Myanmar Blog » Articles, Asia Entertainment, Blogroll, Knowledge Base, Myanmar/Burmese, Notes » “အသစ်ရှာချစ်ပြီး ပျော်ပါတော့နော်” by Saya Soe Min

“အသစ်ရှာချစ်ပြီး ပျော်ပါတော့နော်” by Saya Soe Min

    Japanese Street Fashion

    Scans from Cutie Magazine June 2009

    shwedarling.com/blog

    Hla Nu Tun, National Director of Miss Asia Pacific World 2014, Photos

    Many people are curious about what Hla Nu Tun, National Director of

    shwedarling.com/blog

    Buffet

    ဆရာမ စာလဲဆုံးသွားရော ကိုယ်ကိုယ်ကိုရှက်လိုက်တာ။ ဆရာကြီးဦးအောင်သင်းရဲ့ သမီး အန်တီ မော်မော်သင်းရေးထားတာပါ။ ဆရာကြီး သမီးပီသလှပါတယ်အန်တီ။ တကယ် မှတ်သားရပါတယ်။ စာရှည်ပါတယ်။ ဒါပေမယ့်

    shwedarling.com/blog

    Pwint & Nang

    shwedarling.com/blog

“အသစ်ရှာချစ်ပြီး ပျော်ပါတော့နော်” 

        အာရုံတွေ နောက်လိုက်တာ။ မြန်မာတွေဟာ အားအားရှိ ကွဲပဲကွဲနိုင်လွန်းတယ်။ သူများနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတယ်လို့ မရှိဘူး။ အလကားနေ သူတို့ချင်း ထသတ်နေကြတာနဲ့ ဟိုက ယာလည်းညက် ကြက်လည်းပန်း အသာလေးကောက်စားရုံပဲ။ သည်ပုံသည်မျိုး သည်အချိုးနဲ့ဆိုရင် ခက်ရချေသေးရဲ့ လို့ စိတ်ပူနေတဲ့သူတွေလည်း ပူနေကြမှာပဲ။ ကိုယ်ကတော့ မပူပါဘူး။ ရွေးကောက်ပွဲနီးတုန်းကလည်း အခုလိုပဲ ပါတီတွေ ရာချီပြီးကွဲခဲ့သေးတာပဲ။ အပြီးသတ်တော့ အုပ်စုနှစ်စုပဲ ကျန်ခဲ့တယ် မဟုတ်လား။ တိုင်းရင်းသားပါတီတွေတောင်မှ အနိုင်နိုင်နေရာယူရတယ်။ ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာတော့ ပိုလို့တောင် သိသာလာတယ်။ အနီပါတီ အစိမ်းပါတီ ပါတီစွဲ ဝါဒစွဲလေးတွေတောင် မရှိတော့ဘူး။ တကယ်တမ်း ထိပ်တိုက်တွေ့လာတာ အုပ်စုနှစ်ခုပဲ ရှိတယ်။ အရင်လူ နဲ့ နောက်လူ။ အဲ့လိုပြောတာပဲ ကောင်းပါတယ်လေ။ တပ်ဘက် အရပ်ဘက် ဆက်ဆံရေးလို့တော့ မပြောချင်ပါဘူး။ ဘာလို့ဆိုတော့ အရင်လူဆိုတဲ့ အုပ်စုတွေက တကယ်တမ်း တပ်ကို ကိုယ်စားပြုထားတာမှ မဟုတ်တာ။ အကာအကွယ်ယူထားတာ သက်သက်ပဲ။ အာဏာရှင်တွေရဲ့ မတရားဖိနှပ်အနိုင်ကျင့်မှုတွေကို လည်စင်းခံနေရတာ အရပ်ဘက်က လူတွေချည့်ပဲ လို့ ဘယ်သူကပြောသလဲ။ တပ်ထဲကလူတွေကမှ သူတို့ရေးတဲ့ “လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပါခင်ဗျား” ဘဝနဲ့ နင်းနင်းမနင်းနင်းပြားနေရတာ။ အာဏာရှင်ဆိုတာ တပ်သားပဲဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ် အတူတူ ခံစားရတာပဲ မဟုတ်လား။ သဘောပြောပါတယ်။ မစွပ်စွဲဝံ့ပါဘူး။

            အခုလည်း ဘာထူးသလဲ။ မဘသ၏ မသ၏၊ အမျိုးစောင့်၏ မစောင့်၏၊ ဟိုလူသည်လူတွေ မွစာကျဲနေအောင် ရန်တွေဖြစ်ကြ ဆဲကြဆိုကြတယ် ဆိုလို့ ခြေခြေမြစ်မြစ် သိရအောင် ဘယ်သူတွေ ဘယ်လိုများ ဖြစ်ရလေတယ်၊ သေသေချာချာ လိုက်ကြည့်မိပါတယ်။ အလကား ခြေရာတစ်ထောင် မောင်မဲခေါင်တွေပါကွယ်။ တချို့များ တစ်ယောက်တည်းနဲ့ ကိုယ့်စာမျက်နှာပေါ်တင် အကောင့်နှစ်ခုဖွင့်ပြီး အပြန်အလှန်ဆဲ နှစ်ကိုယ်ခွဲကားရိုက်နေတယ်။ အားအားယားယား အလကားနေအလကား လိုက်ရှုပ်နေတဲ့သူ တစ်ယောက်မှ မပါဘူး။ သူတို့တာဝန်ကိုက သည်အလုပ်ကိုလုပ်ဖို့ လေ့ကျင့်သင်ကြား ခိုင်းစေထားလို့ သူတို့အလုပ်သူတို့လုပ်နေကြတာ။ ဘယ်သူတွေပြောတာလဲ။ Cyber စစ်သည်တွေလား။ အဲ့လိုတော့ တပ်မတော်ကြီးကို မစွပ်စွဲပါနဲ့ကွယ်။ မင်းတို့မယ်ဖျားကို ဆဲနေတဲ့သူတွေ ဖေ့စ်ဘုတ်ပေါ်တင် ဟောတစ်ယောက် ဟောတစ်ယောက်၊ တရားစွဲလို့တောင် မကုန်။ အကုန် အရပ်သားတွေချည့်ပါပဲ။ ဝ အက္ခရာနဲ့ ဆယ်လီတွေဆို စစ်တပ်နဲ့ ဘယ်နေရာမှ မပတ်သက်ဘူး။ ကိုယ့်ဘာသာကိုယ် လူတကာနဲ့ မတည့်တိုင်း သည်အဖွဲ့အစည်းတစ်ခုတည်းကို သတ္ထုလာချတာကတော့ နည်းနည်းများသွားပြီ မဟုတ်လား။ အေးပါ။ ဟုတ်တယ် မဟုတ်တယ်။ ရှေ့ဆက်ပြီး ရေရေရာရာ ဆက်လေ့လာကြည့်ကြတာပေါ့။

            အစိုးရသစ်ကို သည်းသည်းမည်းမည်း ဆန့်ကျင်တိုက်ခိုက်နေတဲ့သူတွေဟာ သိပ်အများကြီး မရှိပါဘူး။ လူလဲနဲ့တောင် မသုံးနိုင်။ သည်လူ သည်လူတွေချည့်ပဲ ထပ်ထပ် မြင်နေရတယ်။ စစ်ကိုင်းမှာ ဆန္ဒပြတော့လည်း သူတို့ပဲ။ ဘာမှ မကြာဘူး။ ပုသိမ်ကို ရောက်သွားပြန်တာလည်း သူတို့ပဲ။ လှိုင်သာယာမှာလည်း တွေ့ပြန်ပြီ။ ဟော အခု ရခိုင်တောင် ရောက်သွားပြန်ပေါ့။ တခါတခါ လူဝတ်ကနေ သင်္ကန်းတောင် ပြောင်းဝတ်လိုက်သေးတယ်။ ကျောင်းသားဆို ကျောင်းသားလုပ်ပြန်ပြီ။ အလုပ်သမားဆို အလုပ်သမား ဖြစ်သွားပြန်ပေါ့။ နိုင်ငံကို မတည်မငြိမ်နဲ့ ဆူဆူပူပူ ဖြစ်အောင် သွေးထိုးလှုံ့ဆော်တာနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်တာနဲ့ဟာ တူမှမတူပဲနဲ့။ သည်လူတွေကို ကိုယ်လို ဖေ့စ်ဘုတ်ပေါ်က တစ်ဖဝါးမခွာနေတဲ့သူတွေတောင် မျက်နှာကြီး မြင်ပြီး အလွတ်ရနေပြီ။ တာဝန်ရှိတဲ့ အစိုးရဆိုတဲ့သူတွေက မဖမ်းဘူးလား။ မတားဆီးဘူးလား။ သည်လိုပဲ လွှတ်ထားသလား။ အဲ့ဒါဆိုရင် အစိုးရကိုယ်တိုင်က ဆူပူမှုတွေ ဖြစ်စေချင်နေတာ လို့ အဓိပ္ပါယ် သက်ရောက်သွားမှာပေါ့။ သူတို့နောက်ကြောင်းကို စုံစမ်းဖော်ထုတ်ဖို့ အစိုးရကိုယ်တိုင်က ရဲတပ်ဖွဲ့အပေါ်၊ ထွေအုပ်အပေါ်၊ စအဖအပေါ် အာဏာမတည်လို့လား။ ဒါမှ မဟုတ်ရင် သည်လူတွေ နောက်ကွယ်မှာ အစိုးရကိုယ်တိုင်က လက်လှမ်းမမီတဲ့ ဒါမှမဟုတ် ရင်ကြားစေ့ရေးကို ပြိုကွဲသွားစေမယ့် အဖွဲ့အစည်းတစ်ခုခုက အကာအကွယ်ပေးနေသလား စဉ်းစားစရာ ဖြစ်တယ်။ (အန်ဒါလိုင်းထား စဉ်းစားစရာ ဖြစ်တယ်။ မစဉ်းစားချင်လည်း သဘော။)

             တစ်နိုင်ငံလုံးက ဝက်ဝက်ကွဲထောက်ခံကြတဲ့ ပြည်သူ့ခေါင်းဆောင်ကို လူသိရှင်ကြား အပုတ်ချ ဆဲဆိုတိုက်ခိုက်ဖို့ဆိုတာ တော်ရုံ မျက်နှာပြောင်ရုံလောက်နဲ့ မရပါဘူး။ သူ့အိမ်မှာ သူ့အမိသူ့အဖ ရှိနေရင်တောင် သည်လို မလုပ်နဲ့ မပြောနဲ့ အတားခံရမှာပဲ။ ဘယ်မိဘမှ ကိုယ့်သားသမီး ပြည်သူ့ချဉ်ဖတ်ဖြစ်ပြီး အရပ်ကဝိုင်းရိုက်မှာ မလိုလားဘူး။ သည်လိုလုပ်ဖို့ဆိုတာ ပြသနာဖြစ်လာရင် သူ့ကို အကာအကွယ်ပေးမယ့်သူ ရှိတယ်လို့ သေချာမှ သူရမ်းကားရဲမယ်။ ဘယ်သူကမှ အာချောင်မှုနဲ့ ထောင်ထဲ မဝင်ချင်ကြဘူး။ အစိုးရကဖမ်းလို့ ထောင်ထဲဝင်ရတဲ့ကျောင်းသားနဲ့ ရမလားလို့ သွေးတိုးစမ်းရင်း မရှူနိုင်မကယ်နိုင် အထဲရောက်သွားတဲ့ကောင်နဲ့ တူကိုမတူဘူး။ သူ့မှာ ယုံကြည်ချက်ရှိတာမှ မဟုတ်ပဲ။ ဘာသွေးမှ မရှိဘူး။ ကြောက်ချေးပါပြီး သွက်သွက်ခါသွားမှာ။ ကိုယ်ကတော့ သည်လူတွေအနောက်မှာ အကာအကွယ်ပေးနေတဲ့ တစုံတယောက် ရှိကိုရှိလိမ့်မယ် လို့ ယုံကြည်တယ်။ ဒီကိစ္စကို လက်ဆုပ်လက်ကိုင်ဖော်ထုတ်ဖို့ ဘယ်သူ့မှာမှ တာဝန်မရှိဘူးလား။ တိုင်မယ့်သူ မရှိလို့ မဖမ်းတာ၊ ရာဇဝတ်မှု မဟုတ်လို့ မဖမ်းတာဆိုရင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်သော ဆိုပြီး အရင်အစိုးရ လူတကာကို ရေလဲသုံးပြီးဖမ်းတဲ့ ပုဒ်မကြီးက ဘယ်တုန်းက ပယ်ဖျက်ပလိုက်တာတုန်း။ ဒီမိုကရေစီအစိုးရမို့လို့ သုံးမရတော့ဘူးလား။ ဒီမိုကရေစီအစိုးရလည်း ပြည်သူကို အကာအကွယ်ပေးရမှာပဲလေ။ ပြည်သူ့ဆန္ဒမပါပဲ ဆူပူမှုကိုအတင်းလုပ်ကြံဖန်တီးပြီး ရပ်ထဲရွာထဲ မအေးချမ်းအောင်လုပ်နေတာကို အစိုးရက မတားဆီးတာ တာဝန်မကျေတာပဲ။

            ဒါဆိုရင်တော့ သေချာနေပါပြီ။ ဒီလူစုဟာ လက်ရှိအစိုးရရဲ့ အာဏာသက်ရောက်မှုလက်တံနဲ့ မမီ့တမီအရပ်မှာ ရှိလိမ့်မယ်။ သည်လူတွေကို တတိယအင်အားစုအဖြစ် အများပြည်သူတွေ အမြင်မှာ မှတ်မှတ်သားသား ရှိစေချင်တာက သူတို့ကို နောက်ကွယ်က ကာကွယ်ပေးနေတဲ့သူရဲ့ ရည်ရွယ်ချက်ပဲ။ သမိုင်းကြောင်းအရ သိက္ခာအရ ဘယ်လိုမှ မယှဉ်နိုင်တော့တဲ့အခါ လူပြိန်းကြိုက် ဇာတ်ကောင်အသစ်မွေးပြီး စစ်ကြောင်းနှစ်ဘက် ညှပ်တိုက်မယ်ဆိုတဲ့ ဗျူဟာပေါ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့ စသုံးခဲ့တယ်။ မထွက်ခင်ကတည်းက အလံရှူးတွေနဲ့ သတင်းဖြန့်ထားတယ်။ မကြာခင်မှာ ပြည်သူတွေအားလုံး အံ့အားသင့်သွားစေမယ့် နိုင်ငံရေးအင်အားစုကြီးတစ်ရပ် ပေါ်မယ်တဲ့။ မအံ့သြပါဘူးကွယ်။ အရင်တုန်းကလည်း လူမှုရေးအသင်းအဖွဲ့ကြီးဆို အစိုးရဘဏ္ဍာတွေရော အဆောက်အဦတွေပါ အပိုင်သိမ်းပြီး အပြီးသတ်တော့ ကြိုတင်မဲတွေနဲ့ ခပ်တည်တည် လွှတ်တော်ထဲဝင်ထိုင်ခဲ့သေးတာပဲ။ အဲ့သည်ထက်တော့ ထူးအံ့သြစရာ မကောင်းတော့ပါဘူး။ ထွက်လည်းလာရော ရယ်တောင်ရယ်ချင်သေး။ ဘယ်သူတွေများလဲလို့။ သည်လူတွေ ပါတီမထောင်ခင်ကတည်းက မြန်မာအီးကလက်တို့ ပိစင်တာတို့မှာ တွေ့ဖူးပါ့ဗျား။ အစောနက လူကြီးတွေပါ။ ဟိုဘုန်းဘုန်းက ယပ်တောင်နဲ့တကာကြီးတို့ ကာဖီဆိုင်တကာကြီးတို့ဆီ ကြွသလိုပဲ။ ဟိုတကာမကြီးလည်း အီးကလက်ခေါ် ကျောသပ်ရင်သပ် ၁၃ ကျပ်လောက် လုပ်လိုက်တာနဲ့ ဟနုမာန် ၃ ဂါဝုတ်ကြီးသလို ကြီးသွားတာ။ ထင်ပေါ်လို့ စင်တော်က ကောက်တာ မဟုတ်လား ခင်ဗျာ။ မိဘများ မြှောက်စားမှတော့ တောက်ကြွားရုံ ရှိတော့မပေါ့။ တတိယအုပ်စုလို့ နှစ်ကိုယ်ခွဲကစားချင်လည်း ကစားပေါ့။ တကယ်တမ်းကျ တစ်သင်းထဲက လူတွေပဲ ဥစ္စာ။

              ဒါကတော့ နည်းနည်းများသွားတာပေါ့လေ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတောင်ရှိတယ်။ မင်းက နှစ်ပါတီထဲ စဉ်းစားတယ်ဆိုတော့ တိုင်းရင်းသားပါတီတွေကို ဖုတ်လေသည့်ငပိ ရှိတယ်တောင် မအောင့်မေ့တဲ့ သဘောလား။ မဟုတ်ပါဘူး။ တိုင်းရင်းသားပါတီထဲမှာ ဇတ်ဇတ်ကြဲဆို ရခိုင်ပါတီ ရှမ်းပါတီတွေ ရှိတာပေါ့။ ဒီပါတီကြီးတွေဟာ ကိုယ့်ဒေသအတွက်ကိုယ် သီးသန့်ရပ်တည်ရမှာ မှန်ပေမယ့် အစိုးရအဖွဲ့ထဲရောက်သွားရင် အရင်လူနဲ့နောက်လူ ဘယ်သူ့ကို မိတ်ဘက်အဖြစ် သဘောထားမှာလဲဆိုတဲ့ ပြဿနာရှိတယ်။ အလယ်မှာ ခွထိုင်လို့တော့ မရဘူး။ ဘာလို့ဆိုတော့ သူတို့က ပြည်နယ်အစိုးရ တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရအောက်မှာ နေရမှာ။ အဲသည်တော့ သူတို့အနေနဲ့ တိုက်ရိုက် ဆက်ဆံစရာရှိတာ  လောလောဆယ် ရွေးကောက် တင်မြှောက် ခံထားရတဲ့ အစိုးရသစ်နဲ့ပဲ ဖြစ်တယ်။ ဒါကြောင့် သူတို့ကို ဘေးဖယ်မထားဘူး။ ထည့်ကိုတွက်ထားတာ။ ကြံ့ဖွံ့ကလာတဲ့ ဘဘစိုင်းလည်း လွှတ်တော်ထဲရောက်ရင် ဥက္ကဋ္ဌကြီးအောက်ကို ရောက်မှာပဲ။ ဘယ်သူမဆို အစိုးရအဖွဲ့ထဲရောက်သွားရင် သူလာရာ မိခင်ပါတီက နှုတ်ထွက်ရတာမို့ သည်လူတွေဟာ လက်ရှိအစိုးရကို သစ္စာမခံရင် နိုင်ငံတော်ကို သစ္စာမခံတာနဲ့ အတူတူပဲ။ သည်အထဲရောက်မှတော့ ဦးထင်ကျော်စကားနဲ့ ဦးသိန်းစိန်စကား ဘယ်သူ့စကားကို နားထောင်ရမလဲဆိုတာ မေးစရာလိုတဲ့ မေးခွန်းမဟုတ်ဘူး။ စိန်မာဒင်သားမိုးဝင်း တပ်ချင်ရင်  ရွှေမန်းသဘင်မှာ ဆက်ကလို့ ဖြစ်ပါ့မလား။ ဒါကြောင့် သည်လူတွေဟာ အဓိက အုပ်စုနှစ်စုမှာ ဘယ်ဘက်က ပါရမယ့်သူတွေလဲဆိုတာ သိသင့်ပါပြီ။ သူ့လူကိုယ့်ဘက်သားလုပ်ရင် သစ္စာဖောက်တာနဲ့ အတူတူပဲ မဟုတ်လား။

           နိုင်ငံရေးမှာ တွေ့ကရာလူ အနီအစိမ်းခွဲပြီး ကလပ်စီဖိုင်းလိုက်တာ အပြီးသပ်လည်းကျရော ဖွားစု နဲ့ ကာချုပ်ပဲ ငုတ်တုတ်ကြီး ကျန်သလို ဖြစ်နေပြီ။ ဒါကတော့ လွန်ကိုလွန်လွန်းတာ။ စစ်တပ်က နိုင်ငံရေးမှ မလုပ်တာ။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေတဲ့ဟာ။ နေဦး နေဦး။ အထက်က ညွှန်ကြားချက်လာတယ်။ အမျိုး ဘာသာ သာသနာလေးလည်း ထပ်ထည့်ရမတဲ့။ ဘယ်သူ့ညွှန်ကြားချက်တွေ လိုက်နားထောင်နေတာလဲ။ ဦးထင်ကျော်ရဲ့ ညွှန်ကြားချက်ကိုပဲ နားထောင်ရမယ် မဟုတ်ဘူးလား။ နိုင်ငံတော်အင်္ဂါစဉ်ဆိုတာ ရှိတယ်လေ။ အဲ့ထဲမှာ အရင်သမ္မတတို့ အရင်ကာချုပ်တို့ ပါမှမပါပဲနဲ့။ ပါတဲ့သူစကားနားမထောင်ပဲ မပါတဲ့သူစကားမှ နားထောင်မယ်ဆိုရင် အဲ့ဒါ နိုင်ငံတော်ကို သစ္စာစောင့်သိတယ်လို့ ခေါ်နိုင်ပါဦးမလား။ သြော် ဆံပင် ဆံပင် အမြင်လွယ်သလောက် တကယ်နှုတ်တော့ အဟုတ်ခက်တယ်နော်။ အဲသည် အရင်လူ နဲ့ နောက်လူ ဆိုတဲ့ အုပ်စုနှစ်စုအကြားမှာ ကာချုပ်ကြီးကိုယ်တိုင် ကြားညပ်နေရတာ မြင်စေချင်လို့ ပြောတာပါ။ အဆုံးသတ်တဲ့အခါ ဦးသန်းရွှေပဲ၊ ဒေါ်စုပဲ၊ ဦးသိန်းစိန်ပဲ၊ ဗကမခပဲဆိုတဲ့ ပုဂ္ဂလဒိဋ္ဌာန်တွေ ဖယ်ပစ်လိုက်တဲ့အခါ အရင်လူတွေဟာ နောက်လူတွေကို တာဝန်တွေလွှဲပြောင်းယူမယ့်သူလို့ မမြင်နိုင်ပဲ ငါ့ကိုနန်းကျအောင် တိုက်ခိုက်တဲ့သူ၊ defeat လုပ်တဲ့သူ လို့ သဘောထားတာ သွားတွေ့ပါတယ်။ ခန်းဆီးလိုက်ကာကလေး၊ မြက်ခင်းကလေး၊ အဲယားကွန်းအဟောင်းကလေးမှ မထားခဲ့နိုင်လောက်အောင် စိတ်အနာကြီးနာနေကြတယ်။ သာရေးနာရေး ပက်ပင်းတွေ့ရင်တောင် သခင်မ မမဥလို ရွှေမျက်နှာများ လွှဲထားဦးမှာ။ ခုချိန်ထိကို ကလိလို့ ရိလို့ ကောင်းတုန်း။

              ဇာတ်ပေါင်းသော် ဤအဖြစ်အပျက်တို့သည်ကား ယခုအချိန်ကျမှသာလျှင် ဤသို့ဖြစ်သည် မဟုတ်။ လွန်လေပြီးသော ပဝေသဏီ ဦးနေဝင်းကြီး အာဏာတည်ကတည်းကပင် အလားတူ ရှိခဲ့ဖူးပေပြီ လို့ ပြောရမယ်။ ဦးနေဝင်းဟာ ၆၂ မှာ အာဏာသိမ်းပြီး အခြေခံဥပဒေကို ဆွဲတာ ဆယ်နှစ်ကြာတယ်။ ၁၉၇၃ ရောက်မှ ဆန္ဒခံယူပွဲလုပ်ရတယ်။ ဒေါက်တာမောင်မောင် ဆွဲပေးတာ။ ဥပဒေအရ အရပ်သားအစိုးရကို အာဏာလွှဲပေးရမယ့်အခါ သူက မော်စီတုံးလမ်းစဉ်အတိုင်း ပါတီဥက္ကဋ္ဌနေရာကို ယူလိုက်ပြီး နောက်လူအဖြစ် ဦးစန်းယုကို သမ္မတခန့်လိုက်တယ်။ အဲသလိုပဲ ကာချုပ်ကိုလည်း အသစ်ခန့်ရတယ်။ သည်မှာတင် သူ့မှာ အရင်လူသြဇာ နောက်လူတွေဆီမှာ မကျန်မှာစိုးတဲ့ စိတ္တဇဖြစ်လာတယ်။ နောက်တက်မယ့်သူဟာ သူထိုင်ဆိုထိုင်၊ ထဆိုထ၊ ရုပ်သေးလို ကြိုးကိုင်လို့ရမယ့်သူကို လိုချင်တယ်။ ဒါကတော့ ဘယ်သူမဆို စတက်ကာစမှာ ဖေဖေ့စကား နားထောင်ပါ့မယ်။ “ချစ်ဆိုချစ်ပါ့မယ်ဗျ။ ကြိုက်ဆိုကြိုက်ပါ့မယ်ဗျ။ အထုပ်အပိုးနဲ့ခိုးရာ လိုက်ဆို လိုက်ပါ့မယ်ဗျ။” ချည့်ပဲ။ ဒါပေမယ့် ကုလားထိုင်ပေါ် ဖင်ပူလာရင်တော့ ကိုယ့်စိတ်ကိုယ့်ကိုယ် အကွက်တွေ စမ်းရွှေ့တော့တာပါပဲ။ ၈၈ အရေးအခင်းမှာ ဘကြီးဖြိုးနဲ့ ဦးနေဝင်း အဲလေ လူထုနဲ့ အဘိုးကြီးနဲ့ နှစ်ဘက်တည်းဖြစ်တဲ့ ပဋိပက္ခလို့ အရင်တုန်းက ထင်ခဲ့တယ်။ ဒါပေမယ့် သူ့လက်အောက် သူ့သြဇာအောက်ကနေပြီး မသိမသာ အရောက်ပို့တဲ့ နောက်လူခြေတက်ကလေးတွေရဲ့ စနက်မကင်းဘူးဆိုတာ ဘိုးတော်ကြီးက မြွေမြွေချင်း ခြေမြင်တော့ ရိပ်မိတယ်။ လူထုလောက်ကတော့ သူ့မှာ စစ်တပ်လက်ကိုင်ရှိတယ်။ မကြောက်ဘူးလေ။ ငြိမ်အောင်ကောက်ထိန်းအပြီးမှာ သူလုပ်နေကျအတိုင်း နိုင်ငံရေးက ဆုတ်ခြေပြပြီး လူလဲကစားဖို့ ကြိုးစားတယ်။ ခများတို့မကျေနပ်ရင် ကျွန်တော်နှုတ်ထွက်တယ် လို့ ပါးစပ်ကပြောပြီး သူနဲ့အတူတူ သူ့အောက်က ခိုးလိုးခုလုရှိသူတွေ အကုန် ဆွဲခေါ်သွားတယ်။ သူထားခဲ့တဲ့ နောက်လူဟာ လုံးဝ သူ့ကိုမီးသေတဲ့သူ ဖြစ်ရမယ်။ အဲ့ဒီလူတွေကို မလှုပ်နိုင်အောင် ထိန်းဖို့ သူ့ဘက်ကမြင်းရုပ်တစ်ရုပ်ခုန်ပြီး ထောက်ထားတယ်။ ထောက်လှမ်းရေးနဲ့။ 

           အဲသည်နောက် နိုင်ငံရေးမှာသူထားခဲ့တဲ့ နောက်လူတွေဟာ ရံဖန်ရံခါ သူ့ဆီမှာ အကြံဥာဏ်လာတောင်းရင်း လစ္ဆဝီမင်းများလို စစ်ရုံးထဲမှာ ညတိုင်းညတိုင်း အတူတူအိပ်ပြီး ဆက်အုပ်ချုပ်ကြပါတယ်။ သူတို့ထဲက လှေမှောက်မယ့်သူပါရင် အပြင်လူမသိရအောင် အချင်းချင်း ကျိတ်ရှင်းကြပြီး ပဲခူးရောက်ရောက် ပုဂံရောက်ရောက် လမ်းတွေ့တာ အကုန်ကောက်စားပြီး သူတို့လည်း အဟောင်းတန်းထဲဝင်လာတယ်။ စစ်အစိုးရလက်ထက်မှာ ပါတီရယ် ကောင်စီရယ် မရှိတော့ဘူး။ အာမီတစ်မျိုးပဲ ရှိတယ်။ အဲ့ဒါကြီးနဲ့ ဆက်သွားတဲ့အခါ အောက်ကတက်လာတဲ့လူနဲ့ အပေါ်ကပိတ်နေတဲ့သူနဲ့ အရင်လူ နောက်လူ ပြဿနာ ပေါ်လာပြန်တာပါပဲ။ နံပတ်ဝမ်းက နေရာဖယ်မပေးမှန်းသိတဲ့အခါ နံပတ်တူးနေရာ နံပတ်သရီးနေရာနဲ့ သူတို့ဟာသူတို့ အင်္ဂါစဉ်တွေ တပ်ကုန်တယ်။ အဲသည်မှာတင် တွင်း (၁) တို့၊ တွင်း (၂)တို့၊ တွင်း (၃) တို့ ပေါ်လာပြန်ရော။ တို့တာဝန်အရေးကြီးသာ သုံးပါးရှိတာ။ အနှစ်နှစ်ဆယ်ပေါင်းတဲ့ ချစ်လက်ဟောင်းကြီးမှာတော့ အရေးကြီးတာ တစ်ခုပဲ ရှိတယ်။ ငါမရှိရင် ငါ့နေရာ ဘယ်သူနဲ့ထားခဲ့ရမှာလဲ။ အဲသည်အကောင်ကို ငါဆက်ပြီး သြဇာညောင်းနိုင်မှ ဖြစ်မယ်။ ကိုယ့်အချင်းချင်း မတိမ်းမယိမ်းထဲကဆို စိတ်ချရတာမဟုတ်တော့ သည်ကိစ္စ လူမမွေးပဲ ရကိုမရတဲ့အလုပ်။ ဒါနဲ့ပဲ စစ်တပ်မှာ ဗမကလောက်ဖြစ်သွားရင် အထက်က ကိုယ့်ဆရာသမားမရှိပဲ ဘာမှဆက်လုပ်လို့မရတော့တဲ့ဘဝ ရောက်သွားတယ်။ သူတို့မှာလည်း ရွေးစရာမရှိတော့ဘူး။ ဆရာမွေးကိုမွေးရမှ။ ဒါ ရှင်သန်မှုပဲလေ။

            အရင်အာဏာသိမ်းအစိုးရက ၁၁ နှစ်အကြာမှာ သူ့ကိုယ်တိုင်ရွေးချယ်ထားတဲ့ (ပြည်သူကရွေးချယ်တာ မဟုတ်မှန်း အသက်မီသူတိုင်းသိတယ်) အရပ်သားအစိုးရကို လက်လွှဲပေးသွားတယ်။ ဒါတောင် ၂၆ နှစ်အကြာမှာ ကျွမ်းပစ်သွားတယ်။ သူ့နောက်လူက နောက်ထပ် ၂၆ နှစ် ဆက်အုပ်ချုပ်ပြီးတော့မှ အရပ်သားအစိုးရကို မဖြစ်မနေ အာဏာလွှဲဖို့ ဖန်လာတယ်။ ဦးစောမောင်ကြီးတုန်းက တစ်ခါကြံကြည့်သေးတယ်လေ။ ထင်သလိုမဖြစ်ပဲ သူတို့လိုချင်တဲ့နောက်လူမရတာကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေအကုန် ထောင်ထဲထည့်ပြီး အဖိုးကြီးကို အောင်ဖေ မားကို့စ် လုပ်ခိုင်းလိုက်တယ်။ ပြောင်ပြောင်ပဲ။ ရူးချင်ယောင်တောင် မဆောင်နိုင်။ ရူးချင်းရူး ကျန်စစ်သားကြီးပဲ ရုးပါစေတော့။ ဒါမျိုးနောက်တစ်ခါ အဖြစ်မခံနိုင်တော့ဘူး။ အမေရိကန်က ရေကူးချံပီယံခေါ်ပြီး လွတ်ရက်စေ့နေတဲ့ဘွားတော်ကို မရရအောင် ထပ်ချုပ်တယ်။ ရွေးကောက်ပွဲမဝင်နိုင်အောင်။ ပြီးကျမှ နောက်လူတောင် မလွှဲတော့ဘူး။ သူတို့ဘာသူတို့ ဘောင်းဘီလေးချွတ်ပြီး အသစ်ယောင်ဆောင် အုပ်ချုပ်တယ်။ မဲတွေဘာတွေ လာမပြောနဲ့။ အစောကြီးကတည်းက ကိုယ်ဖြစ်စေချင်တဲ့သူ ကြိုထည့်ထားတယ်။ ဘာပြောချင်သေးလဲ။ လူတွေက မေ့တတ်ပါတယ်လေ။ ဘယ်သူပြောလဲ စစ်အစိုးရ။ ဟိုမှာ ခေါင်းပေါင်းကြီးတွေ ချိတ်လုံချည်ကြီးတွေနဲ့ မတွေ့ဘူးလား။ ငါးနှစ်လုံးလုံး အချိုသပ်ထားတယ်လေ။ 

              အားလုံးသိပြီးသားအကြောင်းတွေကို ချေးခြောက်ရေနှူးပြီး အသစ်ပြန်ရှူနေတာ မဟုတ်ပါဘူး။ ကိုယ့်ဆီမှာဖြစ်နေတဲ့  ပြသနာပေါင်း သောင်းခြောက်ထောင်ဟာ အဟောင်းတွေက အသစ်တွေကို ဖယ်မပေးချင်လို့ ဆင်ကြံကြံတဲ့ဆီကနေ စ တယ်လို့ သိစေချင်တာပါ။ သည်စရိုက် သည်ဓလေ့ကြီးကို မဖျက်ပဲ ဘယ်အရွေ့မှ ရှိလာမှာ မဟုတ်ဘူး။ အခုအချိန်မှာ မြန်မာနိုင်ငံကြီးရဲ့ ကံကြမ္မာအပြောင်းအလဲဟာ လူတစ်ယောက်အပေါ်မှာပဲ တည်နေတယ် လို့ ပြောရင် အဲ့ဒါ ဒေါ်စု မဟုတ်ဘူး။ ဦးမင်းအောင်လှိုင်ပဲ။

image

သူဟာ အရင်လူအပေါ်မှာ သစ္စာခံပြီး အရင်လူကို ကာကွယ်မှာလား။ သူ့အလှည့်ကျရင်ကော သူ့ကိုသစ္စာခံပြီး သူ့ကို အကာအကွယ်ပေးမယ့်သူကိုမှ စိတ်ချလက်ချ ထားခဲ့မှာလား။ ၂၆ နှစ် ၂ခါ ပတ်လာပြီးတဲ့ စက်ဝန်းကို သူကမှ မဖြတ်ပစ်ရင် နောက်ထပ် သံသရာဆုံးတိုင် လည်ပတ်နေလိမ့်မယ်။ လူဆိုတာ တစ်သက်မှာ တစ်ခါပဲ သေရတယ်။ အဲသည်အသက်ကိုတောင် တိုင်းပြည်အတွက် ပဓါနမထား စွန့်လွှတ်ဝံ့လို့ စွန့်စားဝံ့လို့ စစ်သားကြီးဖြစ်လာတာပါဆိုရင် ကိုယ့်တိုင်းပြည်အနာဂတ်အတွက် နိုင်ငံသူနိုင်ငံသားတိုင်းအတွက်  နောက်ကွယ်ကနေ ဆက်ထိန်းချုပ်ထားမယ်ဆိုတဲ့ အရိုးစွဲနေသော ထုံးတမ်းစဉ်လာဟောင်းကြီးကို စွန့်လွှတ်ပစ်လိုက်စမ်းပါ လို့ အလေးအနက် တောင်းပန်ချင်ပါတယ်လေ။

Credit to Saya Soe Min

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us: digg: spurl: wists: simpy: newsvine: blinklist: furl: reddit: fark: blogmarks: Y!: smarking:

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter