ တိုက်အိမ်အကြီးကြီးဆောက်တယ်။ နည်းနည်းနောနောတိုက်အိမ်ကြီး မဟုတ်ဘူး။ မြန်မာပြည်မှာကွန်ဒိုမီနီယမ် မမြင်ဖူးခင်ကတည်းက သူဆောက်နေပြီ။ သူ့လက်နဲ့ထိသမျှ ရွှေဖြစ်နေတဲ့အချိန်မှာစီးပွားဥစ္စာတွေဟာ ဆူနာမီအလားကို တရိပ်ရိပ်တက်လာခဲ့တာ။ ဒါပေမယ့် သူ့တိုက်အိမ်ကြီး ပြိုသွားတယ်။အပြင်ရန်၊ အတွင်းရန်၊ အထက်ရန်၊ အောက်ရန်တွေ ဆုံလာတဲ့အခိုက် သူ့ရှေ့လူတွေ ဖြစ်တဲ့အတိုင်းသူလည်းအမြစ်ကနေအလှဲခံလိုက်ရတယ်။ လူလိမ်လူညာအဖြစ် တရားစွဲအမဲဖျက်နေကြတဲ့အချိန်မှာ သူ ဘယ်သူ့ကိုမှမလိမ်ဘူးဆိုတာ ကိုယ့်လောက်သိတဲ့သူ မရှိဘူး။ ဒါပေမယ့်လည်း မပြေးသော် ကန်ရာရှိခဲ့ပြီ။မကန်သော် ပြေးရုံသာရှိပြီ။ ပေါ်လစီအပြောင်းအလဲနဲ့ ကားဈေးကွက် ကမောက်ကမဖြစ်ချိန်မှာ ရှိုးရွမ်းပိတ်ပြီးဝါးရမ်းပြေးလုပ်ရတဲ့သူတွေလည်း တပုံကြီး။ သူတို့လည်း ကိုယ်နဲ့သိတဲ့လူတွေပါတာပဲ။ လူလိမ်တွေမဟုတ်ဘူး။ ကောင်းရောင်းကောင်းဝယ် စီးပွားရေး လုပ်စားသူတွေ။ ဒါပေမယ့် ကတိမတည်ပဲ ပိုက်ဆံတွေဆုံးကုန်မှတော့လိမ်တာမဟုတ်လို့ ဘာတုန်း။ ချေးထားတဲ့ ပိုက်ဆံပြန်မပေးတာကရော ကလိမ်ကျစ်မဟုတ်လို့ ဘာတုန်း။တကယ်လို့များ မြန်မာပြည်မှာ စီးပွားရေးလုပ်တော့မယ်လို့ အထုပ်ကြီးအထည်ကြီးနဲ့ နိုင်ငံခြားကပြန်လာမယ့်သူတွေဟာ ကိုယ်တို့ဆီမှာ သည်လိုဖြစ်တတ်တဲ့သဘောကလေးတွေကို တွေးမှ တွေးထားမိပါလေစလို့ သတိပေးချင်တာပါ။ သည်ဘက်အရပ်မှာ စီးပွားရေးလုပ်ချင် လေထဲတိုက်အိမ်ဆောက်တတ်မှရမယ်။အခန့်မသင့်လို့ ပြိုလဲသွားခဲ့သည်ရှိသော် လေထဲမှာမို့လို့ အကျမနာဘူးလို့ မထင်နဲ့။ ဘဝပါပျက်သွားတာခဏခဏ မြင်ဖူးတယ် လို့ ပြောချင်တာ။

ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာပြီး ရင်းနှီးမြှုတ်နှံအခြေချလို့ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ Brain Gain ဖြစ်စေချင်ရင်၊ Financial Gain ဖြစ်ချင်ရင်လေထဲမှာတော့ တိုက်အိမ်ဆောက်ဖို့ မစဉ်းစားပါနဲ့။ ဖောင်ဒေးရှင်းကောင်းကောင်းတစ်ခုတော့ခိုင်ခိုင်မာမာ ရှိမှ ဖြစ်မှာပါ။ အဲ့ဒီဖောင်ဒေးရှင်းက “ငါးနှစ်လောက် ဆက်ပေးလုပ်ပါဦး။စင်္ကာပူလို ဖြစ်သွားစေရမယ်။” လို့ မရှက်မကြောက် အာမခံရဲသူကြီး မဟုတ်ဘူး။ (မြေနီကုန်းလှည်းတန်း တံတားနှစ်ခုနဲ့တင် ငါးနှစ်ကုန်ခဲ့တာ သူမဟုတ်သလိုပဲ) ဆွယ်တာကလေးထိုးပြီး သိန်းရာထောင်ချီရောင်းလို့ရတဲ့ဘွားတော်လည်း မဟုတ်ဘူး။ (အခုလောလောဆယ် သူနဲ့ စကားမပြောဘူး၊ သူတက်တဲ့ပွဲတွေ လုံးဝမတက်ဘူးလို့ဘူးခံနေတဲ့ ခရိုနီကြီးတွေဟာ ဘွားတော်ကြီး အာဏာရကြည့်။ နေ့မကူးဘူး။ ပြေးကပ်ကြမှာ။) ဘယ်အစိုးရတက်တက်အဂတိလိုက်စားခြင်းကင်းသော ဌာနဆိုင်ရာနဲ့ တပ်ဘက်အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာမှဖြစ်မှာ။ တရားမဝင်ငွေကြေးများ ခဝါချခြင်းကင်းသော၊ အာဏာရှင်အပေါ် မှီခိုခြင်းကင်းသောဘဏ်စံနစ်လည်း ရှိမှ ဖြစ်မှာ။ ဆုတောင်းလေ ဆုတောင်း။ ဆုတောင်းပြည့်တော့ ပြန်လာခဲ့။ ဟုတ်ပြီလား။

Credit to Saya Soe Min

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:“လေထဲဆောက်သော တိုက်အိမ်များ” digg:“လေထဲဆောက်သော တိုက်အိမ်များ” spurl:“လေထဲဆောက်သော တိုက်အိမ်များ” wists:“လေထဲဆောက်သော တိုက်အိမ်များ” simpy:“လေထဲဆောက်သော တိုက်အိမ်များ” newsvine:“လေထဲဆောက်သော တိုက်အိမ်များ” blinklist:“လေထဲဆောက်သော တိုက်အိမ်များ” furl:“လေထဲဆောက်သော တိုက်အိမ်များ” reddit:“လေထဲဆောက်သော တိုက်အိမ်များ” fark:“လေထဲဆောက်သော တိုက်အိမ်များ” blogmarks:“လေထဲဆောက်သော တိုက်အိမ်များ” Y!:“လေထဲဆောက်သော တိုက်အိမ်များ” smarking:“လေထဲဆောက်သော တိုက်အိမ်များ”

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter