Page 3 of 1,4011234567...Last »
21st Mar 2017

Hot News about May Htut Khaung’s Fashion

image

image

image

image

image

မေထွဋ်ခေါင်  ကို   အကယ်ဒမီပွဲတက်အတွက် ချုပ်ပေးဖို့  ပြောတဲ့ချိန် တုန်းက နှစ်ယောက်တိုင်ပင်ခဲ့တာက ပွဲတက်တဲ့ ခါတိုင်းလို  မဟုတ်ပဲ မေထွဋ်ခေါင်က  လသားအရွယ် သားသည်မိခင်ဖြစ်နေတာက တကြောင်း  မီးမီး လေးကို ပြင်ပအစာ နဲ့အခြားဖြည့်စွပ်စာ မကျွေးပဲ   မိခင်နို့တမျိုးတည်း  တိုက်ကျွေးနေရလို့ အိမ်မှာထားခဲ့လို့ မဖြစ်တာ  ရယ် ကြောင့် အမ ရေ  ပွဲတက်ဖို့အခက်ဖြစ် နေခဲ့တော့  ညီမ တော့ ပွဲကိုခနပဲတက်မယ် ပွဲစတာနဲ့ သမီးပြန်မယ်  ခလေးကို ကားထဲခေါ်ထားရ ပါ့လိမ့်မယ်တဲ့   အကျီင်္ကိုလည်း  သိပ်မဆန်းပဲ   သမီးအခု ဝနေတာနဲ့လိုက်ဖက်အောင်သာစီစဉ်ပေးပါဆိုလို့  သူ့နဲ့လိုက်ဖက်မယ့်အရောင်ရယ် သူ နို့တိုက်လွယ်အောင် ချုပ်ပေးလိုက်တာ ပါ။
အကယ်ဒမီမတိုင်မှီ ပုံတွေရိုက်တုန်းကလည်း  အကျီင်္ကအဆင်ပြေပါသေးတယ်  သူ့ခမျာ နို့တိုက်မိခင်တစ်ယောက် ဖြစ်နေတော့  ပွဲမစခင်နဲ့ ပွဲစတဲ့ ထိ ကလေးကို  ကားထဲထိ  ဝင်လိုက် ထွက်လိုက် နဲ့ အကြိမ်ကြိမ် ကလေးနို့ဆာတိုင်း အပြေး သွားတိုက် ရတာပါ ပွဲထဲပထမ ကလေး မခေါ်လာတာက ပွဲရဲ့အသံကြောင့် နုနယ်တဲ့ကလေး   အထိတ်တလန့်ဖြစ်မှာ စိုးပြီး မခေါ်သေးပဲ  တအားဝေးတဲ့ ကားပါကင်ထိ သွား  နို့တိုက်လိုက်  ပြန် လာ လိုက်  မီဒီယာနဲ့ လာတွေ့နဲ့တအားအလုပ်ရှုပ်နေခဲ့တာ မျက်မြင်ပါ   ပြန်မယ်လုပ်တော့ လည်း ပွဲစီစဉ်မှု့အရ  အထွက် လမ်းတွေကို ညကိုးနာရီမှ ဖွင့်ပေးမှာဖြစ်လို့  ပိတ်ထားခဲ့တာကြောင့် ပထမစီစဉ်သလို စောစီး မပြန်ဖြစ်ခဲ့ပါဘူး  နောက်ဆုံးအကြိမ်  နို့တိုက်ရာမှာ ကလေးကို လွတ်လပ်စွာ တိုက်မရလို့   ကျမ ချုပ်ထားတဲ့အင်္ကျီ ကလည်း cap ပါပြီးသားဆိုတော့ ကြိုးထိန်း ထားတဲ့အတွင်းခံကိုချွတ် လိုက်တာကြောင့်  လည်ပင်းက ဟိုက်ဆင်း လာတာပါ  ဒါကိုအမိရိုက်ပြီးပွဲတစ်ခု  လို လုပ်နေတဲ့ဟာတွေ က  နို့တိုက်မိခင်နဲ့ကလေးရဲ့ထိစပ်မှု့မိခင်တစ်ယောက်ရဲ့ မေတ္တာ နဲ့
မိခင်တယောက်ရဲ့စိတ်နဲ့  နို့တိုက်မိခင် ရဲ့ပွဲတစ်ခုတတ်တဲ့အခါကြုံတွေ့ရတဲ့ ပြသနာ   အခက်ခဲ ဘာတခုမှ နားမလည်ပဲ  သူတို့တွေ ဟာ မိခင်နို့ မသောက်ဖူးပဲ မိခင် ဆိုတဲ့အနက်အဓိပ္ပါယ်  မိခင်မေတ္တာ တွေ မရ ဖူးတဲ့ လူ့တိရိစ္ဆာန် လို လူမျိုး  
  နို့ ရင် အုံမြင်တာ နဲ့ သူတို့ရဲ့တိရစ္ဆာန် စိတ်နဲ့  သူတို့တွေးတဲ့ အတွေးပဲ တွေးနေလေတော့ လည်း  အဲ့လိုအရိုင်းစိုင်းတွေကို ဘာမှ မဖြေရှင်းချင်ပေမယ်  မေထွဋ်ခေါင် ကို ချစ်တဲ့ ပရိတ်သတ်တချို့ စိတ်ခုမှာကြောင့်    ကြားကနေ အခုလို ရှင်းပြတာပါ   ကိုယ်ပိုင်ခြုံပုဝါလည်းပါလာပေမယ့်  မီးမီးလေး ကို ရင်ပြင်ရဲ့ လေဟာနယ်မှာ လေစိမ်းတိုက်မှာစိုး လို့ ကလေးကို ပြန်ပါတ်ပေးထားတာပါ။
မိခင်  နို့နဲ့မိခင်မေတ္တာ ကို အပြည့်ဝ  နားလည်သူတိုင်းသိနိုင်မှာပါ ။

Credit to Elina Ma Kay Thi

Filed under Asia Entertainment, Beauties & Hunkies & Couples | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

19th Mar 2017

“အကယ်ဒမီရင်ခုန်သံ”

“အကယ်ဒမီရင်ခုန်သံ”

         မနေ့ညက မီးပျက်လို့ TGIF တောင် မလုပ်နိုင်ပါဘူး။ Air con မလာလို့ ချွေးတွေသံတွေနဲ့ Gym တောင် မဆော့နိုင်။ အိမ်ပြန်ပြီး မီးအလာ Myanmar Idol လေးပဲ စောင့်ကြည့်ရတယ်။ ဒါကြီးက ရင်ခုန်စရာ မကောင်းလိုက်တာများ ကြည့်ပြီးသားရုပ်ရှင်ကြီး ပြန်ထိုင်ကြည့်နေရသလိုပဲ။ ဘယ်သူရမယ်လို့ မှန်းထားရင် မြေကြီးလက်နဲ့ပုတ်တာကမှ လွဲဦးမယ်။ ဘယ်သူဆိုတာကိုမှ နားမထောင်ဖူးဘူး။ Facebook ပေါ်က အဆင်ကြည့်ရုံနဲ့ ဗေဒင်ဟောစားလို့ရပြီ။ ကိုယ်မှမဟုတ်ဘူး။ Main stream တွေ၊ Trend တွေကို နားလည်တဲ့သူတိုင်း သည်အဆင်နဲ့သည်အဆင် ဘယ်ဖဲပဲတက်ဖို့ကျန်သလဲ ဒုံးမဝေးဘူး။ Mm Id selfie လောက်နဲ့ Facebook ပေါ်တက် ဖလန်းဖလန်းထချင်လို့ ရမလား။ ကိုယ်က သူများ Flow နဲ့ Go မယ့်သူ မဟုတ်ဘူး။ ကိုယ့် Flow နဲ့ သူများတွေ စီးဝင်လာအောင် လုပ်ရမှာ။ ဘာခက်တာလိုက်လို့ကွယ်။ ဒီည အကယ်ဒမီ မဟုတ်လား။ အုန်းအုန်းကို ထသွားမှာ။

           တို့ကားတွေတော့ တစ်ကားမှ မပါပါဘူး။ လူကိုမျန်း အကယ်ဒမီတစ်ကြိုထဲ ထည့်စဉ်းစားရအောင် သူတို့ ဘဘစိုင်းလို အိုစနာဘင်လာဒင်ကြီး မှတ်နေ။ ကိုယ့်ရုပ်ကိုယ့်ရည် ကိုယ့်အသက်အရွယ်ကလေးနဲ့ဆို ရွှေကြိုဝင်လျှောက်ရင်တောင် အိမ်ကမိဘ သဘောတူရဲ့လား မေးယူရမယ့်ဟာ။ လျှောက်ရင် ရမှန်းသိတယ်။ မလျှောက်ဘူး။ မလျှောက်တာ။ စင်ပေါ်ကိုယ့် လူတကာကြည့်ပြီး စင်အောက်ကဟာတွေ ဘာတစ်ခုမှ သိလိုက်မှာ မဟုတ်ဘူးလေ။ အဲသလောက်ကို စိတ်ဝင်စားစရာ မကောင်းတာ။ နောက်ပြီး ကိုယ်နဲ့တွဲထွက်ရမယ့် မမက မိတ်ကပ်တွေ ထူလပျစ်ကြီးနဲ့ဆို ဂွမ်းပြန်ရော။ လိုက်မလိမ်းပြန်ရင်လည်း မျက်နှာပြောင်ကြီးနဲ့ အိမ်နေရင်းမျက်ခွက် အပြောခံရမယ်။ လိုက်လိမ်းပြန်တော့ သူတို့ဆင်တဲ့အဝတ်အစားနဲ့ တွံတေးတိန်းတိန်ကြီးလို  နေမယ်။ ပါးပါးလေးပုတ်ရင်တောင် မောင်ဇင်အောင်ကြီးလောက်တော့ ရုပ်ပေါက်မှာ။ ငါ့နှယ်။ အစကတည်းက အရုပ်ဆိုးလိုက်ရင်လည်း အကောင်းသား။ မောင်မောင်အေးလို သူများဘာဝတ်ဝတ် ဘယ်လိုပြင်ပြင် ခပ်ပြောင်ပြောင် ကိုယ့်စတိုင်နဲ့ကိုယ် နေလို့ရတယ်။

            စပ်စုချင်ရုံသက်သက်ဆိုလည်း သိပ်မခက်ပါဘူး။ ကင်မရာလေးတစ်လုံးလွယ် ဂျာနယ်တိုက်က ရင်ထိုးကလေးတောင်းတပ်ပြီး တစ်ပွဲလုံးမွှေ့ ဓါတ်ပုံရိုက်လို့ရတယ်။ ဒါလည်း အဲ့လောက် အပင်ပန်းခံစရာ မလိုပါဘူး။ လူတကာရိုက်တင်မယ့် ပုံတွေ Facebook တစ်ခုလုံး ဖွေးဖွေးလှုပ်သွားမှာ။ ရွေးစမ်းပါလေ့။ ကြည့်တဲ့သူက ပုံထဲက မင်းသားမင်းသမီးပဲ စိတ်ဝင်စားလိမ့်မယ်။ လိုင်ပေးတာမပေးတာ မင်းသားမင်းသမီးနဲ့ပဲဆိုင်တယ်။ ကိုယ်တင်ထားတိုင်း ကိုယ့်ကိုလိုင်တာမထင်နဲ့။ ကိုယ်က ဖွေးစိန်ဖန်လည်းမဟုတ်ဘူး။ ကစ်ကစ်ဖန်လည်း မဟုတ်ဘူး။ ဘယ်သူ့နောက်မှ လိုက်ဝန်းရံနေစရာ မလိုဘူး။ ဒါကြောင့် ဓါတ်ပုံလိုက်ရိုက်ဖို့လည်း အစီအစဉ်မရှိဘူး။ ရိုက်ချင်းရိုက် ကိုယ့်ပုံပဲကိုယ် ရိုက်တင်ချင်တာ။ သူတို့နဲ့ ဆယ်လဖီဆွဲမိရင်တောင် ကိုယ်မလှရင် အဲ့ပုံ Only Me နဲ့လည်း မတင်ဘူး။ ဖုန်းထဲ သူများဝင်ကြည့်ရင် မြင်မစိုးလို့ တစ်ခါတည်း Delete လုပ်ပလိုက်တယ်။

            ဒါဖြင့်ရင် အကယ်ဒမီဝေဖန်ရေး သတင်းဆောင်းပါးလေး ဘာလေး။ လာမလုပ်နဲ့။ အကယ်ဒမီဆိုတာ ဘယ်သူဘယ်ကားရမယ် ကာယကံရှင်ကလွဲလို့ ဘယ်သူမှ ရင်မခုန်ဘူး။ အဲ့ဒီကာယကံရှင်တောင် သူများအပြောနဲ့ လေဖမ်းဒါန်းစီးရတာ။ ကိုယ့်ကားကိုယ် ကြည့်ဖူးတာ မဟုတ်။ နေ့မီးညမီးဆက်ပြီး ရိုက်နေရတာ ကိုယ့်ကားတောင် ကိုယ်ပါတဲ့အခန်းကလွဲရင် ကိုယ်နဲ့အတူ တွဲရိုက်တဲ့လူ သူများဘာလုပ်ထားလဲ မကြည့်နိုင်ဘူး။ ဘယ်သူမှ ငါ့လောက် မကောင်းနိုင်ပါဘူးလေ ဆို စိတ်နှလုံး ဒုံးဒုံးချထားတာ မဟုတ်လား။ အများကြီးလည်း ရွေးစရာ မရှိပါဘူး။ တင်သမျှကားထဲ ဟာသကား မဟုတ်တာဆိုလို့ မူးရင် ရှူစရာရအောင် မနည်းထည့်ရိုက်ထားရတာ။ စစ်ကားပါသလား ကြည့်လိုက်။ ပါရင် အဲ့ထဲက မပါပါအောင် ထည့်ပေး။ ပေးစရာ မင်းသားမင်းသမီး မရှိရင် လူကြမ်း၊ ဇာတ်ပို့၊ ဓါတ်ပုံ၊ ဒါရိုက်တာ မရရအောင်ရွေး။ အိုက်နှစ်အတွက် ဇာတ်ကားဆုလည်း တခြားဟာတွေ တက်မလာစေနဲ့ တောက်ချပစ်လိုက်တော့။ တကယ်တမ်းတော့ အကယ်ဒမီပေးပွဲဆိုတာ အကယ်ဒမီရမယ့် ရုပ်ရှင်ဇာတ်ကားအပေါ် သူတို့ရုပ်ရှင်လောကသားတွေလည်း စိတ်မဝင်စားဘူး။ ရုပ်ရှင်ချစ်ပရိသတ်ကြီးလည်း စိတ်မဝင်စားဘူး။ သတင်းမီဒီယာသမားတွေလည်း စိတ်မဝင်စားကြပါဘူး။ အဲ့ဒါတွေက ဦးနေဝင်းခေတ်တုန်းက မြန်မာ့အသံ မြက်ခင်းပြင်မှာ အကယ်ဒမီပေးတဲ့ဆီမှာ ကျန်ရစ်ခဲ့ပြီ။ မရုံရင် ပွဲပြီးတဲ့အချိန်ထိစောင့်ကြည့်။ စင်ပေါ်မှာ လူမစုံခင်ကတည်းက ပွဲခင်းကြီး အမှိုက်ထုပ်တွေပဲ ကျန်လိမ့်မယ်။ အကုန်လုံး ရွေ့ကုန်ပြီ။ Plan B ရှိသေးတယ်လေ။ ဆုရတဲ့ကောင်တွေ ပြီးရင် လိုက်ခဲ့ကြ။ ငါတို့က အိမ်ပြန် အဝတ်လဲပြီး နောက်တစ်ပွဲ ကူးဦးမယ်။

            အကယ်ဒမီဆိုတာ ကိုယ်မရခါမှ နေရော။ အဲသည်ပွဲ ကိုယ်တက်သွားလို့ရှိရင် ကိုယ်ဝတ်သွားတဲ့ အဝတ်အစား သူများက ဘယ်လောက်စိတ်ဝင်စားတယ်။ ဂျာနယ်တွေထဲ ဘယ်လောက် ပွထသွားတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဘယ်လောက်လိုင်တွေရှဲတွေ ကြွေဆင်းကုန်တယ်။ ပွဲပြီးတာနဲ့ အဲ့ဒီဝတ်စုံနဲ့ Wall Sheet တွေ Calendar တွေ ထွက်လာတယ် ဆိုတဲ့အပေါ်မှာ အသက်ပဲ။ အရုပ်ကြီးရတဲ့သူက အရုပ်ကြီးကိုင် ဓါတ်ပုံရိုက်ရုံပဲ ရှိမယ်။ ဝတ်စုံနဲ့ ဖက်ရှင် ပေါက်တဲ့သူကမှ သည်လောကထဲ နံမည်တစ်လုံး ကျန်မှာလေ။ အဲ့ဒါကြောင့် အကယ်ဒမီရာသီဆိုတာ စပွန်ဆာ အကြီးအကျယ် တွင်ကျယ်တဲ့ ရာသီကြီး ဖြစ်လာတာပါလေ။ ပိုးထည် စိန်ထည် ပန်းတိမ်သည်ကြီးတွေ တစ်နှစ်စာ promotion ဝင်စရာ ဈေးကွက်ကြီးကိုး။ မြန်မာပြည်သိန်းထောင် အန်ကယ်ကြီးတောင် ရှစ်ကျပ်သား ရွှေနယားရုပ်ကြီးနဲ့ တက်မှာ လို့ ကြေငြာထားတော့ ထီဆိုင်သူဋ္ဌေးကတော် ဖြစ်ခဲ့ဖူးသူ မမက အားကျမခံ ရွှေနှစ်ပိသာပြည့်အောင်ဝတ်ပြီး ပွဲတက်မှာ လို့ ပြန်ချေထားတယ်။ ဒါပေသိ သူတို့ ဝတ်စုံကြီးတွေက အကယ်ဒမီမတက်ခင် Facebook ပေါ်ရောက်သွားတော့ ဒါကြီးတွေ ဝတ်ပြီး တက်ရင်လည်း ဝတ်ပြီးသား အဝတ်အစားအဟောင်းကြီး ပြန်ဝတ်သလို ဖြစ်သွားပြီ။ ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ ဘယ်လောက်ဆန်းတဲ့သတင်းပဲဖြစ်ဖြစ် ဖတ်ပြီးသား သိပြီးသားဆို ဘာတန်ဖိုးမှ မရှိတော့ဘူးလေ။ ကိုယ်ဆိုရင်တော့ သည်ဟာကို အယောင်ပြပြီး တကယ့်ပွဲကျတော့ တခြားဟာနဲ့တက်မှာ။ ဒါကြီး ပြန်ဝတ်ရမှာ ရှက်စရာကြီး။ လူတွေ မှတ်မိကုန်ပြီလေ။

              ဟိုးတုန်းကတော့ အကယ်ဒမီမင်းသမီးတွေက ချေတယ်။ သူတို့က တခြားမင်းသမီးတွေနဲ့ ပြိုင်စရာ မရှိဘူးတဲ့။ မနှစ်ကခင်သီတာထွန်းကို သည်နှစ်ခင်သီတာထွန်းက ပြန်ပြိုင်ရတယ် ဆိုတာမျိုး ပြောတယ်။ သည်ကနေ့ မင်းသမီးတွေလည်း အတူတူပါပဲလေ။ သူများကို ရှိတယ်လို့ကို မထင်ကြပါဘူး။ မနှစ်ကတုန်းက အကယ်ဒမီပွဲတက်ခဲ့တဲ့ သူ့ကိုယ်သူနဲ့ ပြိုင်ဖို့ သည်ကနေ့ အကယ်ဒမီပွဲကို တက်လာတာပါ။ မနှစ်ကတုန်းက သူ့ပုံတွေ ဝေဝေဆာဆာ နဲ့ ပေါက်ခဲ့ရင် သည်နှစ် အဲသည်ထက် ပိုပြီး ဟိုးလေးတကျော် ဖြစ်စေရမယ်။ သည်လိုနဲ့ တစ်နှစ်ပြီးတစ်နှစ် အသက်သာကြီးလာပေမယ့်လည်း လူကတော့ အိုသွားတာ ရင့်သွားတာ၊ ဝတုတ်ပူရှူးသွားတာ လုံးဝအဖြစ်ခံလို့ မရဘူး။ အသက်ကြီးလေ နုလေ လှလေ ဖြစ်ဖို့လိုတယ်။ ဒါမျိုးကတော့ ဆုတောင်းရုံနဲ့ ဘယ်ရမလဲ။ အဝတ်အစား မိတ်ကပ်ဆံပင်ချည့်ပဲလည်း အားကိုးလို့ မရဘူး။ ကိုယ့်နှုန်းနဲ့ကိုယ် မန်းဒိတ်ထားပြီး အစားအငတ်ခံ၊ ယောဂကျင့်၊ Gym ဆော့၊ Spa ဝင်၊ ဘာမှ မကယ်နိုင်တော့ဘူးဆို တိုးတိုးတိတ်တိတ် ကိုရီးယားပြေးရတော့တယ်။ ကိုယ့်ရဲ့ ပုံရိပ်လှလှလေး ပရိတ်သတ်မျက်စိထဲမှာ တစ်နှစ်စာစွဲမြဲသွားစေဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်ရတာပေါ့အေ။ မီးက ပရိသတ်ကြီးရဲ့ မေတ္တာကိုပဲ လိုချင်တာ မဟုတ်လား။ အာ့လေးရပြီးသွားမှ ကွကို ယောင်းမမြင်းစီးထွက်လည်း အေးဆေးဖြစ်သွားပြီ။

              အကယ်ဒမီဆုပေးပွဲဆိုတာ ရုပ်ပြ အလှပြ ဖက်ရှင်ပြိုင်ပွဲကြီး သက်သက်တော့ မဟုတ်ပါဘူး။ သူ့မှာ နောက်ထပ် အနှစ်သာရတစ်ခု ကျန်ပါသေးတယ်။ သိတယ်မဟုတ်လား။ မြန်မာ့မြန်မာ့ရုပ်ရှင်လေ။ ဘာမှ မစုံလင်လည်း စက်အစုတ်နဲ့ပင် ရုံပေါ်အရောက်တင်နိုင်ပါသေးတယ်။ အကယ်ဒမီပွဲမှာ လူတွေ စိတ်ဝင်စားကြတာက ဘယ်သူဘာ ဝတ်တာစားတာတင်မကဘူး။ သူတို့နဲ့ ပတ်သက်တဲ့ အတင်းအဖျင်း သတင်းပလင်း အစုံအလင် ပါပါသေးတယ်။ ဦးဦးနုပျိုချောမောကြီးက သူ့ရဲ့ ဓမ္မမိတ်ဆွေ ဖြူစင်သူကလေးနဲ့ အတူတူ ပွဲတက်လာသလား။ စိန်မေရီဘုရားကျောင်းထဲက ညှို့မျက်ဝန်းမင်းသားကလေးက အကယ်ဒမီပွဲတက်မီ အိမ်ပြန်ရောက်ပါ့မလား။ အရင်လို ကြည့်ကောင်းနေတုန်းပဲလား။ လွမ်းလွန်းလို့ ပိန်များသွားလေမလား။ “ပရမ်းပတာတွေပါဟယ်။” ဆို ကတ်တလီယာ အကြီးအကျယ်ပွင့်ပြီးမှ တရုတ်မနောက်ပါသွားတဲ့ အာပြဲမင်းသားလေးကရော ဇနီးအသစ်စက်စက်ကလေးနဲ့ အတူတူ ပွဲတက်တာလား။ သူ့မိန်းမဖက်ရှင်က ဘယ်လိုနေသလဲ။ ဖူများဖူနေမလား။ ကျော်ကျော်ဗိုလ်မိန်းမလောက်မှ လန်ထွက်အောင် အမီလိုက်နိုင်ပါ့မလား။ သူ့မိန်းမကို ဖဖခကြီးပါလို့ သတင်းလွှင့်လို့ မခံချင်စိတ်နဲ့ ကလေးလေးယောက် ဆက်တိုက်ဆွဲပလိုက်တဲ့ မင်းသားလေးကရော အကယ်ဒမီပွဲကို မိသားစုခေါ်လာလား။ သူ့ကလေးလေးတွေ သူနဲ့တူရဲ့လား။ အဲ့လို အဲ့လို ကိုယ့်အလုပ်မဟုတ်တာတွေ ကိုယ့်အလုပ်မှတ်ထားနိုင်ဖို့လည်း လိုပါတယ်။ အတင်းဆိုတာ မိန်းမတွေပဲ ပြောရတာလို့ထင်ရင် ကစ်ကစ်နဲ့ ဦးတီိတို့ ဖုန်းတော်ကီဖိုင်ကလေး နားထောင်ကြည့်လိုက်ပါဦး။

          အို။ ဒါတွေ လူတကာ သိပြီးသားတွေပါလေ။ မထူးဆန်းတာ အထူးအဆန်းလုပ်နေရင် တစ်နေ့ထက်တစ်နေ့ ရိုးအီပျင်းယိလာပြီး အသစ်ကလေးတွေနောက် ကောက်ကောက်ပါသွားလိမ့်မယ်။  ဖေ့စ်ဘုတ်ဆယ်လီကြီး ဖြစ်လျက်သားနဲ့ လူတကာ မမြင်မဦး ထူးခြားဖြစ်စဉ်ကလေးတွေကို  နောက်ယောင်ခံမလိုက်နိုင်ရင် ခေတ်နဲ့ မျက်ခြေပြတ်ကျန်တာနဲ့ ဘာမှ မထူးဘူး။ အကယ်ဒမီပွဲက လူတကာ မျက်လုံးဒေါက်ထောက် ကြည့်နေတယ်။ လူတကာ ပုံတွေစာတွေ တင်နေတယ်။ ထူးခြားသလိုလို ရှိပေမယ့် မထူးခြားဘူး။ ဒီလူတွေချည့်ပဲ အဝတ်အစားလဲပြီး ဓါတ်ပုံအရိုက်ခံနေတာ။ ကိုယ်စိတ်ဝင်စားတာက အိုက်ပွဲပြီးရင် သူတို့သွားမယ့် Plan B ဆိုတာကို စိတ်ဝင်စားတယ်။ စောနပွဲတုန်းက အိုက်တင်ကြီးနဲ့ ပဲတွေခံပြီး တစ်ယောက်တစ်ယောက်  ချေမိုးနေရာကနေ အိမ်ပြန်ရေချိုး၊ လွတ်လပ်ပေါ့ပါး အဝတ်အစားလဲပြီး သူတို့ဘာသူတို့ လူငယ်ဘာဝ (လူသတ်ရန် မတိုင်ပင်ပါ) ယွချင်တိုင်း ယွကြမယ့် အဲသည် သန်းခေါင်ပွဲကိုမှ ကိုယ်က တက်ချင်ပါသည်ဆိုရင်ကော ဘယ်လိုသဘောရသလဲ။ ခွီချင်လည်း ခွီလို့ရတယ်။ အီချင်လည်း အီလို့ရတယ်။ ကွဲချင်လည်း ကွဲလို့ရတယ်။ ဆွဲချင်လည်း ဆွဲလို့ရတယ်။ ဘယ်လောက်ကောင်းသတုန်း။ ရုပ်ရှင်လောကကြီးလည်းမရှိ။ ချစ်ပြိတ်သတ်ကြီးလည်း မရှိ။ ပါပါရာဇီတွေလည်း မရှိ။ ကိုယ့်ချင်းကိုယ့်ချင်းတွေပဲ။ တွေ့သမျှ ကျားကျားမမ မြို့မနဲ့ တစ်မိတည်းဖွားသလို ဆိုရော့မယ်ကွယ်။

            သွားချင်ရင်တော့ စုံစမ်းရတာပေါ့။ သတင်းအတိအကျရထားပါတယ်။ သည်ကပြီး ဘယ်ကိုလာ ဘယ်မှာတွေ့မယ်ဆိုတဲ့အကြောင်း။ ညကြီးအချိန်မတော်ကျမှ စားမယ်သောက်မယ် ပျော်မယ်ပါးမယ်ဆို ဆိုင်က ဘွတ်ကင်တင်မထားလို့ ရမှမရပဲဟာ။ လူသူလေးပါး ကင်းကင်းရှင်းရှင်း သန်းခေါင်ကို ညဉ့်မှတ်ပါလို့ လုပ်နိုင်မယ့်နေရာ ဘယ်နှစ်နေရာများ ရှိတာလိုက်လို့။ သူတို့ဂရုချတ်တွေထဲမှာတော့ လာမယ်လို့ စာရင်းတို့ထားတဲ့သူတွေ မနည်းလှ။ အန်ကယ်ကလည်း ဒါလေးတော့ Yes ပါတဲ့။ အန်တီပါ ဝင် Yes မယ့် သဘောရှိတယ်။ ဘာတေမျန်း ဝတ်လာမယ်မသိ။ ရင်ခုန်စာကြီး။ လည်ပင်းတက်တူးထိုးထားလို့ အုန်းလွဲနေတဲ့ သူငယ်ကလေးလည်း လာမယ်တဲ့။ ဟို မုတ်ဆိတ်မွှေး ငုတ်စိနဲ့ မင်းသားသစ်ကလေးကတော့ လာမယ်ဆိုလို့ လက်တပြင်ပြင် ရှိလေတယ်။ အရွယ်နဲ့မလိုက် အကိုင်အတွယ်က ကြမ်းပါဘိ။ ကိုဇေလာမယ်ဆို ပိုင်တံခွန်လေးလည်း လာမှာပေါ့လို့။ အလင်းရောင်လည်း ထားခဲ့လို့ မဖြစ်ပါဘူး။ တစ်သက်လုံးစိတ်နာနေမယ်။  ဂါရာ နဲ့ အောင်လကလည်း သူတို့လာလို့ရမလား မေးနေတယ်။ ရုပ်ရှင်လောကထဲက မဟုတ်ပေမယ့် သူတို့လည်း အနုပညာလောကသားပါပဲလေ။ စယ်တိုင်စိမှ စယ်တားဖစ်မယ်ဆိုတဲ့ ကွီးထန်ပါးတော့ ခေါ်မလာပါနက်။ သူ့ကို ဘယ်သူမှ လိုက်မီမှာ မဟုတ်ဘူး။ သည်လူသည်လူတွေသာ အကုန်လာလို့ကတော့ ဝက်ဝက်ကိုကွဲနေမှာ။ အကယ်ဒမီဆွာ ဘာဟုတ်သေးတုန်း။ သွားမယ် သွားမယ်။ မရောက်ရောက်အောင် သွားမယ်။ သတင်းပေးတဲ့သူကလည်း ဆိုင်လိပ်စာကို မြေပုံကလေးနဲ့ ပို့လိုက်ပါတယ်။ ခက်တာက ညကြီးသန်းခေါင် မှိုးမှိုးမှောင်မှောင်မှဆို ရှာရဘယ်လွယ်မလဲ။ မမှောင်ခင် ကားတစ်ပတ်လောက်ပတ်မောင်းပြီး အဝင်အထွက်ကလေးတွေ ကျေညက်အောင် လေ့လာထားသင့်တယ်။

            တော်သေးတာပေါ့။ အကြံပိုင်သော ငခွေးမို့လို့။ ညကျမှဆို ဘယ်လိုမှ မလာတတ်ဘူး။ အခုတောင် ရွာလယ်နေပြီ။ လမ်းကြီးတွေက အသစ်ဖောက်ထားတာ။ အရင်က မရှိဘူး။ ရှိပြီးသားလမ်းတွေက အဝင်လမ်းတွေအထွက်လမ်းတွေနဲ့ မြားပြတဲ့ဆိုင်းဘုတ် လိုက်ရှာဝင်ရတယ်။ ဆိုင်က အခုမှ အသစ်ဖွင့်စဆိုတော့ မေးလည်း သိမှာ မဟုတ်ပါဘူး။ မေးစရာလည်း လူမရှိဘူး။ ရပ်ကွက်ထဲမဟုတ်တော့ လူကပြတ်တယ်။ အဲ့နားလေးတင် ကားက နှစ်ပတ်သုံးပတ် ပတ်ရှာနေတော့ လုံခြုံရေးဂိတ်က ရဲဘော်လေးတွေက မသင်္ကာဘူးလား မသိပါဘူး။ ကားကိုတားပြီး ဟိုမေးသည်မေး ဟိုကြည့်သည်ကြည့်လုပ်တယ်။ “ဘယ်ကို သွားမလို့လဲ။” တဲ့။ သူတို့အလုပ်ကျနေတာပဲ။ ကွကို ဘယ်သွားသွားပေါ့။ ခက်တာက ဂိတ်ကိုကျော်ပြီးဝင်တော့လည်း လမ်းကဆုံးနေပြီ။ သွားချင်တဲ့နေရာ ရှာမတွေ့ဘူး။ မတတ်နိုင်ဘူး။ သူတို့ဆီပဲ တစ်ခေါက်ပြန်ပြီး ကိုယ်သွားချင်တဲ့နေရာကို အကျိုးအကြောင်းမေးတယ်။ ဒါပေမယ့် ဖြေပုံကို မကြိုက်လို့ ကားကို ဝူးကနဲဆောင့်မောင်းပြီး ထွက်ခဲ့တယ်။ တော်ပြီ။ မသွားတော့ဘူး။ သေတောင်မသွားဘူး။ အဲ့ပွဲကို။ ဘယ့်နှယ်ကွယ်။ သူ့ပြန်ပြောတဲ့စကား ကြားပြီး ကိုယ်တောင် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ရှက်ထှာလေ။ “သြော် အပုန်းရွာ ကို သွားချင်တာလား။ စောစောက ပြောရောပေါ့။” တဲ့။

Credit to Saya Soe Min

Filed under Articles, Asia Entertainment, Notes | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

14th Mar 2017

“ဖီလင် ၂၉”

“ဖီလင် ၂၉”

         သည်ကနေ့ဟာ ဖုန်းမော်သေတဲ့ ၂၉ နှစ်မြောက်နေ့ဖြစ်တယ်။ RIT ကျောင်းဝင်းထဲကို စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့လို့ ဖုန်းမော်၊ စိုးနိုင်၊ မြင့်ဦးနဲ့ ကျောင်းသားတချို့သေနတ်ဒဏ်ရာရပြီး နှစ်ဦး ကွယ်လွန်သွားခဲ့တယ်။  ကျောင်းသားတွေက မခံမရပ်နိုင်လို့ ဖုန်းမော်ကို အာဇာနည်အဖြစ် မှတ်တမ်းတင်တဲ့အခါ ကိုယ်တို့အတန်းထဲက လူကြီးသားတစ်ယောက်က “သူ့ဘာသူ ဘုမသိဘမသိနဲ့ သေနတ်မှန်သေတဲ့သူကို အတင်းကြီး သူရဲကောင်းမြှောက်နေတယ်။” လို့ ပြောတော့ ကိုယ့်ဘက်က ဆတ်ဆတ်ခါ နာကျည်းမိတယ်။ ဟုတ်တယ်။ ဖုန်းမော်ဟာ တိုင်းပြည်အတွက် ဘာမှ ကောင်းရာကောင်းကြောင်း မလုပ်ပေးခဲ့ဘူးပဲ ထားပါ။ ဒါပေမယ့် သူ့ဘာသူ သူ့ကျောင်းဝင်းထဲ သူ့ကျောင်းသားအဆောင်မှာ ငြိမ်းချမ်းစွာ ပညာသင်နေတာ။ ကျောင်းသားတစ်ယောက်ဟာ စစ်မြေပြင်လည်း မဟုတ်၊ စစ်ပွဲကာလလည်းမဟုတ်ပဲ၊ နေရင်းထိုင်ရင်း အသားလွတ်ကြီး သူများလာသတ်တာ ခံရတယ်။ ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ အဖြစ်အပျက်၊ ဘယ်တော့မှ မေ့ပျောက်ပစ်လို့မရတဲ့ အဖြစ်အပျက်ပဲ။ ဒီအဖြစ်အပျက်ကို ကိုယ်တို့ကျောင်းသားတွေ အသည်းထဲမှာ စွဲနေအောင် မှတ်မိနေစေဖို့ ဖုန်းမော်ကို အာဇာနည်စာရင်းသွင်းတယ်။ ဖုန်းမော်သေဆုံးရတဲ့အတွက် အဓိကတာဝန်ရှိတဲ့ ဦးနေဝင်းကိုယ်တိုင် နှုတ်ထွက်သွားခဲ့ပြီမို့ ဒီကိစ္စ တစ်နှစ်တစ်ခါ မီးထိုင်မရှို့သင့်ဘူးဆိုပေမယ့် အခုထက်ထိလည်း ဖုန်းမော်လို လက်မခံနိုင်စရာ သတ်ဖြတ်လုပ်ကြံမှုများနဲ့ ကြုံတွေ့နေရဆဲ ဖြစ်တဲ့အတွက် အပနာဒတရား လက်ကိုင်ထားလျက် မမေ့မလျော့ မပေါ့မဆသင့်ကြောင်း သတိပေးနေရတယ်။

           ပူပူနွေးနွေး သွေးမြေကျထားတဲ့ အစွန်းအထင်းကတော့ လေဆိပ်မှာ ဦးကိုနီ အသတ်ခံရတဲ့အမှုပါပဲ။ ဦးကိုနီသေတာ သူတို့နဲ့ ဘာမှမဆိုင်ဘူး လို့ ငြင်းနိုင်ပေမယ့် သူတို့ဆီကထွက်တဲ့လူတွေနဲ့ ဘာမှမဆိုင်ဘူးလို့တော့ ငြင်းလို့မရပါဘူး။ အခကြေးငွေပေးခိုင်းစေတဲ့သူက သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိနေတာလည်း မငြင်းနိုင်ပြန်ဘူး။ ပျောက်ဆုံးနေတဲ့ကွင်းဆက်တရားခံကို အကာအကွယ်ပေးထားတာလည်း သူတို့နဲ့ဘယ်လိုမှ မပတ်သက်ပါဘူးလို့ သင်္ကာကင်းအောင် မရှင်းနိုင်ပြန်ဘူး။ နယ်စပ်ကိုမပြေးပဲ နေပြည်တော်ကို ပြေးတာ သူ့အတွက် အဲသည်မှာ ကာကွယ်ပေးမယ့်သူရှိလို့ဆိုတာ လူတိုင်းသိနိုင်တယ်။ အခုထက်ထိ အမှုမှန် မပေါ်တဲ့အတွက် ကိုယ်တို့မှာ Until proved otherwise သံသယတွေ စွပ်စွဲချက်တွေ အမြစ်တွယ်နေပြီ။ သံသယဆိုတာ ဆင်သေကိုဆိတ်ရေနဲ့ ဖုံးမရဘူး။ မုသားနဲ့ချေဖျက်လို့ မကျေဘူး။ အမှန်တရားနဲ့မှသာ ကျေပျက်တယ်။ ကုလားသေတာ လွမ်းလို့ပဲ မပြီးနိုင်ဘူး။ မင့်အဖေသေတုန်းကတောင် အဲ့လောက်လွမ်းရဲ့လားလို့ ကွယ်ရာမှာ  စောင်းမြောင်းဆဲဆိုနေသူတွေ ရှိမှန်း သိပါတယ်။ ဖုန်းမော်နဲ့သိလို့ ဦးကိုနီနဲ့သိလို့ မဟုတ်ပဲ နှစ်ယောက်စလုံးကို တစ်ခါဘူးမျှ မမြင်ဖူး မသိဖူးပဲနဲ့ သူတို့သေရတဲ့ အဖြစ်အပျက်မျိုးကို ဘယ်နည်းနဲ့မှ လက်မခံနိုင်တဲ့အတွက် ကိုယ့်လာမသတ်မချင်း ကိုယ်မသေမချင်းတော့ သည်လိုအဖြစ်ဆိုးတွေကို  နောင်လာနောက်သားတွေ ကြားအောင်သိအောင် ဆက်ရေးနေဦးမှာပါပဲ။ ကိုပါကြီးသေတုန်းကလည်း ဒီလိုပဲ ရေးခဲ့ပါတယ်။ နောက်ဆုံးမှာ ခံရသူဘက်က ပြည်ဖုံးကားချလိုက်ရတာကလွဲလို့ တရားမျှတမှုဆိုတာကို ရှာမပေးနိုင်ခဲ့ပါဘူး။ အဲ့သည်အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် “ထားလို့သာနေရတယ်။ သတ်လို့လည်း သေနိုင်တာပဲ။ ဘာမှ အထွန့်တက်ဖို့ မရှိဘူး။” လို့ လူကြီးလူငယ် ကျားမမရွေး ခေါင်းထဲကိုရိုက်သွင်းလာခဲ့တာ ကိုယ့်အဖိုးအဖွားမျိုးဆက်ကနေ ကိုယ့်သားသမီးအရွယ်အထိ မျိုးဆက်လေးဆက်တိုင်ခဲ့ပြီ။ အခုထက်ထိလည်း မှန်နေတုန်းပဲ မဟုတ်လား။ ဘာငြင်းစရာရှိသလဲ။

            ကိုယ်သိချင်တာတစ်ခုကတော့ သေတဲ့သူတွေရှိခဲ့သလို သတ်တဲ့သူတွေလည်း ရှိခဲ့တာ အမှန်ပဲ။ အဲသည်သတ်တဲ့သူတွေဟာ ငါသတ်ချင်လို့ မဟုတ်ဘူး။ အထက်ကခိုင်းလို့သတ်ရတာ။ ငါ့တိုင်းပြည်အတွက် သတ်ရတာ။ ငါ့ဘာသာသာသနာအတွက် သတ်ရတာ အစရှိသဖြင့် လွှဲချစရာ အကြောင်းပြချက်တစ်ခုခုကို အကာအကွယ်ယူပြီး အသက်ထက်ဆုံး လိပ်ပြာလုံလုံ နေသွားနိုင်သလား ဆိုတာပါ။ သူတို့မှာလည်း သူတို့သားသမီး မိသားစုတွေ ရှိမှာပေါ့လေ။ ကိုယ့်သွေးသားထိတော့ စောစောကလို နှလုံးသွင်းနိုင်ကြသလား။ ဒီလိုလူတွေကို မငြင်းနိုင်လောက်မယ့် အကြောင်းပြချက်တစ်ခုပေးပြီး  နောက်ကွယ်ကစေခိုင်းလုပ်ကြံ ခလောက်ဆန်နေသူတွေကရော “ဒါ ငါ လုပ်တာမှ မဟုတ်တာ။ သူတို့ဘာသူတို့ လုပ်ကြတာပဲ။ ငါနဲ့ ဘာဆိုင်တာမှတ်လို့” ဆိုပြီး တစ်သက်လုံး စားဝင်အိပ်ပျော် နောင်တတရားကင်းကင်း ဘဝကူးနိုင်ကြသလားဆိုတာ သိပ်သိချင်ပါတယ်။ သိချင်မနေနဲ့ ဟိုကဖြင့် စည်းစိမ်တွေကြားပျော်ပါးလို့ မှတ်တောင် မမှတ်မိတော့ဘူး။ ဆိုလိုတာက ခိုင်းတဲ့သူရော ကိုယ်တိုင်သတ်တဲ့သူရော  မေ့ပစ်လိုက်ကြတယ်ပေါ့နော်။ သေရတဲ့သူတွေဘက်ကတော့ ဘယ်မေ့နိုင်မှာလဲ။ ကိုယ်ကလည်း မမေ့နိုင်ပါဘူးလေ။ ဒါကြောင့်မို့လို့  မေ့နေတဲ့သူတွေ မေ့ချင်ယောင်ဆောင်နေတဲ့သူတွေ  ပြန်သတိမရပဲ မနေနိုင်အောင် ထမင်းလုံးတစ္ဆေ ကူခြောက်ပေးလိုက်ပါတယ်။ အနာရှိက စပ်ကြစေသားပေါ့။ 

             “ချေးခြောက်  ရေပြန်နှူးမနေနဲ့။ အခု မင်းတို့လိုချင်တဲ့ ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ပြီပဲ။ မင်းတို့အစိုးရနဲ့ကျမှ မင်းတို့မလိုလားတဲ့ အကြမ်းဖက်နှိမ်နှင်းမှုမျိုးမပါပဲ၊  ခေါ်ယူစစ်ဆေးဖမ်းဆီးခြင်းမပါပဲ ငြိမ်အောင်ဝပ်အောင် အုပ်ချုပ်နိုင်ဖို့ ဆုတောင်းကြ၊” လို့ အငေါ်တူးချင်တူးမှာပါ။ ဒါပေမယ့် အဲသည်အစိုးရကိုယ်တိုင်က သူ့ထဲသူ့လူကို အကာအကွယ်လည်း မပေးနိုင် တရားမျှတမှုလည်း ပြန်ရှာမပေးနိုင်တဲ့အတွက် ကိုယ်တို့က ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လူတွေကို အသိဥာဏ်ပွင့်လင်းလာစေဖို့ နှိုးဆော်ရေးသားနေရဦးမှာပါပဲ။ ကိုနေဝင်းတောင် အုတ်ခဲတစ်လုံးနဲ့ အသက်စွန့်ဝံ့သေးရင် ကိုယ်တွေအနေနဲ့ ဘာကို ကြောက်နေရဦးမှာလဲ။  ပေါ်ခဲ့ပြီးသမျှ ညောင်မြစ်တွေထဲမှာ ကိုယ့်အဖွဲ့အစည်း ဂုဏ်သိက္ခာကို အဖတ်ဆယ် ကယ်တင်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့သလား၊ စည်းသုံးတန်တားပြီး ခြေကျူးခြေဖြတ် လက်ကျူးလက်ဖြတ်မယ်လို့ မျက်ခြေဖြတ်ထားသလားဆိုတာ ကာယကံရှင်တွေထက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ အိပ်ပျော်အောင် အိပ်ကြပါ။ စားဝင်အောင်လည်း စားကြပါ။ နောင် ၂၉ နှစ်အကြာမှာ ဘယ်သူဘယ်နေရာရောက်နေသလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ (ကိုယ့်ဘာသာကိုယ်ပဲ ၂၉ ရက် အသက်ဆက်ရှင်အောင် ဆုတောင်းမှပါလေ။)

           တကယ်တမ်းကျတော့ သူတို့ဘက်ကသာ ကိုနီမရှိမှအေးမယ်။ ဆွေဝင်းကို ဖမ်းလိုက်မှအေးမယ်။ ဒီစာရေးတဲ့အကောင်ကို တရားစွဲလိုက်။ နဲ့ လူတစ်ဦးချင်းတစ်ယောက်ချင်း ကြည့်နေမြင်နေတာပါ။ ကိုယ့်ဘက်ကတော့ ဒီကိစ္စတွေကို ဦးနေဝင်းလုပ်ခဲ့တာ၊ ဦးစောမောင် လုပ်ခဲ့တာ၊ ဦးသန်းရွှေလုပ်ခဲ့တာ၊ ဦးသိန်းစိန်လုပ်ခဲ့တာ။ စသည်ဖြင့် ဘယ်သူ့ကိုမှ ပုဂ္ဂလဒိဋ္ဌာန်တပ်ပြီး မစွပ်စွဲပါဘူး။ သူတို့ဟာ တာဝန်ရှိသူတွေသာ ဖြစ်တယ်။ သူတို့ကိုယ်တိုင် စေခိုင်းတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဘယ်သူမဆို အဲဒီနေရာရောက်ရင် သူတို့ဖန်တီးထားတဲ့ စံနစ်ကြောင့် ဒီအလုပ်မျိုးတွေ မဖြစ်မနေ လုပ်ကြရမှာပဲ။ လို့ တွေးမိပါတယ်။ ဒါကြောင့် ကိုယ်ကတော့ အဲသည်စံနစ်ကိုပဲ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားအားထုတ်ပါတယ်။ တော်တော်များများကတော့ ကိုယ့်ကို မေမေ့သား မဟုတ်လား။ အနီကြောင် မဟုတ်လား။ တမီခြုံမဟုတ်လား။ လို့ အမျိုးမျိုး တံဆိပ်တပ်ကြပေမယ့် တကယ်တမ်းကျတော့ ကိုယ်က အဲသည်ပါတီထဲမှာ ဘယ်သူနဲ့မှလည်း အကျွမ်းတဝင် မရှိပါဘူး။ အဝေးက မေတ္တာစိတ်နဲ့ ဝန်းရံအားပေးတာကလွဲရင် မေမေနဲ့ မျက်လုံးချင်းတောင် ဆုံမကြည့်ဖူးဘူး။ မဲပေးစဉ်ကာလကတည်းက ကိုယ့်သဘောထား အတိအလင်း ပြောခဲ့တယ်။ တကယ်တော့ NLD ဆိုတာ ကိုယ့်အတွက် သြဇာရွက် ၇ ရွက်ပဲ။ ဖုတ်ထုတ်ဖို့ ယူသုံးရတာ။

            ကိုယ်တို့ငယ်ငယ်က စုန်း ဖုတ် ကဝေ တစ္ဆေ မှင်စာတွေကို ယုံတယ်။ အဲသည်အထဲမှာ ဖုတ်ဝင်တယ်ဆိုတာ အခုကလေးတွေ ကြားဖူးချင်မှ ကြားဖူးမယ်။ ဖုတ်ဆိုတာ ငတ်ပြတ်ပြီး စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေတဲ့ တစ္ဆေအမျိုးအစားတစ်မျိုးပဲ။ သေခါနီးလူမမာတွေ ကိုယ်ထဲကိုဝင်ပူးပြီး ဟိုဟာစားချင်တယ် သည်ဟာစားချင်တယ် ပူဆာတတ်တယ်။ လူမမာသေသွားတဲ့အခါမှာလည်း အလောင်းကောင်ထဲက မထွက်ပဲ အစားအသောက်တွေ ရှာကြံတောင်းစားတတ်တယ်။ အိမ်သားတွေများတွေ့ရင် အားကြီး ပလီပလာပြောတတ်သတဲ့။ သူ့ကို ပစ်မထားပါနဲ့နော်။ အားကိုးပါရစီဆိုပြီး လက်ကလေးကိုင်ထားပြီးမှ အထဲကနေ သွေးစုတ်ယူတယ်လို့လည်း ပြောကြတယ်။ အိမ်သားတွေ အိပ်နေရင် မီးဖိုချောင်ထဲရှိသမျှ ဘာမှမကျန်အောင် လှန်လှောဖွေရှာ စားသောက်တတ်သတဲ့။ စားစရာမရှိရင် ကြွက်တွေ ကြောင်တွေကိုပါ အစိမ်းလိုက်ဖမ်းစားတတ်သမို့ ဖုတ်ရှိတဲ့အိမ်ဆို ကြွက်တစ်ကောင် ကြောင်တစ်မြီးမှကို မလာဘူးတဲ့။ “နင် အစားစားတာကလည်း ဖုတ်ဝင်လာသလိုပဲ။” လို့ ပြောကြတာ ကြားဖူးတယ် မဟုတ်လား။ ကြာလာတော့ အလောင်းကြီးက အနံ့ထွက်လာရင် အဲသည်ဖုတ်က ပလီပလာနဲ့ ပေါင်ဒါတွေ ဖြူးခိုင်း ရေမွှေးတွေဖြန်းခိုင်းနဲ့ ရသလောက်ဆက်နေတာပဲတဲ့။ အလောင်းကောင်က အသွေးအသားတွေလည်း သူပဲ ဆက်စားနေတာမို့ ဖုတ်ထွက်တဲ့တစ်နေ့ကျရင် အရိုးသာကျန်ရသတဲ့။ အဲသည်ဖုတ်ကို ထွက်စေချင်ရင် အိပ်ယာအောက်မှာ သြဇာရွက် ၇ ရွက်ကိုခင်း၊ သူစီးနေကျဘိနပ်ကို ပြောင်းပြန်ထောင်ပေးထားရင် “တောက်” အကြီးကြီးခေါက်ပြီး “နေနှင့်ဦးပေါ့ကွာ။” ဆို အသက်ထွက်သွားတော့သတဲ့။

                ဆရာဝန်ဖြစ်ပြီး သည်လို မဟုတ်ကဟုတ်ကတွေလည်း ယုံတာပဲကိုး လို့ မပြောနဲ့။ အဲ့ဒါ ဆရာဝန်မဖြစ်ခင် ကလေးဘဝတုန်းက လူကြီးသူမတွေ ပြောကြဆိုကြတာ ကြားဖူးနားဝနဲ့မို့ ယုံတာ။ ကြောက်တာ။ ကြီးလာတော့ မယုံတော့ဘူး။ ဒါပေမယ့် အခု သည်အသက်သည်အရွယ်ရောက်တော့ ပြန်ယုံလာတယ်။ ဖုတ်ဆိုတာ သူတို့ပြောသလို လူမမာတွေ လူသေတွေဆီ ဝင်လာတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်လည်း ကိုယ်တို့တိုင်းပြည်မယ် ဖုတ်ဝင်သလို အရိုးကျအောင် အစိမ်းရောအကျက်ရောမချန် လှန်လှော လုယက်စားသောက်နေတဲ့သူတွေကို တွေ့တော့ ငယ်ငယ်ကကြားဖူးတဲ့ ဖုတ်ဝင်သလိုပဲဆိုတာ သူတို့ကို ပြောတာများလား လို့ တွေးမိပြန်တယ်။ မြင်နေတွေ့နေတာကတော့ ကိုယ်သိတဲ့ ကိုယ်ချစ်တဲ့ ကိုယ့်အိမ်သား ကိုယ့်သွေးသားပါပဲ။ ဒါပေသိ ဟိုဘက်က သည်ဘက် မျက်နှာလွှဲလိုက်ရင် အပ်ချလောင်း အကုန်လုံးပျောက်အောင် စားပလိုက်နိုင်လွန်းတော့ ဘုရား ဘုရား ဖုတ်များဝင်နေသလား လို့ စဉ်းစားမိတယ်။ မသထာတာ မဟုတ်သော်ငြား မဟုတ်သော်ရှိ ဟုတ်သော်ရှိ၊ သြဇာရွက်ကလေးများ အိပ်ယာအောက် ထားအိပ်လိုက်ရင် သူတို့ ဘယ်လိုနေလေမလဲ လို့ စေ့ငုမိတယ်။ ဟုတ်များနေသလား မသိပေါင်ကွယ်။ အဲသည်သြဇာရွက်ကြောင့်ပဲ တက်ခေါက်ကြိမ်းဝါးနေသလား အောင့်မေ့မိတယ်။ ခုထက်ထိတော့ ထွက်မယ့်ပုံမရှိ၊ ကိုယ်တောင် အိမ်ပေါ်က ဆင်းပြေးရမယ့်အခြေအနေ။

              အစိုးရသစ်တက်လာတာပဲ တစ်နှစ်ကျော်ကျော် ရှိနေပြီ။ အခုထက်ထိ ဘာလေးဖြစ်လိုက်ဖြစ်လိုက် “အရင်အစိုးရကြောင့်” ချည့် အော်နေရတာ ရှက်တောင် ရှက်လာပြီ။ အော်ရမှာပေါ့။ အခုအစိုးရက ကိုယ့်စိတ်ထဲ ခုချိန်ထိ အစိုးကိုမရသေးဘူး။ လူပါးလည်း မဝသေးဘူး။ တကယ်တမ်းဖြင့် ကိုယ့်အနေနဲ့ အခုအစိုးရရဲ့ တလွဲတချော် မတော်မတည့်တွေကို ရေးချင်လွန်းလွန်းလို့ အူကိုယားနေတာ။ ခက်တာက သူတို့ခမျာလည်း ပဒူအုံ ဖျာတက်ခင်းရသလို အောက်ကရွစိရွစိနဲ့ တက်လာတဲ့ ပဆစ်ပနီတွေ ရန်ကိုရှင်းနေရတာနဲ့ ဖင်ထိုင်လို့မှ မကျသေးဘူး။ ကိုယ့်အမေအသက်တောင် ကျားသနားလို့ နွားချမ်းသာနေတာ။ သူတို့ကာကွယ်နိုင်လို့ ဟုတ်ပုံမရဘူး။ အရင်အစိုးရမင်းများခင်ဗျား။ ကျေးတော်မျိုး ကျွန်တော်မျိုးကြီး အခုအစိုးရကို ဆဲချင်လှပါပြီ။ ဆဲခွင့်ရအောင် ခြေမန်းကွင်းကလေးများ ဖြေလွှတ်တော်မူပါဦး။ အဘတို့ဆဲရင် အဘတို့ကို လူမုန်းနေပါ့မယ်။ ငမိုက်သားကြီးကိုယ်တိုင် ပျစ်ပျစ်နှစ်နှစ် ဆဲပျစီတော့။ ဘဘာသာဘ စည်းစိမ်ခြံရံနဲ့ စံတော်မူပါ။ နတ်ထီးပျော်လိုကလည်း ပျော်တော်မူပါရော့ဖျာ့။ ဟောသည်ဘက်က ကမ္မဋ္ဌာန်းအရိုးခြောက်ကြီးကို သံယောဇဉ်ဖြတ်တော်မူပါ့။ ကိုယ့်ထိုက်ကိုယ့်ကံ ဖြစ်သမျှ ခံပါရစီတော့ ဘုန်းတော်သခင် နတ်မှူးရှင်ဖျား။ ကိုင်း ရွာစား။ ထွက်စည်တော် ယွန်းစေ။ “ တိုင်း ပြည် မြို့…. သာယာစေသား …. ။”

Credit to Saya Soe Min

Filed under Articles, Asia Entertainment, Knowledge Base, Myanmar/Burmese, Notes, shweDarling | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

Join shwedarling.com mailing list

email:

Powered by NotifyList.com
Page 3 of 1,4011234567...Last »

Recent Posts


သံသရာတစ်ကွေ့ဝယ်။ ။
Filed under Knowledge Base, Myanmar/Burmese on March 28, 2017

Joke of the day
Filed under Beauties & Hunkies & Couples on March 28, 2017

“ရေစက်”
Filed under Articles, Asia Entertainment, Knowledge Base on March 26, 2017

Congrats! to Thar Nge
Filed under Asia Entertainment, Beauties & Hunkies & Couples on March 26, 2017

Funny! Myanmar Police
Filed under Asia Entertainment, Beauties & Hunkies & Couples on March 26, 2017

Fishy Tayzar Linn
Filed under Articles, Asia Entertainment, Beauties & Hunkies & Couples on March 22, 2017

Hot News about May Htut Khaung’s Fashion
Filed under Asia Entertainment, Beauties & Hunkies & Couples on March 21, 2017

“အကယ်ဒမီရင်ခုန်သံ”
Filed under Articles, Asia Entertainment, Notes on March 19, 2017

“ဖီလင် ၂၉”
Filed under Articles, Asia Entertainment, Knowledge Base, Myanmar/Burmese, Notes, shweDarling on March 14, 2017

Happy Birthday To Ba Ba U Tin Oo
Filed under Asia Entertainment, Beauties & Hunkies & Couples, Free Burma on March 13, 2017

Respectful Lady!
Filed under Asia Entertainment, Knowledge Base on March 10, 2017

Please protect your enviroment!!
Filed under Articles, Asia Entertainment, Knowledge Base on March 9, 2017

Whan & Sai Sai
Filed under Asia Entertainment, Beauties & Hunkies & Couples on March 7, 2017

Ma Htet ‘s Swimwear fashion
Filed under Asia Entertainment, Beauties & Hunkies & Couples on March 5, 2017

Ye Naung ရဲ့ အိမ်​အပြန်​ ခရီး
Filed under Asia Entertainment, Beauties & Hunkies & Couples on March 4, 2017

Cartoon of the day
Filed under Blogroll, Knowledge Base on March 1, 2017

လူငယ်​​လေးများ အဖွဲ့
Filed under Articles, Knowledge Base, Notes, shweDarling on February 27, 2017

အားကျ ​လေးစား ဖွယ်​ ဆရာမကြီး
Filed under Articles, Asia Entertainment on February 22, 2017

Bubble Shooter Game ( Play more Games )

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter

You might also like...
Most popular posts
Have you read these?