Myanmar Blog » Articles, Asia Entertainment, Knowledge Base, Myanmar/Burmese » “အောက်တန်းစားတွေနေတဲ့တိုင်းပြည်” by Saya Soe Min

“အောက်တန်းစားတွေနေတဲ့တိုင်းပြည်” by Saya Soe Min

    Myanmar Celebrity Family: Graham’s Family

    Myanmar singer Graham and his family migrated to Perth, Australia a few

    shwedarling.com/blog

    South Korean stars Seol Kyung-gu, Song Yun-ah to wed

    SOUTH KOREA : South Korean stars Seol Kyung-gu, 41, and Song Yun-ah,

    shwedarling.com/blog

    About Khin Hnin Kyi Thar

    ခင်နှင်းကြည်သာ ဆိုသည်မှာ…….. ဒေါက်တာမောင်မောင်စံ(စာရေးဆရာ ကြည်မင်း) နှင့် ဒေါက်တာ ခင်မမတို့၏ သမီးလေးယောက်တွင် အငယ်ဆုံးသမီးဖြစ်သည်။ ဖေဖေသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပြီး

    shwedarling.com/blog

    Photography: Silk on sale in Mandalay, Myanmar

    Photography by exfordy (Flickr) Technorati Tags: mandalay, photography, flickr, myanmar,

    shwedarling.com/blog

“အောက်တန်းစားတွေနေတဲ့တိုင်းပြည်”

          လူတစ်ယောက်နဲ့တစ်ယောက် ထိခိုက်နစ်နာအောင် ဆဲရေးတိုင်းထွာကြတဲ့အခါ အမိကိုပုတ်ခတ်၍ဆဲခြင်း၊ အဖကိုပုတ်ခတ်၍ဆဲခြင်း၊ အမျိုးဇာတိကိုပုတ်ခတ်၍ဆဲခြင်း ဆိုပြီး ရှိပါသတဲ့။ တိုင်းပြည်ကိုပုတ်ခတ်၍ဆဲရေးခြင်းဆိုတာ ရှိလာရင်တော့ တော်တော်ကို မခံချိမခံသာ  ဒေါသထွက်စရာကောင်းမယ့် ဖြစ်ရပ်ပေပဲ။ ဒါပေမယ်လို့ ဆဲရေးတဲ့အခါ အဆဲခံရတဲ့သူဘက်မှာ တဘက်က ပုတ်ခတ်ဆဲဆိုနေသလို မဟုတ်ပဲ အပြစ်အနာအဆာ ကင်းနေလို့ရှိရင် သူ့ဘာသူ ဘာကြီးနဲ့ကိုင်တုပ်တုပ် သူသာလျှင် ကျက်သရေယုတ်ရမယ့် အဖြစ်မျိုးပါ။ ဘုရားရှင်လက်ထက်ကတည်းက “အသင်ပုဏ္ဏား ဆဲရေးသမျှကို ငါဘုရား မခံယူသဖြင့် သင်ပိုင်ပစ္စည်းသာ ဖြစ်တော့သည်။” လို့ မိန့်ကြားတော်မူခဲ့သလိုပေါ့။ ဘယ်သူတွေ ဘယ်လိုပဲ အပနာမ ပြောကြပလေ့စေ။ ကိုယ်ကိုယ်တိုင်က သင်္ကာရှင်းနေလို့ရှိရင် ဘာမှတုန့်ပြန်ပြောဆိုနေစရာ မလိုပါဘူး။ ပိန်းကြာဖက်မှန်ရင် ရေမတင်ဘူးတဲ့။ “ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ရှေးကထက်ကဲ” ဆိုတဲ့ ပတ္တမြားရွှေဂူ ကဗျာလည်း ကြားဖူးတယ် မဟုတ်လား။ အဲ့ဒီတော့ တစုံတယောက်ကများ ကျုပ်တို့တိုင်းပြည်ကို အောက်တန်းစားတွေ နေတဲ့တိုင်းပြည်ပါ လို့ လာရောက်ဆဲရေးခဲ့ရင် ဘာမှ ဂရုစိုက်စရာ မလိုပါဘူး။ သူပြောသလို ငါတို့တတွေဟာ အောက်တန်းစားဘဝရောက်မရောက် ကိုယ့်ဘာသာကိုယ်ပဲ ဆန်းစစ်ကြည့်ဖို့လိုမယ်။ ကိုင်း ပရိသတ်ကြီး သန်းငါးဆယ်ရဲ့အဖြေကို ကြည့်ရအောင်။ ဟုတ်သလား။ မဟုတ်ဘူးလား။ ဖြေကြည့်စမ်းပါ။

             မဖြေခင် အရင်မေးစမ်းပါရစေ။ လူတွေကို ဘယ်သူကတော့ အထက်တန်းစားပဲ ဘယ်သူကဖြင့် အောက်တန်းစားပဲ ဆို ခွဲခြားသတ်မှတ်ရအောင် ဘာနဲ့အတန်းအစားခွဲကြမှာလဲ။ ရှေးရှေးတုန်းကလို အမျိုးဇာတ်နဲ့ လူတန်းစားခွဲတာ၊ အရင်းရှင် အရင်းမဲ့ ဓနငွေကြေးနဲ့ ခွဲခြားတာတွေဟာ သုံးစားလို့မရတော့ဘူး။ လူတကိုယ် အကြိုက်မျိုးစီပဲ။ မြန်မာပြည်မှာ သင်တွေ့ဖူးသော အဆင့်အတန်းမြင့် ပုဂ္ဂိုလ်ဆယ်ဦးအမည်ကို ရေးပါဆိုရင် တစ်ယောက်နဲ့တစ်ယောက် တူမှာကို မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လား။  နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လား။ ဟင့်အင်း ဟင့်အင်း။ သွားလေသူ စိန်ဆရာကြီး အာသာဝတီကိုမှ တ တဲ့သူတွေကလည်း ခုထက်ထိကို မြို့မေတ္တာခံယူနေကြတုန်း။ ပိုက်ဆံပေါမှ ပြောတတ်တယ်ဆိုတဲ့ သူဌေးဝါဒတွေကျတော့လည်း ဦးတေဇ၊ ဦးခင်ရွှေ၊ ဦးဇော်ဇော်ကိုမှ ဘုရားအမှတ်နဲ့ ကိုးကွယ်ချင်ဦးမပေါ့။ ကွီးစိုင်းကိုမှ ဝန်းရံချင်တဲ့သူနဲ့ ကွီးငဲကိုပဲ ဝန်းရံချင်တဲ့သူတွေ ထသတ်ကြတာလည်း ဘာမှ မကြာသေးဘူး။ လတ်တလောဆိုရင် လုလု၊ နီနီ၊ ဖွေးဖွေး ကြိုက်တာကိုရွေး ဝန်းရံလို့ရတယ်။ အကုန် အထက်တန်းစားတွေချည့်ပဲ။ အထက်တန်းကျလွန်းလို့ “သားရေ။ ဒါ အန်တီ့သမီးလေးပါ။” ဆို သမီးကညာ ဆက်လှာခွန်သွင်း ကျွန်ရင်းဗိုလ်ခြေတွေ ဘယ်လောက်ပေါသလဲဆို တိုးလို့တောင်မပေါက်။ ကိုယ့်ဗမာပြည် အထက်တန်းကျတဲ့သူတွေ စာရင်းပေးစမ်းပါဆို သန်းငါးဆယ်စလုံးသာ ထည့်ကောက်သွားပါတော့။ ဘယ်သူ့မေးမေး “မျိုးရိုးက အထက်တန်းစားပေ”  လို့ ဇာတိမာန်သီချင်းဆိုပြမယ့်သူတွေချည့်ပဲ။

            အဲ့တော့ဗျာ။ မထူးပါဘူး။ အထက်တန်းစားတွေ နေတဲ့တိုင်းပြည် လို့ပဲ ပြောကြပါစို့။ ဘယ်သူမဆို ပါးစပ်ပါ အကုန် ပြောချင်တာ ပြောလို့ရတယ်။ ကိုယ်တို့ဆီမယ် လူမပြောနဲ့။ ရေတောင် “အထက်တန်းစားရေ” လို့ ပြောကြလေရဲ့။ မယုံရင် စာအုပ်ပြမယ်။ ဝက်ဝက်ကွဲ ရောင်းရတာ။ အဲသည်အထက်တန်းစားတွေနေတဲ့တိုင်းပြည်ကြီးကို ဧည့်သည်မလာခင် ကိုယ့်ဘာသာကိုယ် အရင်လှည့်လည်ကြည့်ရှုကြဦးစို့ရဲ့။ ကိုယ့်အိမ်ကိုယ်ပြန်ကြည့်။ ကိုယ့်လမ်းကိုယ်ပြန်ကြည့်။ ကိုယ့်မြို့ကိုယ်ပြန်ကြည့်။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်။ တကယ်ပဲ အထက်တန်းကျပြီလား။ အရင်က ဘယ်လိုနေခဲ့သလဲ။ အခု ဘယ်လိုနေသလဲ။ သူများတွေရော ဘယ်လိုနေကြသလဲ။ သူများနဲ့ကိုယ်နဲ့ ယှဉ်ရင် ကိုယ်က အထက်တန်းမှာလား အောက်တန်းမှာလား။ ကိုယ့်ပေါင်ကိုယ်ဆိုတော့ ညှာညှာတာတာလေး ထောင်းကြရအောင်နော့။

              ရှေးတုန်းကနဲ့ ယှဉ်ရင်တော့ တိုးတက်လိုက်တာ အံ့မခန်းပါလေ။ ကိုယ်ငယ်ငယ်က စမူဆာ ပလာတာကို ပြည်သူ့ကုန်တိုက်အောက်မှာ တန်းစီတိုးပြီး ဝယ်စားခဲ့ရတာ။ အခုကြည့်စမ်း။ လောလောဆယ် နောက်ဆုံးဖွင့်ထားတဲ့  မေလီယာဟော်တယ်ကြီးမှာ စပန်းနစ် ဘူဖေးနေ့လည်စာကို တစ်ယောက်မှ ဒေါ်လာနှစ်ဆယ်တည်းဆိုလို့ ဘွတ်ကင်လုပ်ရင် စားပွဲမအားတော့ဘူး။ ရှန်ဂရီလာက ရန်ကုန်မက်ခ်စ်ကဟာတွေကတော့ ရိုးအီကုန်လို့ မစားချင်ကြတော့ဘူး။ အရင်တုန်းက ကရဝိက် နဲ့ အင်းယားလိပ်အပြင် ရွေးစရာမရှိတဲ့ ဂရင်းကျကျဟော်တယ်တွေဆိုတာ အခုအခါမှာ ပူတာအိုနဲ့ ငလိုက်ချောင်းစပ်ထိအောင် စတားတွေ ထည့်စရာမကျန်တော့ဘူး။ တစ်ညမှ ဒေါ်လာလေးငါးရာကလေးပဲ ပေးရတယ်။ ဒီ့ထက် အထက်တန်းကျစရာကို မရှိဘူး။ ဟော်တယ်ရှေ့ လမ်ဘော်ဂီနီရပ်ထားရင် နိုင်ငံခြားသားကတောင် ဓါတ်ပုံရိုက်ယူရတယ်။ ရန်ကုန်ကနေ စင်္ကာပူကို လေယာဉ်စင်းလုံးနဲ့  နေ့တိုင်းကျောင်းသွားတက်တဲ့သူတောင် ရှိတယ်ဆိုရင် ဘာပြောချင်သေးလဲ။ ကားလမ်းတွေပိတ်နေလို့ ရေဒီယိုကလေးနားထောင်မိပါတယ်။ သင်္ကြန်တုန်းက ကြက်ခြေထောက်စွပ်ပြုတ်ရောင်းတဲ့ မမကြီးက သူ့မှာ သိန်း ၈၀ တန် လွီဗွီတန်တွေ လေးငါးလုံး၊ မော်ဒယ်အောက်နေလို့ မကိုင်ချင်တော့ဘူး လို့ ကြွယ်နေတာကြားရတော့ ကိုယ်စီးနေတဲ့ကားတောင် တံတားပေါ်ကထိုးချလိုက်ရမလား၊ ဓါတ်တိုင်နဲ့ ဝင်တိုက်ပလိုက်ရမလား ဝေခွဲမရတော့ဘူး။ အထက်တန်းစားမှ တကယ့်အထက်တန်းစားကြီးပါအေ။

          အဲသည် အထက်တန်းစားတွေနေတဲ့တိုင်းပြည်မှာ မနေ့တနေ့က ကိုယ့်အမေအိမ်ပေါ်ကို တာဝတိန်သာက သုဇိတာသုံးပြီးသား အန်းလီပန်းနုရောင် မရင့်တရင့်ကလေး သစ်ရွက်ကြွေသလို ဝေ့ကာဝဲကာကျလာတယ်။ အရင်တုန်းကလည်း ကျနေကျပါ။ မခံနိုင်လို့ အမိုးမိုးထားတော့ ကျချင်တာကျ မမြင်ရဘူး။ မိုးရွာလိုက်ရင် အဲ့ဒီခေါင်မိုးပေါ်က ဦးမာဃသုံးတဲ့ ကွန်ဒွန်အဟောင်းတွေလည်း ရေနဲ့ ပါသွား အေးရော။ အခုတော့ အမိုးတွေ ဖျက်လိုက်ရတဲ့အခါ အပေါ်အထပ်ထပ်က ပစ်လေသမျှ အမှိုက်တွေဟာ “တံချူတွေတောင် ချူဖို့မလိုပေါင်ရှင်။ ဆီးကြိုလှည့် ဝင့်ကာဝေ့ကာ ကြွေကျလာမယ်အစဉ်။” ဆို မြန်မာ့သားကောင်းတွေ ရှိရာကို ဂုဏ်ပြုသက်ဆင်းနေလေရဲ့။ လူဆိုတာက နေတဲ့အထပ်မြင့်လေလေ။ အထက်တန်းကျလေလေ မဟုတ်လား။ အိမ်ရှေ့ကားလမ်းမပေါ် ကိုယ့်ကားကိုယ်ရပ်ထားလည်း မနက်လင်းတိုင်း ကားခေါင်မိုးပေါ်က ကွမ်းတံတွေးအကွက်လိုက်ကြီးကို  ဆေးကြောရှင်းလင်းရတယ်။  အောက်ထပ်မှာနေရင် အောက်တန်းစားချည့်ပဲ။ မှတ်ထား။

            အောက်တန်းစားချင်း အတူတူတောင်မှ ကိုယ့်ရဲ့ဘဝက ဆရာဝန်မို့ ပိုနုံခြာသလား မပြောတတ်ပေါင်ကွယ်။ ဘယ်အိမ်ရှေ့ကမှ ကားရပ်မခံ။ တာယာ၊ ခုံကျိုး၊ ဝါးလုံးထိုးလို့ အရပ်ထဲ အနူအရွဲလာသလို မောင်းထုတ်တယ်။ သူတို့မဦးနိုင်ခင် နေရာလေးအားလို့ ရပ်မိရင်တောင် စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ရှေ့လာအော်ပြီး သူတို့ကားရပ်မှာမို့လို့ အခုချက်ချင်း ဖယ်ပေးပါ လို့ နို့တစ်စ်ပို့တယ်။ တကယ်ဆို ကိုယ်လည်း အမေ့အိမ် ခနတဖြုတ်လာတာ။ ညအိပ်ညနေ ရပ်မယ့်ကားလည်း မဟုတ်။ ထမင်းစား၊ စကားစမြည်ပြောပြီး တအောင့်တနားဆို ပြန်နေကျ။ သူနေရာမရသေးရင် လွတ်တဲ့နေရာ ဝင်ထိုးထား။ ကိုယ့်ကားပြန်တော့ ဝင်လိုက်ပေါ့။ ကိုယ်အဲ့ဒီလမ်းထဲနေတာ လူပျိုဘဝကတည်းက အနှစ်နှစ်ဆယ်လောက်ရှိပြီ။ လူစိမ်းလည်း မဟုတ်။ ၃၉ လမ်းမှာလည်း အတူတူပါပဲလေ။ အိမ်တိုင်းအိမ်တိုင်းဟာ သူ့ရှေ့က ကတ္တရာလမ်းကို သူပိုင်တယ်လို့ သတ်မှတ်ထားကြတာ။ သူ့အိမ်မှာ ကားမရှိရင်တောင် ဝင်ပေါက်ထွက်ပေါက်ပိတ်လို့ မရပ်စေချင်ဘူး။ မကျေနပ်လို့ တစ်ခုခုလုပ်ရင် ကိုယ်ပဲ အရေးထဲအကြောင်းထဲ ဒုက္ခဖြစ်မှာဆိုတော့ ဖုန်းနံပါတ်ကလေး ကားပေါ်ရေးထားရတယ်။ ဂွတ္တလိပ်က အလဲဗင်းဂျာနယ်တိုက်ရှေ့ ဂဏန်းဆိုင်မှာ သူငယ်ချင်းတွေနဲ့ ထမင်းစားနေတုန်း စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းဆက်ခေါ်တော့ ကိုယ့်မှာ ညကြီးမင်းကြီး ကရိန်းလာဆွဲတယ်မှတ်လို့ ပြေးသွားရတယ်။ ရပ်ထားတာကလည်း လမ်းပေါ်မှာမဟုတ်။ ကားပါကင်မှာ နေရာတကျပါ။ ဘယ့်နှယ်ဖြစ်ရပါလိမ့် အောင့်မေ့နေ။ ကိုယ်တော်ချောက ဒေါကြီးမောကြီး “ဒါ သူ့ကား ရပ်နေကျနေရာ” တဲ့။ အိုးအိမ်က ဂရံတွေဘာတွေများ ပေးနေပြီလား မပြောတတ်ပေါင်ကွယ်။ အဲ့လိုလူမျိုးတွေနဲ့ တွေ့ရင် ကိုယ်ကတော့ ခွန်းကြီးခွန်းငယ် တုန့်ပြန်ရန်ဖြစ်မနေပါဘူး။ လမ်းလည်ခေါင် လူလည်ခေါင် ရှက်စရာက ကောင်းသနဲ့။ သူတို့က အထက်တန်းစား၊ ကိုယ်က အောက်တန်းစား ဘက်ကိုက်လို့ မဖြစ်သေးပါဘူးလေ။ ဆို စိတ်လျှော့လိုက်ရတယ်။

            လူဆိုတာ အထက်တန်းကျလာရင်၊ အထက်တန်းစား ဖြစ်လာရင် ဘယ်သူ့မှ သောက်ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ အထက်တန်းစားတို့ရဲ့ အမူအကျင့်ကိုလည်း ကိုယ်တို့လို အောက်တန်းစားတွေက နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ လိုက်နာလက်ခံကြရတယ်။ ပလက်ဖောင်းပေါ် လမ်းဖြတ်ကူးလို့ လူသေအောင် ဖြတ်တိုက်သွားလည်း အထက်တန်းစားတို့ သဘာဝ ကားရပ်ပြီး ဆင်းကြည့်ရိုးထုံးစံ မရှိဘူး။ အချိန်မှ မရှိတာ။ ရဲလိုက်လာရင် မောင်းတဲ့သူနေရာ လူစားထိုးဖို့ ရှာရဦးမယ်။ သေတဲ့လူအသက်က ဘာတန်လို့လဲ။ ကိုယ်အလုပ်အကိုင် မပျက်ဖို့ အရေးကြီးတယ်။ အထက်တန်းစားဆိုတာ သန်းခေါင်ကျော် နှစ်ချက်တီး အိမ်ကအလုပ်သမား ရိုက်သတ်လို့ သေသွားလည်း “ကိုယ်ဟာ လူကြမ်းလေးပါ။” သီချင်းဆိုပြလိုက်။ ထောင်ဆယ်နှစ်က အလွန်ဆုံးပဲ။ အောက်တန်းစားတွေအတွက် ဥပဒေက တမျိုး၊ အထက်တန်းစားတွေအတွက် ဥပဒေက တမျိုး၊ လူချင်းတူပေမယ့် အသက်ရှူချင်း ကွဲတယ်လေ။ ဆရာဝန် အစုတ်ပလုပ်ကလေးတွေ အချိန်မီဆေးရုံမရောက်ရင် တုတ်ကြီးကြီးနဲ့ တွေ့မယ်ဆိုပေမယ့် တရုတ်ပြည်က လိုင်စင်မဲ့ဆရာဝန်တွေ လေယာဉ်ပျံကြီးနဲ့ ထွက်ပြေးသွားရင် ကွင်းလုံးကျွတ်လည်း လွတ်နိုင်တယ်။ တစ်သက်တစ်ကျွန်းတောင် ရီမာန်ကြီး တစ်ပတ်ပြည့်အောင် အချုပ်ထဲ ထားရဲတာ မဟုတ်။

           အကြမ်းဖျင်းအားဖြင့်တော့ လူကိုအတန်းအစားခွဲတဲ့အခါ ပိုက်ဆံချမ်းသာရင်၊ အာဏာပါဝါရှိရင်၊ အကောင်ကြီးကြီး မိဘယောက္ခမရှိရင်၊ ရာထူးဂုဏ်ပုဒ် ကြီးကြီးမားမားရှိရင် အထက်တန်းစားပါလို့ ယေဘုယျ လက်ခံကြတာပေါ့။ ကျားကျားမမ ရုပ်ရှိရေလျှံဆို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တာပဲ မဟုတ်လား။ အဲ့ဒါကို ယထာဘူတ အမြင်နဲ့ သုံးသပ်ကြည့်ချင်တယ်။ ဘာလို့ဆိုတော့ ကိုယ့်သမီးကလေး အရွယ်ရောက်လာပြီ။ သူ့အနေနဲ့ လူတွေကို အကဲခတ် ဆုံးဖြတ်တဲ့အခါမှာ ဘယ်လိုလူတွေကို အထက်တန်းစား ဘယ်လိုလူဟာတော့ဖြင့် အောက်တန်းစား ကွဲကွဲပြားပြား သိစေချင်တယ်။ လူတစ်ယောက်ကို တန်ဖိုးဖြတ်ချင်ရင် သူပိုင်တဲ့ ရုပ်ဝတ္ထုအတိုင်းအတာတွေ၊ အသုံးအဆောင် အနေအထိုင် အစားအသောက်တွေနဲ့ သွားအကဲမဖြတ်နဲ့။ နားဍောင်းရောင် နဲ့ ပါးအရောင်ကို ကိုယ့်ဘာသာကို ကွဲပြားအောင် မြင်တတ်ကြည့်တတ်ဖို့ အရေးကြီးတယ်။ ဘယ်ဟာက ကိုယ်ပိုင်အရည်အချင်းလဲ သိမှ ပတ္တမြားမှန်ရင် နွံမှာနစ်သော်လည်း မညစ်ရာဆိုတဲ့ တန်ဖိုးအစစ်ကို သိရမယ်။

             အထက်မှာ ပြောခဲ့တာတွေက လူတစ်ယောက်ရဲ့ အပြုအမူ အကျင့်အကြံ Attitude နဲ့ Etiquette လို့ခေါ်တယ်။ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ၊ ဘယ်လောက်ပဲ ပညာတတ်တတ်၊ အနေအထိုင်မတတ်လို့ရှိရင် တကယ့်အထက်တန်းလွှာကလူတွေက အထင်သေးရှုံ့ချလေ့ရှိတယ်။ လမ်းသွားရင်း အမှိုက်ပစ်တာ၊ အိမ်ပေါ်ထပ်က အမှိုက်ပစ်ချတာတွေကနေ၊ တန်းမစီပဲ ကြားဖြတ်ဝင်တာ၊ အများပိုင်တဲ့နေရာကို မောင်ပိုင်စီးတာ၊ လူတဘက်သားကို ဦးစားပေးရကောင်းမှန်းမသိပဲ အတ္တကြီးတာ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာ၊ အဲ့ဒါ အားလုံးဟာ အထက်တန်းကျတဲ့သူတွေ ပြုမူလေ့ မရှိကြဘူး။ ကိုယ်တို့ မြန်မာပြည်ကလူတွေသာ ထမင်းစားရေသောက် ဖြစ်နေတာ။

             ကိုယ်တို့ဆီက ပညာရေးစံနစ်မှာ ပြည်သူ့နီတိဆိုတာ မသင်တော့ဘူး။ စာမေးပွဲမှာ မမေးလို့။ အဲ့ဒါကြောင့် ကိုယ်တို့မြန်မာလူငယ်ကလေးတွေဟာ နီတိဆိုရင် နီနီခင်ဇော်လောက်တောင် မကြားဖူးဘူး။ သူများနိုင်ငံတွေမှာ အဲ့ဒါသင်တယ်။ ကျောင်းကအိမ်သာထဲမှာ  ရေဘုံဘိုင်တစ်ခု ပြန်မပိတ်ခဲ့ရင် တစ်နာရီကြာရင် ရေဘယ်လောက်ကုန်သွားမယ်။ တစ်ရက်ကြာရင် ရေဘယ်လောက်ကုန်သွားမယ်။ နိုင်ငံအတွက် ပိုက်ဆံဘယ်လောက် အလဟသဖြစ်တယ် ကလေးလေးတွေကအစ နားလည်အောင် သင်ထားတယ်။ ကိုယ်တို့ဆီကရုံးတွေမှာ “ရုံးသွားရုံးပြန် မမေ့ရန် မီးနှင့်ပန်ကာပိတ်” လို့ ရေးကပ်ထားတာတောင် ဘယ်သူမှ ဂရုမစိုက်လို့ မြန်မာပြည်မှာ လောင်သမျှမီးဟာ ဝါယာရှော့ခ်နဲ့ချည့် စတာ။ သူများတွေ မပြောနဲ့။ ကိုယ်ကိုယ်တိုင်တောင် အဲ့ဒါ ကိုယ့်အိပ်ထဲက ပိုက်ဆံထွက်မှ နားလည်တာ။ လောက်ကိုင်ဆေးရုံမှာ ဆေးရုံအုပ် ခဏလုပ်နေတုန်းက အိမ်သာနားကဖြတ်သွားတိုင်း အထဲမှာ ရေမပိတ်ပဲ တန်းလန်းထားတာ ရှိမရှိ ဝင်ဝင်ကြည့်ရတယ်။ ဆယ်ခါကြည့်ရင် ကိုးခါမိတယ်။ ရေမပိတ်ရင် အပေါ်ကတိုင်ကီထဲ မော်တာနဲ့ တွန်းတင်ထားရတဲ့ ရေတွေ မသုံးလိုက်ရပဲနဲ့ ကုန်သွားမယ်။ ရေကုန်လို့ မော်တာနဲ့ထပ်တင်ရင် မီးဖိုးရော ရေဖိုးရော ဆေးရုံကပေးရမယ်။ ဘယ်သူကမှ လာမပေးဘူး။ အဲဒီအရပ်က လူနာတွေက ရေပိတ်ဖို့နေနေသာသာ အိမ်သာတံခါးတောင် ပိတ်ပါလို့မရဘူး။ ပြန်မဖွင့်တတ်လို့ ဆောင့်ကန်ထားတာ ချက်တွေ အကုန်ပြုတ်နေပြီ။ ဒီလူတွေသာ ဆီဒိုးနားက အိမ်သာထဲခေါ်သွားရင် ဆီးအိုးထဲက ပရုတ်ခဲတွေ အိမ်သုံးဖို့ သယ်လာမလားမသိ။ (အမယ်။ သူများသွားပြောနေ သူဖြင့် တုတ်ခနောင်းနဲ့ ကုန်းတဲ့အရပ်က လာတာများ။) အမူအကျင့် အသေးအဖွဲကလေးတွေဟာ လူတစ်ယောက်ကို အဆင့်အတန်းသတ်မှတ်ပေးလို့ရတယ်ဆိုတာ သိရင် ကိုယ့်အဆင့်ကိုယ် အောက်တန်းမကျအောင် ကိုယ့်ဘာသာ ဆင်ခြင်သင့်တဲ့ကိစ္စတွေပါလေ။ မြန်မာတွေ အထက်တန်းကျတယ် အောက်တန်းကျတယ်ဆိုတာ ကိုယ်တိုင်ပြင်မှပဲရမယ်။ အရင်ဆုံးကတော့ ကိုယ်ဘယ်ရောက်နေသလဲ ကိုယ့်ဘာသာ သိအောင် လုပ်ကြ။

              ခုခေတ်မှာ လူကဲခတ်ရင် အကျင့်စာရိတ္တဆိုတာ ရဲစခန်းကယူတဲ့ ထောက်ခံစာ လို့ပဲ သိကြတယ်။ ရွှေရှိရင် ငွေရှိရင် အာဏာပါဝါ အရှိန်အဝါရှိရင် မထွေးအသားလောက်တောင် ရေဆေးစရာ မလိုဘူးလို့ သဘောထားတယ်။ စကားထဲတောင် ထည့်ပြောစရာ မလိုဘူး လို့ ယူဆတယ်။ အတွင်းမှာ ဘယ်လောက်ပဲ ပိုးထိုးလောက်ကိုက်နေပါစေ၊ ရွှေကွပ်ပြီး ကလပ်ပေါ်တင်လိုက်ရင် မင်းကြိုက်စိုးကြိုက် ကာလသားများနဲ့ လားလားမှမထိုက်ဆိုပြီး မော်ဖူးချင် သံတော်ဦးတင်ရတဲ့ အစားထဲရောက်သွားရော။ အများစုက အဲသည် အပေါ်ယံတွေမှာပဲ တန်ကြေးတွေတွက်ပြီး လူကိုလူလို အကဲမဖြတ်တော့ဘူး။ ရှင်ဘုရင်နဲ့ ညားမှ မိဖုရားဖြစ်မှာဆိုတော့ သူ့ဘာသူ မောင်းမတစ်ထောင်ထားထား ဘာအရေးလဲ။ ကိုယ့်သမီးလေး ဒူးနဲ့မျက်ရည်သုတ်သုတ်ပလေ့စေ။ ငါ ရှင်ဘုရင့်ယောက္ခမတော်ရဖို့ အရေးကြီးတယ် ဆိုတာမျိုး ဖြစ်လာပါတယ်။ “သမီးရယ် ကြိုက်လိုက်ပါ သမီးရယ်” ဆိုတာက ကိုယ့်သမီးကိုယ် ဖြောင်းဖျရတာမို့ လူကြားကောင်းသေးတယ်။ သမီးကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ “ယူလိုက်ပါ အန်ကယ်ရယ်။ သမီးလေးက ဦးကို မြင်းမြင်းချင်း နွားနွားချင်းကတည်းက ချစ်ရှာတာပါ။” လို့ ကိုယ်တိုင်တက်လှော်ရတာ ပိုအဖြစ်ဆိုးတာပေါ့။

              ကိုယ့်မှာလည်း သမီးရှိတော့ သမီးချင်း စာစာနာနာ စကားပြောတာပဲ ကောင်းပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်က ကျောင်းတက်ရင်း အခုကိုယ့်သမီးနဲ့ မတိမ်းမယိမ်း အသက်အရွယ်ရှိတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိဖူးတယ်။ ချောလိုက်လှလိုက်တာမှ နုဖတ်အုအက်နေတာပဲ။ ဆရာဝန်မဖြစ်ခင် အိမ်ထောင်ကျသွားတဲ့အခါ သူ့ဖေဖေမေမေတော့ မသိဘူး။ ကိုယ့်မှာဖြင့် “ငယ်ငယ်လေးပဲ ရှိသေးတယ်။ နှမျောစရာလေး” လို့ အောင့်မေ့မိတယ်။ သူကတော့ ပျော်မဆုံး မော်မဆုံး တပြုံးပြုံးပါ။ သူ့ကိုကိုက ဆရာဝန်လည်းဆရာဝန်၊ ချမ်းသာလိုက်တာလည်း ကျိကျိတက်၊ မိဘကလည်း စစ်တပ်ကအရာရှိကြီး၊ ရုပ်ကလည်းချောမှချော၊ ချစ်လိုက်တာလည်း တုန်လို့။ ပုံပြင်ထဲမှာတောင် အဲ့လောက် မပြည့်စုံနိုင်ဘူး။ အစစအရာရာ လိုလေသေးမရှိအောင် အဘက်ဘက်က ပြည့်စုံရှာတဲ့ သူ့ကိုကိုမှာ လိုတာဆိုလို့ စာရိတ္တလေးတစ်ခုပဲ ချို့တဲ့ရှာတယ်။ အဲ့ဒါလေးတစ်ခုကြောင့်ပဲ အဲသည်ကလေးမ ဟောက်ဆာဂျင်တောင်ပြီးအောင် မဆင်းနိုင်၊ အိမ်ထောင်ပျက်၊ တရားတဘောင်ဖြစ်၊ ငွေရေးကြေးရေး အရှုပ်အရှင်းတွေနဲ့ မြန်မာပြည်က ထွက်ပြေးရတယ်။ ဆရာဝန်လည်း မဖြစ်တော့ဘူး။ လူကဲခတ်တဲ့နေရာမှာ အကျင့်စာရိတ္တဆိုတာကို ပေါ့ပေါ့ကလေးတွေးရင် ကိုယ့်ဘဝကြီးပါ ကပြောင်းကပြန်တွေ ဖြစ်သွားနိုင်တယ်လို့ ကိုယ်တွေ့မျက်မြင် အဖြစ်အပျက်တစ်ခုနဲ့ ဥပမာပေးတာပါ။

              ဒီကိစ္စမျိုးမှာ ယောက်ကျားလေးဘက်က နစ်နာဖို့နေနေသာသာ အခုထက်ထိ ပန်းပန်လျက်ပါပဲ။ အသစ်တွေအသစ်တွေဆိုတာ ဟောတစ်ယောက်ဟောတစ်ယောက်။ အပြိန်းဖမ်းတယ်ဆိုတာ  မြန်မာပြည်မှာလောက် လွယ်တာ ရှိဦးမလား။ အိပ်ယာထဲက ဓါတ်ရှင်တွေ အင်တာနက်ပေါ်တင်မသွားတာပဲ ကျေးဇူးတင်နေရဦးမလို။  ဒါပေမယ့်လည်း ကိုယ်တို့မြန်မာလူမှုအသိုင်းအဝိုင်းက ပိုက်ဆံရှိ၊ အာဏာရှိ၊  အရှိန်အဝါရှိတဲ့အတွက် အဲ့လိုလူကို ဘယ်သူကမှ အဆိုးမမြင်ကြပါဘူး။ ယောက်ကျားလေးချင်းတွေက အားကျကြတယ်။ မိန်းကလေးတွေကတော့ သူဘာလို့ ကျော်တာလဲ။ တနေရာရာမှာ တခုခုတော့ တော်တာရှိရမယ်ဆို အမိအရ ဖမ်းချင်ကြတယ်။ နောက်ဆုံးမှာ ဒီလိုလူမျိုးကို မပေါင်းအပ်ဘူးလို့ အမြင်ရှိတဲ့ ကိုယ့်လိုလူတွေသာ မနာလိုဝန်တိုစိတ်အားကြီးသူ အောက်တန်းစား ဖြစ်ရတယ်။ လူတွေဟာ ယောက်ကျားချင်း အကဲခတ်ရင်တောင် “ဒီကောင် ငါ့လို နှာဘူးလား။ နှာဘူး မဟုတ်ရင် ဂန်ဒူးပဲ နေမယ်။” လို့ တထစ်ချတွေးပလိုက်တဲ့ သူတွေချည့်ပဲ။ သူတို့ကိုယ်တိုင်ရော သူတို့မြင်ဖူးတဲ့ ယောက်ကျားတိုင်းရော နှာဘူး နဲ့ ဂန်ဒူး နှစ်မျိုးတည်း ရှိလို့နေမှာပေါ့။ နှာဘူး နဲ့ ဂန်ဒူးတို့ရဲ့ကမ္ဘာမှာ စာရိတ္တလာသင်တာ အရူးပဲရှိမယ်။

            ကိုယ်တို့တိုင်းပြည်မှာ ဝန်ကြီးသားသမီး ဗိုလ်ချုပ်သားသမီးချင်းမို့လို ရွှေချင်းထပ်မြတ်ပါတယ်။ စိန်ချင်းဖလှယ် ကြွယ်ပါတယ်ဆိုပြီး ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ အဖိတ်ခံထားတဲ့ဟာတွေ စလှယ်ဝင် ဖင်မည်းတဲ့အထိခံသလား လိုက်ကြည့်စမ်းပါ။ ဒူးနဲ့မျက်ရည်သုတ်ရရင်တောင် အသံမထွက်စေနဲ့။ ကိုယ်လိမ်မာရင် ကိုယ့်ဖို့ချည့်ပဲဆို မနိုင်၍သည်းခံရခြင်းသည်လည်းကောင်း လုပ်နေတာတွေ ပုံလို့။ ကိုယ့်ဘာသာကိုယ် ပျော်သလိုနေ။ ဆာရင် အပြင်မှာဆွဲစား၊ စပွန်ဆာပေးချင် ကက်တလောက်နဲ့ ပြမယ်။ ခေါင်းခေါက် ရွေး။ မြည်းကြည့်ပြီးမှ ပိုက်ဆံပေး။ သူ့ဘာသူ မီးစာကုန် ဆီခန်းတော့ အင်းယားလမ်းထဲ အိမ်တစ်လုံးလောက်ကျန်ရင် တော်ရောပေါ့။ အထက်တန်းစားဘဝမှာ နေချင်ရင် အထက်တန်းစားစရိုက်ကိုလည်း ယဉ်ပါးရမယ်။ နေ့ခင်းမှာ လမသာဘူး။ ညခင်းဘက် နေမထွက်ဘူး။ စာရိတ္တကောင်းတာမှ လိုချင်ရင် ဘုန်းကြီးကျောင်းအဝကနေ လူပြန်တော်စောင့်ယူ။ (ဒါတောင် မစိုးရိမ်တိုက်က ဟိုကိုယ်တော်နဲ့ အပေါင်းအပါဆို ရှောင်လိုက်ဦး။)

             စကားပြောတာ ဟိုဝေ့သည်ဝေ့နဲ့။ လိုရင်းပြောစမ်းပါ။ ခင်ဗျားတို့ မြန်မာပြည် အောက်တန်းစားတွေပေါသလား။ အထက်တန်းစားတွေပေါသလား၊ တည့်တည့်ဖြေခိုင်းရင် ကိုယ်ကလည်း တည့်တည့်ပဲ ပြန်မေးပါမယ်။ ခင်ဗျားသတ်မှတ်ထားတဲ့ အထက်တန်းစားဆိုတာ အပေါ်မှာ စောစောကပြောခဲ့တဲ့ ဟာတွေလား။ ဒါဆိုရင် သူများအကြောင်း မပြောဘူး။ ကိုယ့်အကြောင်းကိုယ်ပြောမယ်။ ကျုပ်ကို သူတို့နဲ့ တတန်းတစားတည်း အထက်တန်းစားလို့ မသတ်မှတ်ပါနဲ့။ အောက်တန်းစားဘဝမှာပဲ ပျော်ပျော်ကြီး နေပါ့မယ်။ ကိုယ့်သမီးလေး အရွယ်ရောက်လာလို့ ဆုံးမသွန်သင်ရရင်လည်း အဲသလို အထက်တန်းစားတွေနဲ့ ကင်းသထက်ကင်းအောင်နေပါ။ ဒီလိုအထက်တန်းစား လူချမ်းသာ လူကြီးသားသမီးတွေနဲ့ ဒယ်ဒီ လုံးဝသဘောမတူနိုင်ပါဘူး လို့ ခါးခါးသီးသီး တားမြစ်ပါမယ်။ ကိုယ့်သမီးကိုယ်တိုင်ကိုက သူ့အဖေလို အောက်တန်းစားဘဝမှာ လိပ်ပြာသန့်သန့် ထမင်းကြမ်း ယပ်ခတ်စားနိုင်ဖို့ သွန်သင်ပါ့မယ်။ ဒီတိုင်းပြည်မှာ အထက်တန်းစားတွေ သိပ်များနေရင် အောက်တန်းစားတွေနေတဲ့တိုင်းပြည်ကိုပဲ လွတ်ရာကျွတ်ရာ သွားနေကြမယ်လို့ စိတ်ကူးမိပါတယ်လေ။

Credit to Saya Soe Min

1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 5.00 out of 5)
Loading...

Social Bookmarking: del.icio.us: digg: spurl: wists: simpy: newsvine: blinklist: furl: reddit: fark: blogmarks: Y!: smarking:

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter