Myanmar Blog » Articles, Asia Entertainment, Beauties & Hunkies & Couples, Knowledge Base, Myanmar/Burmese, Notes » “ဟာလေးလျူးယား”

“ဟာလေးလျူးယား”

    Cartoon of the day about ex-president of Myanmar

    Credit to Okka Kyi Win

    shwedarling.com/blog

    Ye Lay at the Tamptation 3 Concert in London

    Ye Lay and co. were in London for Tamptation 3 Concert which

    shwedarling.com/blog

    Funny Picture: The Importance of long hair

    Technorati Tags: jokes, humor, joke, funny, laughter,

    shwedarling.com/blog

    Respectful Teacher from War Zone

    “လေးစားပါတယ် ဆရာမဒေါ်မြရူပါငယ်” . တိုက်ပွဲတွေ ဖြစ်နေတဲ့ကြား လွတ်ရာကို တစ်ယောက်တည်း ပြေးပုန်းနေပါလား ဆရာမရယ်… ဘာဖြစ်လို့ အပြင်ထွက်လာရတာလဲရှင် ဆရာမတို့ပြောတော့ “တပည့်မရှားပါဘူး”ဆို ဘာမှ သွေးမတော်တဲ့ တပည့် တစ်ယောက်ကို

    shwedarling.com/blog

ဒီနှစ် ဒီဇင်ဘာအကုန်မှာ ကိုယ်လုပ်ဖြစ်တာက ဘုရားကျောင်းတွေရှေ့သွားပြီး ခရစ်စမတ်အတွက် ဆုတောင်းဝတ်ပြုလာကြတာ၊ ဘုရားကျောင်းကို မီးရောင်စုံလှလှလေးတွေ ထွန်းထားတာတွေ စိမ်ပြေနပြေ လိုက်ကြည့်ဖြစ်ပါတယ်။ မင်းသားကိုဝင်းဦးကြီးလို အသက်ကြီးမှ နှစ်ခြင်းခံ ရေဖြန်းခံ လုပ်မလို့ မဟုတ်ပါဘူး။ သူတို့လည်း သူတို့ယုံကြည်ရာသူတို့ ကိုးကွယ်ကြတယ်။ ကိုယ်လည်း ကိုယ့်ယုံကြည်ရာကိုယ် ကိုးကွယ်လျက်ပဲ။ ဒါပေမယ့် ဘုရားကျောင်းရှေ့ရောက်သွားပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ သာသာယာယာ ဆောင်းညကလေးမှာ ကိုယ်ရောစိတ်ရော ကြည့်လင်အေးချမ်းပြီး သူတို့ဘုရားသခင် ကောင်းချီးပေးသလို လောကသားတို့ ဝမ်းမြောက်ခြင်း ဖြစ်စေတာကို ဘာသာမတူပေမယ့် ကိုယ်လည်း ထပ်တူခံစားလို့ရနိုင်တယ်လေ။ အဲ့သည်အတွက် ကိုယ့်မှာ သရဏဂုံညစ်နွမ်းလိမ့်မယ်လို့တော့ မထင်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်စိတ်တွေတောင် အခိုက်အတန့်အားဖြင့် ကင်းစင်နေပါသေးတယ်။ သူတို့ဘုရားသခင်နဲ့ကိုယ်နဲ့ ဘာဆုယူဆုတောင်းမှလည်း အလဲအလှယ် မတောင်းဆိုခဲ့ဘူး။ ကိုယ့်ဒုက္ခသုက္ခအပေါင်းကို မကူညီ မကယ်တင် ရကောင်းလားလို့ ပြစ်တင်အလိုမကျစိတ်တွေလည်း မဖြစ်မိဘူး။ သူ့ကို အကာအကွယ်ယူလိုက်ရင် အပြစ်ဟူသမျှ မြူမျှမကျန် စင်ကြယ်ရကောင်းစေရဲ့လို့ ကိုယ်ထင်ရာကိုယ်အမှန် တယူသန်အစွဲလည်း မထားဘူး။ ဘုရားကျောင်းကိုလာတဲ့ ယုံကြည်သူအားလုံးဟာ သူတို့ဘုရားသခင် အဆုံးအမနဲ့အညီ ယဉ်ကျေးလိမ်မာစွာ ကောင်းချီးမင်္ဂလာခံယူဖို့လာကြတယ်။ သူတို့နည်းနဲ့သူတို့ ကောင်းမှုကုသိုလ်မှုတွေ ပြုနေတယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ မြင်ရကြားရသူအပေါင်း ကျေနပ်ဝမ်းမြောက်ကြောင်းကိုသာ ဖြစ်စေတယ်။

အမုန်းမီးကို စိတ်လိုက်မာန်ပါ ပွားယူမယ့်အစားတော့ အဲသည်စိတ်အတွင်းက ငြိမ်းချမ်းဝမ်းမြောက်မှုကလေးကို မုဒိတာပွားတာက ကိုယ့်ရဲ့စိတ်ကို ပိုလို့စင်ကြယ်စေတယ် မဟုတ်ဘူးလား။ ဒီအခွင့်အရေးဟာ လွယ်လွယ်နဲ့မရဘူး။ သူများတကာ နောက်ကျောက သေနတ်နဲ့ မသေမချင်း ပစ်သတ်ပြီး သူ့ဘုရားသခင်ဂုဏ်တော်ကို ချီးမွှန်းကြွေးကြော်တာမျိုးကို မြင်ရရင် အမုန်းမီးတောက်တွေကိုသာ ပွားစေတယ်။ နေစရာမရှိအောင် မောင်းထုတ်ကြ။ စားစရာမရှိအောင် ပိတ်ပင်ကြ။ အမျိုးပြုတ် အမြစ်ပြုတ်အောင် သုတ်သင်ကြ။ ဆိုတဲ့ တရားဒေသနာများ နာကြားလို့လည်း နိဗ္ဗာန်ရောက်ကြောင်း ဖြစ်နိုင်မယ် မထင်ဘူး။ အကုသိုလ်ကင်းကင်းနဲ့ စိတ်နှလုံး တည်ငြိမ်အေးချမ်းခြင်းကို ခဏတာကလေးဖြစ်ဖြစ် ရလိုတဲ့အတွက် သူများတကာ ဘုရားကျောင်းရှေ့မှာ သူတို့ဘုရားသခင် မွေးနေ့အတွက် ဝတ်ပြုဆုတောင်းကြတာကို ကိုယ့်ဘာသာနဲ့ကိုယ် သာဓုခေါ်ဖြစ်တယ်။ တော်ပြီလေ။ ပူလောင်နေတဲ့ စိတ်ကလေး ငြိမ်းချမ်းသွားတယ် မဟုတ်လား။ နတ်ရွာနိဗ္ဗာန် ဆုပန်မနေတော့ပါဘူး။ ကိုယ့်ဘုရားနဲ့ကိုယ့်အကြား ဆန်ပေးဆေးရ အတောင်းအဆိုတွေ မလိုချင်ပါဘူးဆိုမှ။

စားရလေငတ်လေဆိုတဲ့ ကလေးများနဲ့ တူနေပြီ။ ကိုယ့်အိမ်က ဝအောင်လင်အောင် ပေးကျွေးထားပါလျက်ကနဲ့ သူများအိမ်က စားသောက်နေတာကို ပါးစပ်အဟောင်းသား သွားငေးမောနေသလိုပဲနော်။ ကိုယ့်ဘာသာ ကိုယ့်ဘုရားကျောင်းကန်မှာ ကုသိုလ်ကောင်းမှုပြုစရာတွေ မကုန်နိုင်မခန်းနိုင်အောင် များနေတာကို အမေကျော်ပြီး ဒွေးတော်လွမ်းရလေတယ်။ ရွှေတိဂုံဘုရားကြီးမှ အားမနာ။ ဘုရားတကာလှည့် ဘုရားကျွန်ခံခိုင်းလိုက်ရ မကောင်းဘူး ရှိလိမ့်မယ်။ သွားပါတယ်။ ဘုရားသွားကျောင်းတက် ရေစက်ဆုံချင်လွန်းလို့ မကြာခဏကို သွားတယ်။ ဒါပေမယ့် သည်ကနေ့သွားရတဲ့ဘုရားက ကိုယ်ငယ်ငယ်က သွားနေကျဘုရားနဲ့ မတူတော့ဘူး။ ဘုရားမတက်ခင်ကတည်းက ဘယ်ဘက်ကဝင်ရင် ကားအချောင်ဆုံးဖြစ်မလဲ ရွေးရတယ်။ ဘာနဲ့တက်ရင် လူအချောင်ဆုံးဖြစ်မလဲ စဉ်းစားရတယ်။ ဘုရားပေါ်မှာ ဘယ်နေရာတွေဝင်ပြီး ဘယ်နားတွေမှာ ဦးချမလဲ လမ်းကြောင်းဆွဲထားရတယ်။ ဝတ်ပြုဦးချစရာ ကြက်မတစ်ဝပ်စာလောက်ကို သူများတွေမထိုင်ခင် စွေ့ကနဲဝင်နေရာယူပြီး ပေါက်ဆိန်ပေါက်ရှိခိုးရတယ်။ သမီးဆို ဂြိုလ်တိုင်မှာ ရေခွက်အလှည့်ရဖို့စောင့်ပြီး ခပ် လောင်း တစ်၊ ခပ် လောင်း နှစ် နဲ့ သက်စေ့ပြည့်အောင် ရေရတွက်ရတယ်။ ကိုယ်ကတော့ ခွက်ပေါင်းငါးဆယ် သမီးမစောင့်နိုင်မှာစိုးလို့ အရှင်ဘုရား စိုစိစိုစိ ချမ်းနေပါ့မယ်လေဆို ရေမသပ္ပါယ်ဖြစ်ဘူး။ ဒါတောင် ကိုယ်တို့သားအဖ ဘုရားပေါ်မှာ ယတြာမချေဘူး ဆုလည်းမတောင်းဘူး။ ဘုရားရှိခိုးမယ်။ ပန်းကပ်ရေချမ်းလောင်း။ ဘုရားတစ်ပါတ်ပတ်ပြီး ပြန်ရော။

ကိုယ်ငယ်ငယ်တုန်းက ဘုရားပေါ်တက်ရင် အကြာကြီးနေတယ်။ ရင်ပြင်ကိုပတ်၊ ဘုရားတွေ စုံအောင်ကန်တော့ပြီးရင် လူရှင်းတဲ့တန်ဆောင်းတစ်ခုခုမှာ တိုင်လုံးကြီးတွေမှီပြီး ကျောက်ချထိုင်တယ်။ ဘုရားလာသမျှလူတွေကို ငေးမောတွေးတောတယ်။ အတူပါလာတဲ့ သူငယ်ချင်းနဲ့ စကားတွေဖောင်နေအောင် ပြောတယ်။ အဓိကကတော့ ဘုရားပေါ်မှာနေရတာ စိတ်လက်အေးချမ်းလို့။ ကိုယ်နဲ့ပါလာတဲ့ သူငယ်ချင်းကလည်း ဘုရားကန်တော့တာ မဟုတ်ဘူး။ သူ့ဘာသာမဟုတ်လို့။ ဒါပေမယ့် ကိုယ်ဘုရားတက်ရင် သူအမြဲလိုက်တယ်။ ဒါလည်း သူပြောတာပဲ။ ဘုရားပေါ်မှာနေရတာ စိတ်လက်အေးချမ်းလို့တဲ့။ အဲ့ဒီတုန်းကတော့ ဘုရားပေါ်မှာ လူလည်းရှင်းပေတာကိုး။ အခုတော့ အဲ့လို လူရှင်းရှင်း ဘုရားကန်တော့ချင် ပဒုမ္မာလမ်းက အိမ်တော်ရာဘုရားထဲပဲ သွားတော့တယ်။ ဒါတောင် ရုပ်ရှင်လာရိုက်တဲ့သူတွေ မရှိမှ။ ရွှေဘုန်းပွင့်တောင် ကြက်ပျံမကျ ဖြစ်နေပြီ။ အခု ခရစ်စမတ်ကာလ သူများဘုရားကျောင်းရှေ့ သွားထိုင်တဲ့အခါ ကိုယ့်အတွက် ဝီစိကိစ္စလုပ်စရာမရှိပဲ ထိုင်ငေးရုံသက်သက်မို့ လူရှင်းရှင်း ဝင်းရှင်းရှင်း စိတ်ရှင်းရှင်းနဲ့ အေးချမ်းတယ်။ ငယ်ငယ်က ဘုရားပေါ်ထိုင်နေရသလိုမျိုးပဲ။ သူများတွေ ကုသိုလ်လုပ်နေတာ ကြည့်ရတာ ကြည်နူးစရာ။

တကယ်တော့ ဘုရားကျောင်းဆိုတာ ကိုယ်နဲ့စိမ်းတဲ့ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ရင်းနှီးခင်မင်ရသူတွေနဲ့ လိုက်သွားဖူးတယ်။ သူတို့အယူအဆ သူတို့သဘောသဘာဝကို သိချင်လို့ တီးခေါက်စပ်စုကြည့်ဖူးတယ်။ ကက်သလစ်၊ ဘက်ပတစ်၊ မက်သဒစ်၊ ဧဝံဂေလိ၊ သုံးပါးတစ်ဆူ၊ သတ္တမနေ့အသင်းတော်၊ ယေဟောဝါသက်သေများအထိ ကွဲကွဲပြားပြားလည်း သိပါတယ်။ အဲ့ဒါတွေအားလုံး ကိုယ်နဲ့မတူတာနဲ့ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေလို့ သိမ်းကြုံးပြီး ဘလက်လစ်မသွင်းချင်ပါဘူး။ အခြားတပါးသော အယူဝါဒလို့သာ ပြောချင်ပြောမယ်။ သူလည်း သူ့ဟာသူ ယုံတဲ့သူတွေအတွက် အမှန်တရားရှိလိမ့်မယ်။ သူ့ငရဲနဲ့ ကိုယ့်ငရဲ၊ သူ့နတ်ပြည်နဲ့ ကိုယ့်နတ်ပြည် တူတာမှ မဟုတ်တာ။ လူတွေဟာ ကမ္ဘာမြေပုံပေါ်မှာ ကိုယ့်စိတ်သဘောနဲ့ကိုယ် စိတ်ကူးယဉ်နယ်နိမိတ်မျဉ်းတွေ ပိုင်းခြားကာဆီးထားသလိုပဲ ငရဲပြည် နတ်ပြည်မှာတောင် ကိုယ့်ဘုရားသခင်နဲ့ကိုယ် နယ်မြေတွေ ဝေခွဲပိုင်းခြားထားတတ်သလား မဆိုနိုင်။ ကိုယ်တစ်ခုတည်းသာအမှန်၊ တခြားအရာတွေအားလုံး အတုအယောင် အလိမ်အညာသာ ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ကိုယ့်ဘာသာကိုယ် ယုံကြည်နေရင်တောင် အဲသည်တခြားသူတွေရှေ့မှာ ထုတ်ဖော်ပြောဆိုလို့ မကောင်းဘူး မဟုတ်လား။

အကောင်းဆုံးကတော့ လူတိုင်းကိုယ်စီကိုယ်စီ ကိုယ့်ဘာသာတရား အဆုံးအမနဲ့အညီ ကောင်းမှုကုသိုလ်တွေ လုပ်နေကြမယ်ဆိုရင် အချိန်အခါ နေရာဒေသ လူမျိုးဘာသာမရွေး ရွှင်လန်းချမ်းမြေ့ အေးချမ်းသာယာနေကြမှာပေါ့နော်။ အကြာကြီး မဖြစ်နိုင်တောင် အခုလို ယေရှုမွေးနေ့အခါသမယကလေးမှာ အဲသည်စိတ်ကလေးကို ကိုယ့်ဘက်က ဖြစ်နိုင်အောင် နှလုံးသွင်းမွေးမြူထားတယ်။ စိတ်လည်းချမ်းသာ လူလည်းချမ်းသာ။ ရန်ကုန်မြို့ကြီးမှာ ပိုက်ဆံမပေးရပဲ သာသာယာယာ ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတာ သည်အလုပ်ပဲ ရှိတယ်။ ဘာအလုပ်လဲဆိုတော့ ခရစ်စမတ်နေ့မှာ မိဘမဲ့ကလေးတွေနေတဲ့ ဂေဟာတစ်ခုကို သွားဖြစ်တယ်။ “Holy Home” တဲ့။ အမြန်လမ်းနံဘေး၊ မယ်ဇလီကုန်းရွာနားမှာ ရှိတာ။ ဂေဟာ ၁၂ နှစ်ပြည့်နဲ့ ယေရှုမွေးနေ့ အလှူလုပ်ကြမလို့တဲ့။ အလုပ်သမားဆေးရုံက အန်တီဖွေးဖောကြီး ဖိတ်လို့ လိုက်သွားတာ။ ဆရာတော်နန္ဒမာလာဘိဝံသရဲ့ ကျောင်းနံဘေးတင်ရှိတယ်။ အဆောင်ကလေးတွေ သေးပေမယ့် ခြံကျယ်ကျယ်ကလေးပါ။ အရိပ်ရသစ်ပင်ကလေး နည်းနည်းပါးပါးနဲ့။ ကလေး ၂၃ ယောက်ကို စောင့်ရှောက်ထားတယ်။ ကလေးတွေကတော့ နေရာအနှံ့ကလာတာ။ ပူတာအိုကလာတဲ့ ကချင်ကလေးတွေ၊ ရဝမ်ကလေးတွေ၊ ချင်းကလေးတွေ၊ ရခိုင်ကလေးတွေလည်း ပါတယ်။ အမွှာပါတဲ့ မောင်နှမသုံးယောက်လည်း တွေ့ခဲ့တယ်။ အကြီးဆုံးအရွယ်က ကိုးတန်းသုံးယောက်၊ အငယ်ဆုံးအရွယ်က တစ်တန်းကလေး။ သူတို့အားလုံး ကျောင်းနေကြတယ်။

လူကယ်ပြန်မှာ အလုပ်မလုပ်ဖူးပေမယ့် မိဘမဲ့ဂေဟာတွေ ကိုယ်တော်တော်များ များ ရောက်ဖူးတယ်။ ရွှေဂုံတိုင်၊ ထောက်ကြံ့၊ ကမ္ဘာအေး၊ ကျိုက်ဝိုင်း၊ ဝင်ဒါမီယာ၊ ဝင်္ကပါလမ်း၊ ငှက်အော်စမ်း၊ အကုန်ရောက်ဖူးတယ်။ အလှူလှူတာ၊ မုန့်သွားကျွေးတာ၊ စာကြည့်တိုက်သွားဖွင့်ပေးတာ၊ စာပေဟောပြောပွဲလုပ်ပေးတာ၊ ဆေးသွားကုပေးတာ အစုံပဲ။ သာကေတ၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်၊ သန်လျင် အစရှိတဲ့ အပြင်ဘုန်းကြီးကျောင်းနဲ့ အဖွဲ့အစည်းတွေ လုပ်တဲ့ဆီလည်း ရောက်ဖူးတယ်။ ရောက်တဲ့အခါတိုင်းလည်း ကိုယ်က ပိုက်ဆံထုပ်ကြီးပိုက်ပြီး လှူမဟဲ့တန်းမဟဲ့ တဝကြီးမဝေနိုင်တာမို့ ကလေးတွေနဲ့ ဖက်လှဲတကင်း ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး နေနိုင်ဖို့ပဲ ကြိုးစားတယ်။ သူတို့လေးတွေက မေတ္တာငတ်နေတာလေ။ ကိုယ်က မေတ္တာပဲပေးမယ်။ (အဲ့သည်မေတ္တာက ပိုက်ဆံမှ မပေးရပဲကိုး လို့ သမီးကတော့ ပြောမယ်ထင်ပါရဲ့။) အေးပေါ့။ အရင်းမစိုက် လှေထိုးလိုက်လို့ ပြောပြော။ ကိုယ့်မရှိတာ ဘယ်ပေးနိုင်မှာတုန်း။ ကိုယ့်မှာ သူတို့ကိုပေးစရာ မေတ္တာစိတ်တွေ ရှိနေတာကိုက ကံကောင်းတယ်မှတ်။ မဏ္ဍပ်တိုင်တက် နံမယ်ကြော်ငြာခိုင်းနေတာလည်း မဟုတ်ဘူး။ မျောက်ပြဆန်တောင်း အလှူရှင်ရှာနေတာလည်း မဟုတ်ဘူး။ ရင်ခွင်ပျောက်နေတဲ့ကလေးတွေကို နွေးထွေးတဲ့ရင်ခွင်တစ်ခု ခဏငှားပေးတယ်။ ရောက်သခိုက်မှာ ကလေးတွေကို ပျော်စေချင်တယ်။ ကိုယ်တွေလည်းပျော်တယ်။ ကိုသာပိုရှိတုန်းက သူ့သူငယ်ချင်းတွေနဲ့ ကလေးတွေကို ရေခဲမုန့် ကိတ်မုန့်အဝကျွေး၊ အရုပ်ကလေးတွေဝေပြီး တနေကုန် အတူတူဆော့ကြတာ ပျော်စရာကြီး။ သူက ကလေးတွေကို ကြီးလာတဲ့အခါ ဆရာဝန်ကြီး ဆရာမကြီး ဘာကြီးညာကြီး ဖြစ်လာဖို့ထက် ကလေးဘဝ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်ဖို့ကိုပဲ စိတ်အားထက်သန်တယ်။ အနာဂတ်ဆိုတာ သူတောင် ကြိုမမြင်နိုင်လို့ အခု မရှိတော့ဘူး မဟုတ်လား။

မိဘမဲ့ဂေဟာတွေ စုံတကာစိနေအောင် ရောက်ခဲ့သွားခဲ့သူမို့ အခုကလေးလေးတွေကို ကြည့်ရုံနဲ့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ကျွေးမွေးထားတယ်လို့ အကဲခတ်မိပါတယ်။ အလှူရှင်လာခါနီးမှ သနပ်ခါးလိမ်း အဝတ်အစား အသစ်ဆင်ထားတာ မဟုတ်ဘူး။ ကလေးတိုင်း သူ့အရွယ်နဲ့သူ ဘိနပ်ကောင်းကောင်းကလေးတွေ စီးထားတယ်။ ခြေသည်းလက်သည်း ညှပ်ထားတယ်။ ပွေးဝဲယားနာ မရှိဘူး။ ဗိုက်ပူနံကား မရှိဘူး။ ပြည့်ပြည့်စုံစုံ အလှူရှင်တွေ ရှိလို့ ကောင်းကောင်းထားနိုင်တယ် မထင်နဲ့။ အဆောက်အဦလေးတွေက ခနော်ခနဲ့ရယ်။ အဝီစိတွင်းရေက အနည်တွေပါတယ်။ ဝန်ထမ်းအင်အား များများစားစား မရှိဘူး။ သင်းအုပ်ဆရာမိသားစုတွေ ဝိုင်းလုပ်ဝိုင်းစား ထိန်းကျောင်းနေပုံရတယ်။ ဒါပေမယ့် အဲသည်နေ့ စတုဒီသာလာစားတဲ့ ရွာထဲကကလေးတွေထက်တော့ သပ်သပ်ရပ်ရပ် ရှိနေတာ အမှန်ပဲ။ သြော် ငါတို့ဆီက မိဘနဲ့ကလေးသူငယ်တွေများ သူများဘာသာကစောင့်ရှောက်တဲ့ မိဘမဲ့ကလေးတွေလောက်မှ ပြောင်ပြောင်ယောင်ယောင် မရှိလေခြင်း လို့ စိတ်မကောင်းဖြစ်ရတယ်။ ဂေဟာမှာ ကလေးအစိတ်ပဲ ရှိပေမယ့် ရွာနီးချုပ်စပ် ဧည့်သည်တွေအဝကျွေးဖို့ နို့ခေါက်ဆွဲကို အချိန်တစ်ရာတောင် ချက်ရပါသော်ကော။ အားပေးချက်နှယ်။ ဘယ်သူမှ နှစ်ဇလုံအောက် မလျော့ဘူး။ အလှူလုပ်တဲ့ သင်းအုပ်ဆရာလေးကလည်း ပြုံးလို့ပျော်လို့။ ကျေးဇူးတော်တွေ ချီးမွှန်းလိုက်၊ ကလေးတွေက ဓမ္မတေးတွေဆိုပြီး ကပြလိုက်။ ကီးဘုတ်ကလေးနဲ့ ဂီတာတစ်လက်လည်း ပါတယ်။ လီဒီယာဆိုတဲ့ ရဝမ်ကလေးမလေးက အရွယ်နဲ့မလိုက်အောင် မင်သေသေနဲ့ ပိပိရိရိ ဆိုနိုင်တယ်။ မွေးနေ့ကိတ်ကြီး လှီးကြပြန်ပါရော။

ကိုယ်ကတော့ မွေးနေ့မှာ ကိတ်မုန့်မလှီးဖြစ်တာ အသက်တဝက်လောက် ရှိနေပြီ။ အသက်အတိုင်းသာ ဖယောင်းတိုင်စိုက်ရရင် ကိတ်မုန့်နဲ့မတူပဲ ဖြူကောင်ကြီးနဲ့တူသွားမှာပေါ့။ ဘာပဲပြောပြော သည်တစ်ခါ မွေးနေ့ဆို အသက် ၅၀ ပြည့်ပြီ။ သည်အရွယ်ကြီးရောက်မှတော့ လောကကြီး ဘာကိုမှ မလိုချင်တော့ဘူး။ ဘာမှလည်း မဖြစ်ချင်တော့ဘူး။ ကျားစီးဖားစီး ပိုက်ဆံတွေ ရှာပါပြီတဲ့။ ဆေးကုစားရိတ်၊ မသာစားရိတ်ပဲ သုံးစရာကျန်တော့မှာ။ ပညာတွေ ထပ်သင်ရဦးမလား။ ပင်စင်ပဲနီးနေမှဟာ။ မိန်းမအသစ် Upgrade လုပ်ရမလား။ ကလေးအစက ပြန်ထိမ်းနေရမှာပေါ့။ ဘာလုပ်စရာ ကျန်သေးသလဲ။ သေဖို့ပြင်ထားရဦးမှာလေ။ ဘဝကူးကောင်းဖို့ ပြင်ထားရမှာလေ။ သည်ဘဝက စည်းစိမ်ဥစ္စာတွေကို (ရှိလည်းမရှိပါဘူး။ စကားအဖြစ်ပြောတာ။) နောက်ဘဝထိ ဆက်ယူသွားလို့ရအောင် အလှူရေစက် လက်နဲ့မကွာ ဘောက်ချာဆုတ်ပြီး ဟွန်ဒီလွှဲမလား။ အဲ့လိုမျိုး အကျိုးလိုလို့ ညောင်ရေလောင်းတာ ဝါသနာမပါဘူး။ လှူတယ်ဆိုကတည်းက ဝတ္ထုပစ္စည်းအပေါ် လိုချင်တပ်မက်စိတ် တဏှာကိုဖြတ်ပြီး သူများသုံးဆောင်မှီဝဲပါစေဆိုတဲ့ စေတနာနဲ့ပဲ လှူချင်တာ။ လှူဒါန်းရသော အကျိုးအားကြောင့် ဘဝဆက်တိုင်း ဤစည်းစိမ်ဖြင့် လို့ ဆုပန်နေမှတော့ ဘယ်လိုလုပ် တဏှာပြတ်ပါ့မလဲ။ နတ်သမီးလေးတွေ တဘက်လေးငါးရာ စံကာပျံကာ စည်းစိမ်ခံနိုင်ဖို့ တထိုင်တနိုင် ဥပုသ်သီလဆောက်တည်ဦးမှပေါ့ဆိုတာကလည်း လွယ်မယ်မထင်ပါဘူး။ နတ်သမီးလည်း မိန်းမပဲ မဟုတ်ဘူးလား။ မိန်းမ အယောက်တစ်ထောင် အပါတ်လည်အောင် ပေါင်းဖို့ဆိုတာ တော်တော့်သတ္တိနဲ့မရဘူး။ နားငြီးလို့ နတ်သက်ကြွေသွားနိုင်တယ်။ အေးအေးပဲ နေပါရစေ။

ဟုတ်တယ်။ သည်အချိန်မှာ အလိုချင်ဆုံးဆန္ဒက အေးအေးဆေးဆေး နေချင်တာပဲ။ မရှိရှိတာနဲ့ ရောင့်ရဲတင်းတိမ်လို့ရတယ်။ မရဒသကချိုင်မနေချင်ဘူး။ နေရသခိုက် ကို ယ့်ကြောင့် သူတပါး လူအများ အကျိုးစီးပွား ပျက်စီးထိခိုက်စရာ ဘာကိုမှ မကြံလို မပြောလို မလုပ်လိုဘူး။ မတ်တပ်စားလည်းနှစ်နပ်၊ ငုတ်တုတ်စားလည်းနှစ်နပ်၊ ငိုစားလည်းနှစ်နပ်၊ ရယ်စားလည်းနှစ်နပ်ပဲ။ ဘာထူးမှာလဲ။ ကိုယ်သေတဲ့အခါ ကုသိုလ်တွေ မပါချင်နေ အကုသိုလ်တွေ အတုံးလိုက်အတစ်လိုက် မတက်ချင်ဘူး။ ဒီအရွယ်ကြီးကျမှ ကုသိုလ်တစ်ပဲနဲ့ ငရဲတစ်ပိဿာကို သည်ဘဝသည်ကိုယ်နဲ့စံ နောက်ဘဝ နောက်ကိုယ်နဲ့ခံ လို့ အလိုက်ပေးပြီး မလဲနိုင်ဘူး။ ကိုယ့်တစ်ယောက် ကောင်းစားဖို့ ဟင်္သာကိုးသောင်းဇာတ်လည်း မကနိုင်ဘူး။ ဖြစ်နိုင်ရင် အာရုံညစ်နွမ်းပြီး အကုသိုလ်တက်စေမယ့် လူ့အကုသိုလ်ကောင်ကြီးတွေနဲ့ ဝေးဝေးပဲနေချင်တယ်။ သူတို့အကြောင်းတွေလည်း မသိချင် မကြားချင် မဖတ်ချင်တော့ဘူး။ တို့ကတော့ တို့ကတော့ တို့ကတော့ ဘုရားကျောင်းထဲမှာ သွားနေတာပဲ ကောင်းပါတယ်။ သိုးမည်းဟောင်းကြီးတွေလာတော့လည်း ဘာဘာသိုးမည်း သိုးမွှေးရှိသလား မေးလိုက်တာပေါ့။ ကိုယ်လည်းပဲ သူတို့ဆိုသလောက်တော့ ဖော်လိုလိုက်တတ်ပါတယ်။ ချစ်သားလည်း ကျူးရင့်ပါရစေ ကိုယ်တော်အရှင်။

“လောကဝမ်းမြောက် ဘုရားကြွလာ၊ မြေကြီး ဘုရင်ခံယူ။ နှလုံးခပ်သိမ်း နေရာပြင်ထား။ ကမ္ဘာမြေ မိုးဧကျူး။ ကမ္ဘာမြေ မိုးဧကျူး။ ကမ္ဘာ မြေမိုးဧကျူး။”

Credit to Sayar Soe Min

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

Social Bookmarking: del.icio.us:“ဟာလေးလျူးယား” digg:“ဟာလေးလျူးယား” spurl:“ဟာလေးလျူးယား” wists:“ဟာလေးလျူးယား” simpy:“ဟာလေးလျူးယား” newsvine:“ဟာလေးလျူးယား” blinklist:“ဟာလေးလျူးယား” furl:“ဟာလေးလျူးယား” reddit:“ဟာလေးလျူးယား” fark:“ဟာလေးလျူးယား” blogmarks:“ဟာလေးလျူးယား” Y!:“ဟာလေးလျူးယား” smarking:“ဟာလေးလျူးယား”

Get notified by email when shweDarling.com blog is updated! CLICK HERE!

Comments are closed.

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter