သြော်…… ဘာလိုလိုနဲ့ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ် ပါမောက္ခကြီး ဒေါက်တာ သူရ တစ်ယောက် အင်္ဂလန်မှာ လူတိုင်း လေးစားတဲ့ ပုဂ္ဂိုလ် ဖြစ်နေပါလား။ ကိုယ့်ဇာတိမြေ မြန်မာနိုင်ငံကိုလည်း ပြန်ချင်လိုက်တာ။ အမေစုကလည်း ပညာရှင်တွေ ပြန်လာပါတဲ့။ ဟိုတလောကလည်း သမ္မတကြီးကပြန်ခေါ်သေးတယ် ဆိုတော့ ဒီတခေါက်တော့ ပြန်ဦးမယ်ကွာ။
ဤသို့ဖြင့် ဒေါက်တာသူရ တစ်ယောက် ပြည်တော်ပြန်ဝင်လေပြီ။…….
ဘယ်နေရာ…ဘယ်အပိုင်းက ကူညီ တာဝန်ယူရမလဲ ဆိုတော့ ချင်းတောင်ကိုသွားတဲ့ဗျာ။ အကြောင်းပြချက်က မြို့ကြီးတွေမှာ အထူးကုတွေ ပါမောက္ခတွေ ပြည့်စုံသတဲ့။ လိုအပ်နေတဲ့ နယ်စပ်ဘက်မှာ တာဝန်ထမ်းဆောင်ပေးပါတဲ့။
ဟုတ်ကဲ့…..ရပါသဗျာ ကိုယ်ကလည်း ကိုယ့်ပြည်သူတွေအတွက်ပြန်လာတာပဲ။ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့ လူတွေရဲ့ အသက်ကို ကယ်နေရရင် ကျေနပ်ပါပြီ။ လခကတော့ ဟိုမှာရသလောက်ရဲ့ အပုံ ၃၀ ပုံ ၁ ပုံ တောင်မရှိဘူး။ ဒါလည်း ကိစ္စမရှိ ။ ကိုယ်ကပိုက်ဆံလိုချင်လို့မှ မဟုတ်ဘဲ။ ငွေ က ပြည့်စုံပြီးသားလေ။ ရတယ် သွားမယ်ဗျာ။
ရောက်ပါလေပြီ….. ချင်းတောင်ဆီ……
” ဆရာရေ…..ဆရာ… ”
ညနေကမှ ရောက်တယ် ဆေးရုံထဲတောင် ပတ်မကြည့်ရသေးဘူး ညစာစားပြီး အိပ်မလို့ အိပ်ရာပေါ်လှဲနေတုန်း သူနာပြုဆရာမကြီး အမောတကောနဲ့ ပြေးလာခေါ်တယ်ဗျ။
” ဆရာ Head injury နဲ့ R.T.A (Road Traffic Accident)ဆရာ ”
” patient ကတော့ shock နဲ့ ဆရာ.. BP က 60/40 … ဓာတ်မှန်မှာတော့ skull fracture တွေ့တယ် ဆရာ ”
ဟုတ်ပြီ… head injury မှာ skull fracture ရရင် 80% က EDH ဖြစ်နိုင်တယ်ဆိုတော့
” ကောင်းပြီ ဆရာမရေ လူနာကို CT scan လေးရိုက်ထားလိုက်ဗျာ ပြီးရင် ခွဲခန်း အဆင်သင့်ပြင် အရေးပေါ် ခွဲမယ် ”
ကျနော့ စကားလဲကြားရော ဆရာမကြီးခမျာ တဟားဟားနဲ့ ရီပါလေရော…
ကျနော်လည်း သူဘာကို ရီမှန်းမသိဘူးဗျ။ ဒါနဲ့ သူ့ကို တအံ့တသြ ကြည့်နေမိတယ်။
အဲဒါနဲ့ သူက
” ဆရာရယ် CT scan ဆိုတဲ့ ဟာကြီးကို ကျမတို့ သုံးဖို့ မပြောနဲ့ မြင်တောင်မမြင်ဘူးပါဘူး ” တဲ့။
ဗုဒ္ဓေါ.. CT scan မမြင်ဖူးဘူးတဲ့ဗျာ ပြည်နယ်အဆင့်ဆေးရုံက………
ကျနော်လည်း အချိန်ဆွဲမနေတော့ဘဲ
” ကဲဒါဆိုလည်း ခွဲခန်းသာပြင်ပေတော့ ဆရာမရေ ” ဆိုတော့
ဒီတခါ အံ့သြတာက ဆရာမကြီး ဖြစ်သွားပါရောလား..
” ဆရာဘာလုပ်ဖို့လဲဟင်… ”
” ခွဲမယ်လေ… လူနာက EDH ( ဦးနှောက်ထဲ သွေးယိုပီး သွေးခဲတည်သောရောဂါ ) ဖြစ်နိုင်တယ်ဗျ။ မြန်မြန်ခွဲနိုင်မှ အသက်ကယ်နိုင်မှာ ”
” ဆရာ….ဒီCaseမျိုးဖြစ်ရင် ရန်ကုန် ဒါမှမဟုတ် မန္တလေးကို လွှဲလိုက်တာပဲ ဆရာ။ ဒီမှာတော့ မလုပ်ဘူး ”
” ဗျာ… ဒီရောဂါမျိုးက အချိန်နောက်ကျလို့ မရဘူးလေ။ အဲဒီလိုလွှဲလိုက်တော့ရော ဘယ်နှစ်ယောက် ကယ်လို့ရခဲ့လဲ ”
ဆရာမကြီးက ပြုံးလျက်ပင်
” သြော် ဆရာရယ်… ဘယ်ရပါ့မလဲ….. လူနာ ၁၀ ယောက် သွားရင် အနည်းဆုံး ၉ ယောက်တော့ သေတာပဲ.. EDH ဖြစ်မှတော့ သေတာ ဘယ်ဆန်းပါ့မလဲရှင် ”
” ဘုရားရေ….. ၁၀ ယောက်သွား ၉ ယောက်သေ… အင်္ဂလန်မှာဆို တရားစွဲ ခံလိုက်ရမဲ့ ဖြစ်ခြင်း… EDH ဖြစ်တိုင်းသေရမယ်ဆိုရင် ကျနော်တို့လို Neuro-surgeon တွေကို ဘာအလုပ်လုပ်ဖို့ ခန့်ထားတာတုန်း ”
ကျနော်လည်း ဒေါသထွက်ထွက်နဲ့ ပြန်ပြောလိုက်တယ်။
” အဲဒါတော့ ကျမလဲ မသိဘူးဆရာ… တရားစွဲတာကတော့ ဒီမှာလဲ အင်္ဂလန်နီးနီးလောက်တော့ ရှိတယ်ဆရာ…မန္တလေးသာ လွှဲလိုက်ပါဆရာရယ် ”
” ဟာ…. ဘယ်ဖြစ်မလဲဗျ… သေမယ်မှန်းသိသိကြီးနဲ့ ကျုပ်က မကုဘဲထားရင် ဆရာဝန် ဟုတ်ပါတော့မလား… ခွဲမယ်ဗျာ ခွဲခန်းပြင်ပါ ဆရာမကြီး ”
ဆရာမကြီးလည်း မျက်နှာကြီးစူပြီး ထွက်သွားလေသည်။
ဤသို့ဖြင့် ကျနော်လည်း လူနာရှင်တွေကိုခေါ်၍ ရောဂါအကြောင်း ရှင်းပြ လက်မှတ်ထိုးခိုင်းပြီး ခွဲခန်းထဲသို့ ဝင်ရောက် ခွဲစိတ်တော့သည်။
လူနာ၏ skull bone (ခေါင်းခွံရိုး) ကို လက်နက်အစုံအလင် ချွေးသံတရွှဲရွှဲနှင့် ဖွင့်ပြီး သကာလ……….
” ဆရာရေ…ဟုတ်တယ်ဆရာ….ဒီမှာ EDH ကြီး အကြီးကြီးပဲ မဲမဲကြီး….” လက်ထောက်ဆရာဝန်မလေးရဲ့ တအံ့တသြ အသံ
ဟုတ်ပါတယ်လေ… သူတို့ခမျာမှာလဲ EDH ကို အပြင်မှာ နဖူးတွေ့ဒူးတွေ့မှ မမြင်ဖူးရှာပဲ။ အင်္ဂလန်မှာတော့ အလုပ်သင်ဆင်းကတည်းက ဆရာဝန်တွေ လက်တွေ့မြင်ခဲ့ကြရတာ။
” ကဲ….သမီး ဆရာတို့ သမီးပြောတဲ့ မဲမဲကြီးကို အပြင်ထုတ်လိုက်ရင် ဒီလူနာ အသက်ရှင်ခွင့်ရမယ် သမီး…ဆရာတို့ ကြိုးစားကြရအောင်.. ” လို့ ပြောပြီး ကျနော်တို့ သွေးခဲကို ဖယ်ထုတ်ဖို့ ကြိုးစားကြပါတော့တယ်။
” ဖျတ် ” ” ဟာ…မီးပြတ်သွားပြီ ” တခန်းလုံးမှောင်မဲ သွားသည်။
” ဓာတ်မီး ဝိုင်းထိုးပေးကြပါဟ…. ” ခွဲခန်းအတွင်း ဓာတ်မီးရောင်များ ကျလာသည်။
” စိတ်မပူပါနဲ့ ဆရာ မီးစက်သွားနှိုးပါတယ် ” သူနာပြုဆရာမကြီးရဲ့ နှစ်သိမ့်စကား….
ခဏနေတော့ မီးလင်းလာတယ်ဗျ။ ဒီတော့ ဆက်ခွဲပေါ့ဗျာ။
” ဆရာ…. လူနာသွေးပေါင်ကျလာတယ်ဆရာ…သွေးခုန်နှုန်းလည်း စမ်းမရတော့ဘူး ”
ဟုတ်တယ်ဗျ… လူနာရဲ့ နှလုံးကမခုန်တော့ဘူး။
ကျနော်လည်း CPR လုပ်ရင်း ” ဆရာမရေ defib ရိုက်မယ် defibrilator အမြန်ပြင်ပါ ” ဆိုတော့
” ဆရာ .. ကျမတို့ဆီမှာရှိတဲ့ defib က ပျက်နေတယ်ဆရာ သုံးလို့မရဘူး ”
” ဘာ…… ပျက်နေတယ်… အရင်က ဘယ်လောက်တောင် သုံးထားလို့ ပျက်သွားရတာလဲဗျ ”
ဆရာမ မျက်နှာငယ်ကလေးနဲ့….
” မဟုတ်ဘူး ဆရာ…. အရင်က တစ်ခါမှ မသုံးဖူးဘူး ဆရာ…. မသုံးတာကြာလို့ ပျက်သွားတာ ”
သြော်… ထူးဆန်းပါပေ့ မြန်မာပြေရယ်…..
နောက်မှစဉ်းစားမိတယ်။
” အေးလေ… ကောင်းနေလည်း မီးစက်နဲ့ သုံးမှ မရတာ…ထားလိုက်ပါတော့ ”
ဒီလိုနဲ့ CPR ကိုပဲ ချွေးတရွှဲရွှဲနဲ့ ဖိလုပ်နေတုန်း……..
” ဆရာ လူနာ နှလုံးပြန်ခုန်လာပြီ ”
” ဟူးးးးးးးးးးးးး….. တော်ပါသေးရဲ့ … ကဲ ကဲ ဆက်ခွဲမယ်ဟေ့ ”
ဒီလိုနဲ့ နယ်ဆေးရုံတစ်ရုံ မှာ ဦးနှောက် ခွဲစိတ်မှုကြီး အောင်မြင်ခဲ့ပြန်တယ်။
နောက်တနေ့ ward ထဲ round လှည့်တော့ လူနာရဲ့ ညီ ဆိုတဲ့သူက ရန်တွေ့ပါရောဗျာ။
” ဟေ့ ဆရာ ခင်ဗျား ကျုပ်အစ်ကို ကို ဆေးပစ္စည်း မပြည့်စုံဘဲ ဘာလို့ ခွဲရတာလဲ.. မြို့ကိုရော ဘာလို့ မလွှဲသလဲ….. ကျုပ်အစ်ကို တစ်ခုခု ဖြစ်ရင် ခင်ဗျား ဘာလုပ်ပေးနိုင်လို့လဲ… မြို့က ဆရာတွေလောက် မတော်လို့ ခင်ဗျား ဒီရောက်လာတာ မဟုတ်လား… ခင်ဗျားကို ပေါ့လျော့မှုနဲ့ ကျုပ်တိုင်မယ်… နားလည်လား ”
ပြောပြီး ထွက်သွားပါလေရောဗျာ။
ဗုဒ္ဓေါ….သူနာပြုဆရာမကြီး ပြောတာ မှန်နေပါရောလား။
” အဲဒါတော့ ကျမလဲ မသိဘူးဆရာ… တရားစွဲတာကတော့ ဒီမှာလဲ အင်္ဂလန်နီးနီးလောက်တော့ ရှိတယ်ဆရာ…မန္တလေးသာ လွှဲလိုက်ပါဆရာရယ် ”
မှန်လိုက်တာ ဆရာမရယ်။ အထောက်အကူပြု ပစ္စည်းတွေ ၊ အတွေ့အကြုံတွေ ၊ လျှပ်စစ်မီးတွေ ၊ စက်ကိရိယာတွေသာ မမှီတာ။ တရားစွဲမယ် ဆိုတာတော့ ဟိုမှာ အတိုင်းပဲဗျ။
ဟိုမှာကမှ Medical Defence Society လို အဖွဲ့အစည်းမျိုး ရှိသေးတယ်။ ဒီမှာက ကိုယ်ဖြစ်ရင် ကိုယ်ခံ ဆို။
အမေရဲ့ …….. သားတော့ပြည်တော်ပြန်တာ အဝင်မလှလို့ မှားပြီထင်ပါ့ လို့ ငိုပြီး နံရံကိုသာ ခေါင်းနဲ့ ပြေးဆောင့် ချင်တော့တယ် အမေရဲ့ ……….
” ဒုန်းးးးးးးးးးးးးးးးးးးး ”
ဒီမှာပဲ………. အလုပ်သင်ဆရာဝန် ပြီးလို့ ဘာလုပ်ရမှန်း မသိဘဲ ယောင်ချာချာ ဖြစ်နေတဲ့ ဒေါက်တာ သူရ တစ်ယောက် ခုတင်ပေါ်က ပြုတ်ကျပြီး သူ့ကိုယ်သူ ပါမောက္ခကြီးလို့ ဘဝင်မြင့် အိပ်မက်မက်နေရာကနေ နိုးထလာပါတော့တယ် ခင်ဗျားးးးးးးးးးးး
P.S – အစိုးရဝန်ထမ်း အလုပ်မရလို့ အရူးထပြီးရေးတဲ့ ကျနော့ မှတ်စုလေးကို ပြီးအောင် ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ တိုက်ဆိုင်မှုများရှိရင်လည်း ခွင့်လွှတ်ပေးကြပါလို့ …… ဟီးဟီး
Credit to : Thura Myo