Myanmar Blog » Articles, Asia Entertainment, Notes » “အကယ်ဒမီရင်ခုန်သံ”

“အကယ်ဒမီရင်ခုန်သံ”

    Numeric Astrology by San Zarni Bo

    Click on the image to Enlarge By San Zarni Bo as published in

    shwedarling.com/blog

    Myanmar artists in Australia

    A Nge, Myo Gyi, Y Wine, Chaw Su Khin, Phyo Gyi, May

    shwedarling.com/blog

    Sharr Htut Eaindra’s National Costume for Miss Universe

    Miamiကမ်းခြေတွင်ယှဉ်ပြိုင်မည့်Miss Universe ပြိုင်ပွဲ တွင်ယှဉ်ပြိုင်မည့်NationalCostumeကိုသျှားထွဋ်အိန္ဒြာမိတ်ဆက်ပွဲကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ဒီဇင်ဘာ၉ ရက်နေ့ကကျင်းပနေစဉ် Credit to ဂျေပိုင်, Irrawaddy

    shwedarling.com/blog

    Guess who: it’s Rebecca Win with dark lips

    The answer to the yesterday’s Guess who question. It’s Rebecca Win

    shwedarling.com/blog

“အကယ်ဒမီရင်ခုန်သံ”

         မနေ့ညက မီးပျက်လို့ TGIF တောင် မလုပ်နိုင်ပါဘူး။ Air con မလာလို့ ချွေးတွေသံတွေနဲ့ Gym တောင် မဆော့နိုင်။ အိမ်ပြန်ပြီး မီးအလာ Myanmar Idol လေးပဲ စောင့်ကြည့်ရတယ်။ ဒါကြီးက ရင်ခုန်စရာ မကောင်းလိုက်တာများ ကြည့်ပြီးသားရုပ်ရှင်ကြီး ပြန်ထိုင်ကြည့်နေရသလိုပဲ။ ဘယ်သူရမယ်လို့ မှန်းထားရင် မြေကြီးလက်နဲ့ပုတ်တာကမှ လွဲဦးမယ်။ ဘယ်သူဆိုတာကိုမှ နားမထောင်ဖူးဘူး။ Facebook ပေါ်က အဆင်ကြည့်ရုံနဲ့ ဗေဒင်ဟောစားလို့ရပြီ။ ကိုယ်မှမဟုတ်ဘူး။ Main stream တွေ၊ Trend တွေကို နားလည်တဲ့သူတိုင်း သည်အဆင်နဲ့သည်အဆင် ဘယ်ဖဲပဲတက်ဖို့ကျန်သလဲ ဒုံးမဝေးဘူး။ Mm Id selfie လောက်နဲ့ Facebook ပေါ်တက် ဖလန်းဖလန်းထချင်လို့ ရမလား။ ကိုယ်က သူများ Flow နဲ့ Go မယ့်သူ မဟုတ်ဘူး။ ကိုယ့် Flow နဲ့ သူများတွေ စီးဝင်လာအောင် လုပ်ရမှာ။ ဘာခက်တာလိုက်လို့ကွယ်။ ဒီည အကယ်ဒမီ မဟုတ်လား။ အုန်းအုန်းကို ထသွားမှာ။

           တို့ကားတွေတော့ တစ်ကားမှ မပါပါဘူး။ လူကိုမျန်း အကယ်ဒမီတစ်ကြိုထဲ ထည့်စဉ်းစားရအောင် သူတို့ ဘဘစိုင်းလို အိုစနာဘင်လာဒင်ကြီး မှတ်နေ။ ကိုယ့်ရုပ်ကိုယ့်ရည် ကိုယ့်အသက်အရွယ်ကလေးနဲ့ဆို ရွှေကြိုဝင်လျှောက်ရင်တောင် အိမ်ကမိဘ သဘောတူရဲ့လား မေးယူရမယ့်ဟာ။ လျှောက်ရင် ရမှန်းသိတယ်။ မလျှောက်ဘူး။ မလျှောက်တာ။ စင်ပေါ်ကိုယ့် လူတကာကြည့်ပြီး စင်အောက်ကဟာတွေ ဘာတစ်ခုမှ သိလိုက်မှာ မဟုတ်ဘူးလေ။ အဲသလောက်ကို စိတ်ဝင်စားစရာ မကောင်းတာ။ နောက်ပြီး ကိုယ်နဲ့တွဲထွက်ရမယ့် မမက မိတ်ကပ်တွေ ထူလပျစ်ကြီးနဲ့ဆို ဂွမ်းပြန်ရော။ လိုက်မလိမ်းပြန်ရင်လည်း မျက်နှာပြောင်ကြီးနဲ့ အိမ်နေရင်းမျက်ခွက် အပြောခံရမယ်။ လိုက်လိမ်းပြန်တော့ သူတို့ဆင်တဲ့အဝတ်အစားနဲ့ တွံတေးတိန်းတိန်ကြီးလို  နေမယ်။ ပါးပါးလေးပုတ်ရင်တောင် မောင်ဇင်အောင်ကြီးလောက်တော့ ရုပ်ပေါက်မှာ။ ငါ့နှယ်။ အစကတည်းက အရုပ်ဆိုးလိုက်ရင်လည်း အကောင်းသား။ မောင်မောင်အေးလို သူများဘာဝတ်ဝတ် ဘယ်လိုပြင်ပြင် ခပ်ပြောင်ပြောင် ကိုယ့်စတိုင်နဲ့ကိုယ် နေလို့ရတယ်။

            စပ်စုချင်ရုံသက်သက်ဆိုလည်း သိပ်မခက်ပါဘူး။ ကင်မရာလေးတစ်လုံးလွယ် ဂျာနယ်တိုက်က ရင်ထိုးကလေးတောင်းတပ်ပြီး တစ်ပွဲလုံးမွှေ့ ဓါတ်ပုံရိုက်လို့ရတယ်။ ဒါလည်း အဲ့လောက် အပင်ပန်းခံစရာ မလိုပါဘူး။ လူတကာရိုက်တင်မယ့် ပုံတွေ Facebook တစ်ခုလုံး ဖွေးဖွေးလှုပ်သွားမှာ။ ရွေးစမ်းပါလေ့။ ကြည့်တဲ့သူက ပုံထဲက မင်းသားမင်းသမီးပဲ စိတ်ဝင်စားလိမ့်မယ်။ လိုင်ပေးတာမပေးတာ မင်းသားမင်းသမီးနဲ့ပဲဆိုင်တယ်။ ကိုယ်တင်ထားတိုင်း ကိုယ့်ကိုလိုင်တာမထင်နဲ့။ ကိုယ်က ဖွေးစိန်ဖန်လည်းမဟုတ်ဘူး။ ကစ်ကစ်ဖန်လည်း မဟုတ်ဘူး။ ဘယ်သူ့နောက်မှ လိုက်ဝန်းရံနေစရာ မလိုဘူး။ ဒါကြောင့် ဓါတ်ပုံလိုက်ရိုက်ဖို့လည်း အစီအစဉ်မရှိဘူး။ ရိုက်ချင်းရိုက် ကိုယ့်ပုံပဲကိုယ် ရိုက်တင်ချင်တာ။ သူတို့နဲ့ ဆယ်လဖီဆွဲမိရင်တောင် ကိုယ်မလှရင် အဲ့ပုံ Only Me နဲ့လည်း မတင်ဘူး။ ဖုန်းထဲ သူများဝင်ကြည့်ရင် မြင်မစိုးလို့ တစ်ခါတည်း Delete လုပ်ပလိုက်တယ်။

            ဒါဖြင့်ရင် အကယ်ဒမီဝေဖန်ရေး သတင်းဆောင်းပါးလေး ဘာလေး။ လာမလုပ်နဲ့။ အကယ်ဒမီဆိုတာ ဘယ်သူဘယ်ကားရမယ် ကာယကံရှင်ကလွဲလို့ ဘယ်သူမှ ရင်မခုန်ဘူး။ အဲ့ဒီကာယကံရှင်တောင် သူများအပြောနဲ့ လေဖမ်းဒါန်းစီးရတာ။ ကိုယ့်ကားကိုယ် ကြည့်ဖူးတာ မဟုတ်။ နေ့မီးညမီးဆက်ပြီး ရိုက်နေရတာ ကိုယ့်ကားတောင် ကိုယ်ပါတဲ့အခန်းကလွဲရင် ကိုယ်နဲ့အတူ တွဲရိုက်တဲ့လူ သူများဘာလုပ်ထားလဲ မကြည့်နိုင်ဘူး။ ဘယ်သူမှ ငါ့လောက် မကောင်းနိုင်ပါဘူးလေ ဆို စိတ်နှလုံး ဒုံးဒုံးချထားတာ မဟုတ်လား။ အများကြီးလည်း ရွေးစရာ မရှိပါဘူး။ တင်သမျှကားထဲ ဟာသကား မဟုတ်တာဆိုလို့ မူးရင် ရှူစရာရအောင် မနည်းထည့်ရိုက်ထားရတာ။ စစ်ကားပါသလား ကြည့်လိုက်။ ပါရင် အဲ့ထဲက မပါပါအောင် ထည့်ပေး။ ပေးစရာ မင်းသားမင်းသမီး မရှိရင် လူကြမ်း၊ ဇာတ်ပို့၊ ဓါတ်ပုံ၊ ဒါရိုက်တာ မရရအောင်ရွေး။ အိုက်နှစ်အတွက် ဇာတ်ကားဆုလည်း တခြားဟာတွေ တက်မလာစေနဲ့ တောက်ချပစ်လိုက်တော့။ တကယ်တမ်းတော့ အကယ်ဒမီပေးပွဲဆိုတာ အကယ်ဒမီရမယ့် ရုပ်ရှင်ဇာတ်ကားအပေါ် သူတို့ရုပ်ရှင်လောကသားတွေလည်း စိတ်မဝင်စားဘူး။ ရုပ်ရှင်ချစ်ပရိသတ်ကြီးလည်း စိတ်မဝင်စားဘူး။ သတင်းမီဒီယာသမားတွေလည်း စိတ်မဝင်စားကြပါဘူး။ အဲ့ဒါတွေက ဦးနေဝင်းခေတ်တုန်းက မြန်မာ့အသံ မြက်ခင်းပြင်မှာ အကယ်ဒမီပေးတဲ့ဆီမှာ ကျန်ရစ်ခဲ့ပြီ။ မရုံရင် ပွဲပြီးတဲ့အချိန်ထိစောင့်ကြည့်။ စင်ပေါ်မှာ လူမစုံခင်ကတည်းက ပွဲခင်းကြီး အမှိုက်ထုပ်တွေပဲ ကျန်လိမ့်မယ်။ အကုန်လုံး ရွေ့ကုန်ပြီ။ Plan B ရှိသေးတယ်လေ။ ဆုရတဲ့ကောင်တွေ ပြီးရင် လိုက်ခဲ့ကြ။ ငါတို့က အိမ်ပြန် အဝတ်လဲပြီး နောက်တစ်ပွဲ ကူးဦးမယ်။

            အကယ်ဒမီဆိုတာ ကိုယ်မရခါမှ နေရော။ အဲသည်ပွဲ ကိုယ်တက်သွားလို့ရှိရင် ကိုယ်ဝတ်သွားတဲ့ အဝတ်အစား သူများက ဘယ်လောက်စိတ်ဝင်စားတယ်။ ဂျာနယ်တွေထဲ ဘယ်လောက် ပွထသွားတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဘယ်လောက်လိုင်တွေရှဲတွေ ကြွေဆင်းကုန်တယ်။ ပွဲပြီးတာနဲ့ အဲ့ဒီဝတ်စုံနဲ့ Wall Sheet တွေ Calendar တွေ ထွက်လာတယ် ဆိုတဲ့အပေါ်မှာ အသက်ပဲ။ အရုပ်ကြီးရတဲ့သူက အရုပ်ကြီးကိုင် ဓါတ်ပုံရိုက်ရုံပဲ ရှိမယ်။ ဝတ်စုံနဲ့ ဖက်ရှင် ပေါက်တဲ့သူကမှ သည်လောကထဲ နံမည်တစ်လုံး ကျန်မှာလေ။ အဲ့ဒါကြောင့် အကယ်ဒမီရာသီဆိုတာ စပွန်ဆာ အကြီးအကျယ် တွင်ကျယ်တဲ့ ရာသီကြီး ဖြစ်လာတာပါလေ။ ပိုးထည် စိန်ထည် ပန်းတိမ်သည်ကြီးတွေ တစ်နှစ်စာ promotion ဝင်စရာ ဈေးကွက်ကြီးကိုး။ မြန်မာပြည်သိန်းထောင် အန်ကယ်ကြီးတောင် ရှစ်ကျပ်သား ရွှေနယားရုပ်ကြီးနဲ့ တက်မှာ လို့ ကြေငြာထားတော့ ထီဆိုင်သူဋ္ဌေးကတော် ဖြစ်ခဲ့ဖူးသူ မမက အားကျမခံ ရွှေနှစ်ပိသာပြည့်အောင်ဝတ်ပြီး ပွဲတက်မှာ လို့ ပြန်ချေထားတယ်။ ဒါပေသိ သူတို့ ဝတ်စုံကြီးတွေက အကယ်ဒမီမတက်ခင် Facebook ပေါ်ရောက်သွားတော့ ဒါကြီးတွေ ဝတ်ပြီး တက်ရင်လည်း ဝတ်ပြီးသား အဝတ်အစားအဟောင်းကြီး ပြန်ဝတ်သလို ဖြစ်သွားပြီ။ ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ ဘယ်လောက်ဆန်းတဲ့သတင်းပဲဖြစ်ဖြစ် ဖတ်ပြီးသား သိပြီးသားဆို ဘာတန်ဖိုးမှ မရှိတော့ဘူးလေ။ ကိုယ်ဆိုရင်တော့ သည်ဟာကို အယောင်ပြပြီး တကယ့်ပွဲကျတော့ တခြားဟာနဲ့တက်မှာ။ ဒါကြီး ပြန်ဝတ်ရမှာ ရှက်စရာကြီး။ လူတွေ မှတ်မိကုန်ပြီလေ။

              ဟိုးတုန်းကတော့ အကယ်ဒမီမင်းသမီးတွေက ချေတယ်။ သူတို့က တခြားမင်းသမီးတွေနဲ့ ပြိုင်စရာ မရှိဘူးတဲ့။ မနှစ်ကခင်သီတာထွန်းကို သည်နှစ်ခင်သီတာထွန်းက ပြန်ပြိုင်ရတယ် ဆိုတာမျိုး ပြောတယ်။ သည်ကနေ့ မင်းသမီးတွေလည်း အတူတူပါပဲလေ။ သူများကို ရှိတယ်လို့ကို မထင်ကြပါဘူး။ မနှစ်ကတုန်းက အကယ်ဒမီပွဲတက်ခဲ့တဲ့ သူ့ကိုယ်သူနဲ့ ပြိုင်ဖို့ သည်ကနေ့ အကယ်ဒမီပွဲကို တက်လာတာပါ။ မနှစ်ကတုန်းက သူ့ပုံတွေ ဝေဝေဆာဆာ နဲ့ ပေါက်ခဲ့ရင် သည်နှစ် အဲသည်ထက် ပိုပြီး ဟိုးလေးတကျော် ဖြစ်စေရမယ်။ သည်လိုနဲ့ တစ်နှစ်ပြီးတစ်နှစ် အသက်သာကြီးလာပေမယ့်လည်း လူကတော့ အိုသွားတာ ရင့်သွားတာ၊ ဝတုတ်ပူရှူးသွားတာ လုံးဝအဖြစ်ခံလို့ မရဘူး။ အသက်ကြီးလေ နုလေ လှလေ ဖြစ်ဖို့လိုတယ်။ ဒါမျိုးကတော့ ဆုတောင်းရုံနဲ့ ဘယ်ရမလဲ။ အဝတ်အစား မိတ်ကပ်ဆံပင်ချည့်ပဲလည်း အားကိုးလို့ မရဘူး။ ကိုယ့်နှုန်းနဲ့ကိုယ် မန်းဒိတ်ထားပြီး အစားအငတ်ခံ၊ ယောဂကျင့်၊ Gym ဆော့၊ Spa ဝင်၊ ဘာမှ မကယ်နိုင်တော့ဘူးဆို တိုးတိုးတိတ်တိတ် ကိုရီးယားပြေးရတော့တယ်။ ကိုယ့်ရဲ့ ပုံရိပ်လှလှလေး ပရိတ်သတ်မျက်စိထဲမှာ တစ်နှစ်စာစွဲမြဲသွားစေဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်ရတာပေါ့အေ။ မီးက ပရိသတ်ကြီးရဲ့ မေတ္တာကိုပဲ လိုချင်တာ မဟုတ်လား။ အာ့လေးရပြီးသွားမှ ကွကို ယောင်းမမြင်းစီးထွက်လည်း အေးဆေးဖြစ်သွားပြီ။

              အကယ်ဒမီဆုပေးပွဲဆိုတာ ရုပ်ပြ အလှပြ ဖက်ရှင်ပြိုင်ပွဲကြီး သက်သက်တော့ မဟုတ်ပါဘူး။ သူ့မှာ နောက်ထပ် အနှစ်သာရတစ်ခု ကျန်ပါသေးတယ်။ သိတယ်မဟုတ်လား။ မြန်မာ့မြန်မာ့ရုပ်ရှင်လေ။ ဘာမှ မစုံလင်လည်း စက်အစုတ်နဲ့ပင် ရုံပေါ်အရောက်တင်နိုင်ပါသေးတယ်။ အကယ်ဒမီပွဲမှာ လူတွေ စိတ်ဝင်စားကြတာက ဘယ်သူဘာ ဝတ်တာစားတာတင်မကဘူး။ သူတို့နဲ့ ပတ်သက်တဲ့ အတင်းအဖျင်း သတင်းပလင်း အစုံအလင် ပါပါသေးတယ်။ ဦးဦးနုပျိုချောမောကြီးက သူ့ရဲ့ ဓမ္မမိတ်ဆွေ ဖြူစင်သူကလေးနဲ့ အတူတူ ပွဲတက်လာသလား။ စိန်မေရီဘုရားကျောင်းထဲက ညှို့မျက်ဝန်းမင်းသားကလေးက အကယ်ဒမီပွဲတက်မီ အိမ်ပြန်ရောက်ပါ့မလား။ အရင်လို ကြည့်ကောင်းနေတုန်းပဲလား။ လွမ်းလွန်းလို့ ပိန်များသွားလေမလား။ “ပရမ်းပတာတွေပါဟယ်။” ဆို ကတ်တလီယာ အကြီးအကျယ်ပွင့်ပြီးမှ တရုတ်မနောက်ပါသွားတဲ့ အာပြဲမင်းသားလေးကရော ဇနီးအသစ်စက်စက်ကလေးနဲ့ အတူတူ ပွဲတက်တာလား။ သူ့မိန်းမဖက်ရှင်က ဘယ်လိုနေသလဲ။ ဖူများဖူနေမလား။ ကျော်ကျော်ဗိုလ်မိန်းမလောက်မှ လန်ထွက်အောင် အမီလိုက်နိုင်ပါ့မလား။ သူ့မိန်းမကို ဖဖခကြီးပါလို့ သတင်းလွှင့်လို့ မခံချင်စိတ်နဲ့ ကလေးလေးယောက် ဆက်တိုက်ဆွဲပလိုက်တဲ့ မင်းသားလေးကရော အကယ်ဒမီပွဲကို မိသားစုခေါ်လာလား။ သူ့ကလေးလေးတွေ သူနဲ့တူရဲ့လား။ အဲ့လို အဲ့လို ကိုယ့်အလုပ်မဟုတ်တာတွေ ကိုယ့်အလုပ်မှတ်ထားနိုင်ဖို့လည်း လိုပါတယ်။ အတင်းဆိုတာ မိန်းမတွေပဲ ပြောရတာလို့ထင်ရင် ကစ်ကစ်နဲ့ ဦးတီိတို့ ဖုန်းတော်ကီဖိုင်ကလေး နားထောင်ကြည့်လိုက်ပါဦး။

          အို။ ဒါတွေ လူတကာ သိပြီးသားတွေပါလေ။ မထူးဆန်းတာ အထူးအဆန်းလုပ်နေရင် တစ်နေ့ထက်တစ်နေ့ ရိုးအီပျင်းယိလာပြီး အသစ်ကလေးတွေနောက် ကောက်ကောက်ပါသွားလိမ့်မယ်။  ဖေ့စ်ဘုတ်ဆယ်လီကြီး ဖြစ်လျက်သားနဲ့ လူတကာ မမြင်မဦး ထူးခြားဖြစ်စဉ်ကလေးတွေကို  နောက်ယောင်ခံမလိုက်နိုင်ရင် ခေတ်နဲ့ မျက်ခြေပြတ်ကျန်တာနဲ့ ဘာမှ မထူးဘူး။ အကယ်ဒမီပွဲက လူတကာ မျက်လုံးဒေါက်ထောက် ကြည့်နေတယ်။ လူတကာ ပုံတွေစာတွေ တင်နေတယ်။ ထူးခြားသလိုလို ရှိပေမယ့် မထူးခြားဘူး။ ဒီလူတွေချည့်ပဲ အဝတ်အစားလဲပြီး ဓါတ်ပုံအရိုက်ခံနေတာ။ ကိုယ်စိတ်ဝင်စားတာက အိုက်ပွဲပြီးရင် သူတို့သွားမယ့် Plan B ဆိုတာကို စိတ်ဝင်စားတယ်။ စောနပွဲတုန်းက အိုက်တင်ကြီးနဲ့ ပဲတွေခံပြီး တစ်ယောက်တစ်ယောက်  ချေမိုးနေရာကနေ အိမ်ပြန်ရေချိုး၊ လွတ်လပ်ပေါ့ပါး အဝတ်အစားလဲပြီး သူတို့ဘာသူတို့ လူငယ်ဘာဝ (လူသတ်ရန် မတိုင်ပင်ပါ) ယွချင်တိုင်း ယွကြမယ့် အဲသည် သန်းခေါင်ပွဲကိုမှ ကိုယ်က တက်ချင်ပါသည်ဆိုရင်ကော ဘယ်လိုသဘောရသလဲ။ ခွီချင်လည်း ခွီလို့ရတယ်။ အီချင်လည်း အီလို့ရတယ်။ ကွဲချင်လည်း ကွဲလို့ရတယ်။ ဆွဲချင်လည်း ဆွဲလို့ရတယ်။ ဘယ်လောက်ကောင်းသတုန်း။ ရုပ်ရှင်လောကကြီးလည်းမရှိ။ ချစ်ပြိတ်သတ်ကြီးလည်း မရှိ။ ပါပါရာဇီတွေလည်း မရှိ။ ကိုယ့်ချင်းကိုယ့်ချင်းတွေပဲ။ တွေ့သမျှ ကျားကျားမမ မြို့မနဲ့ တစ်မိတည်းဖွားသလို ဆိုရော့မယ်ကွယ်။

            သွားချင်ရင်တော့ စုံစမ်းရတာပေါ့။ သတင်းအတိအကျရထားပါတယ်။ သည်ကပြီး ဘယ်ကိုလာ ဘယ်မှာတွေ့မယ်ဆိုတဲ့အကြောင်း။ ညကြီးအချိန်မတော်ကျမှ စားမယ်သောက်မယ် ပျော်မယ်ပါးမယ်ဆို ဆိုင်က ဘွတ်ကင်တင်မထားလို့ ရမှမရပဲဟာ။ လူသူလေးပါး ကင်းကင်းရှင်းရှင်း သန်းခေါင်ကို ညဉ့်မှတ်ပါလို့ လုပ်နိုင်မယ့်နေရာ ဘယ်နှစ်နေရာများ ရှိတာလိုက်လို့။ သူတို့ဂရုချတ်တွေထဲမှာတော့ လာမယ်လို့ စာရင်းတို့ထားတဲ့သူတွေ မနည်းလှ။ အန်ကယ်ကလည်း ဒါလေးတော့ Yes ပါတဲ့။ အန်တီပါ ဝင် Yes မယ့် သဘောရှိတယ်။ ဘာတေမျန်း ဝတ်လာမယ်မသိ။ ရင်ခုန်စာကြီး။ လည်ပင်းတက်တူးထိုးထားလို့ အုန်းလွဲနေတဲ့ သူငယ်ကလေးလည်း လာမယ်တဲ့။ ဟို မုတ်ဆိတ်မွှေး ငုတ်စိနဲ့ မင်းသားသစ်ကလေးကတော့ လာမယ်ဆိုလို့ လက်တပြင်ပြင် ရှိလေတယ်။ အရွယ်နဲ့မလိုက် အကိုင်အတွယ်က ကြမ်းပါဘိ။ ကိုဇေလာမယ်ဆို ပိုင်တံခွန်လေးလည်း လာမှာပေါ့လို့။ အလင်းရောင်လည်း ထားခဲ့လို့ မဖြစ်ပါဘူး။ တစ်သက်လုံးစိတ်နာနေမယ်။  ဂါရာ နဲ့ အောင်လကလည်း သူတို့လာလို့ရမလား မေးနေတယ်။ ရုပ်ရှင်လောကထဲက မဟုတ်ပေမယ့် သူတို့လည်း အနုပညာလောကသားပါပဲလေ။ စယ်တိုင်စိမှ စယ်တားဖစ်မယ်ဆိုတဲ့ ကွီးထန်ပါးတော့ ခေါ်မလာပါနက်။ သူ့ကို ဘယ်သူမှ လိုက်မီမှာ မဟုတ်ဘူး။ သည်လူသည်လူတွေသာ အကုန်လာလို့ကတော့ ဝက်ဝက်ကိုကွဲနေမှာ။ အကယ်ဒမီဆွာ ဘာဟုတ်သေးတုန်း။ သွားမယ် သွားမယ်။ မရောက်ရောက်အောင် သွားမယ်။ သတင်းပေးတဲ့သူကလည်း ဆိုင်လိပ်စာကို မြေပုံကလေးနဲ့ ပို့လိုက်ပါတယ်။ ခက်တာက ညကြီးသန်းခေါင် မှိုးမှိုးမှောင်မှောင်မှဆို ရှာရဘယ်လွယ်မလဲ။ မမှောင်ခင် ကားတစ်ပတ်လောက်ပတ်မောင်းပြီး အဝင်အထွက်ကလေးတွေ ကျေညက်အောင် လေ့လာထားသင့်တယ်။

            တော်သေးတာပေါ့။ အကြံပိုင်သော ငခွေးမို့လို့။ ညကျမှဆို ဘယ်လိုမှ မလာတတ်ဘူး။ အခုတောင် ရွာလယ်နေပြီ။ လမ်းကြီးတွေက အသစ်ဖောက်ထားတာ။ အရင်က မရှိဘူး။ ရှိပြီးသားလမ်းတွေက အဝင်လမ်းတွေအထွက်လမ်းတွေနဲ့ မြားပြတဲ့ဆိုင်းဘုတ် လိုက်ရှာဝင်ရတယ်။ ဆိုင်က အခုမှ အသစ်ဖွင့်စဆိုတော့ မေးလည်း သိမှာ မဟုတ်ပါဘူး။ မေးစရာလည်း လူမရှိဘူး။ ရပ်ကွက်ထဲမဟုတ်တော့ လူကပြတ်တယ်။ အဲ့နားလေးတင် ကားက နှစ်ပတ်သုံးပတ် ပတ်ရှာနေတော့ လုံခြုံရေးဂိတ်က ရဲဘော်လေးတွေက မသင်္ကာဘူးလား မသိပါဘူး။ ကားကိုတားပြီး ဟိုမေးသည်မေး ဟိုကြည့်သည်ကြည့်လုပ်တယ်။ “ဘယ်ကို သွားမလို့လဲ။” တဲ့။ သူတို့အလုပ်ကျနေတာပဲ။ ကွကို ဘယ်သွားသွားပေါ့။ ခက်တာက ဂိတ်ကိုကျော်ပြီးဝင်တော့လည်း လမ်းကဆုံးနေပြီ။ သွားချင်တဲ့နေရာ ရှာမတွေ့ဘူး။ မတတ်နိုင်ဘူး။ သူတို့ဆီပဲ တစ်ခေါက်ပြန်ပြီး ကိုယ်သွားချင်တဲ့နေရာကို အကျိုးအကြောင်းမေးတယ်။ ဒါပေမယ့် ဖြေပုံကို မကြိုက်လို့ ကားကို ဝူးကနဲဆောင့်မောင်းပြီး ထွက်ခဲ့တယ်။ တော်ပြီ။ မသွားတော့ဘူး။ သေတောင်မသွားဘူး။ အဲ့ပွဲကို။ ဘယ့်နှယ်ကွယ်။ သူ့ပြန်ပြောတဲ့စကား ကြားပြီး ကိုယ်တောင် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ရှက်ထှာလေ။ “သြော် အပုန်းရွာ ကို သွားချင်တာလား။ စောစောက ပြောရောပေါ့။” တဲ့။

Credit to Saya Soe Min

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us: digg: spurl: wists: simpy: newsvine: blinklist: furl: reddit: fark: blogmarks: Y!: smarking:

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter