Page 676 of 1,457« First...673674675676677678679...Last »
05th Jan 2013

“မြန်မာပြည်မှာ နေပါတယ်” ဆရာတစ်ယောက် ခံစားရေးဖွဲသည်

ကျွန်တော်ဟာ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနရဲ့ မြောက်များစွာသော နည်းပညာတက္ကသိုလ်များထဲက တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်ထိက တစ်ဦးပါ။ ဆန်တစ်ပြည် ၁၂၀၀၊ ဆီတစ်ပိသာ ၃၀၀၀၊ ဓါတ်ဆီတစ်ဂါလံ ၄၀၀၀၊ ရွှေတစ်ကျပ်သား (၇) သိန်းကျော် ဖြစ်နေတဲ့ကာလမှာ ရတဲ့လစာက မြန်မာငွေ ကျပ် (၁) သိန်းဖြစ်ပါတယ်။ ထမင်းတစ်နပ် ၁၀၀၀ ကျပ်၊ လက်ဖက်ရည်တစ်ခွက် ၂၅၀ ကျပ် ဖြစ်နေတဲ့အချိန်မှာ ရတဲ့လစာက တစ်နေ့ကို ၃၃၃၃.၃၃ ကျပ်ပါ။ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်ဖြစ်တဲ့ကျွန်တော့်အဖို့ တစ်နေ့ (၃) နပ်ကို မသေရုံတစ်မယ် စားရပါတယ်။

လက်ထောက်ကထိကဆိုတဲ့ ဂုဏ်နဲ့လျှော်ညီစွာနေရတာက ဝန်ထမ်းအိမ်ယာ လုံးဝမရှိတဲ့ နည်းပညာတက္ကသိုလ်ကြီးထဲက ဂိုထောင်လိုလို Workshop ကြီးထဲမှာ ဘဝတူ ဆရာများနဲ့ ကျောတစ်ခင်းစာ ခုတင်လေးတစ်ခုနဲ့ စားပွဲအိုလေးတစ်လုံး ရပါတယ်။ အဝတ်အစားဆိုလို့လည်း (၃) လ နေလို့တောင် Uniform တစ်စုံ ဝယ်မဝတ်နိုင်ပါဘူး။ ကျောင်းဝတ်စုံ ဝါကြန့်ကြန့် စတစ်အဖြူလက်ရှည်နဲ့ မူရင်း နက်ပြာရောင်ပျောက်ပြီး အိုးလက်ခုရောင် ပေါက်နေတဲ့ ဖြူဖတ်ဖတ် ပုဆိုးလေးက ဆရာဖြစ်ကာစမှာ အမေ ဝယ်ပေးလိုက်တာလေးပါ။ ဆရာလုပ်သက် (၇) နှစ်အတွင်းမှာ ပိုင်ဆိုင်သမျှပစ္စည်းက ဘွဲ့မရမီ ကျောင်းတက်ခဲ့စဉ်က သေတ္တာဟောင်းလေး တစ်လုံး။

သာရေး၊ နာရေး၊ လူမှုရေးဆိုတာ ကူညီနိုင်ဖို့ဝေးလို့ ဖိတ်စာတစ်စောင်ရောက်လာရင် မျက်နှာပူပူနဲ့ဖတ်ပြီး အသာလေးပြန်ချထားရတာပါ။ တက္ကသိုလ်ကကျောင်းဆရာမို့ အပိုဝင်ငွေရှာစရာ ကျူရှင်သင်ရသလားဆိုတော့ Semester (၁) ခုကိုတောင် မနည်းမှန်အောင် တက်နေကြရတဲ့ ကျောင်းတော်သား တပည့်လေးတွေက နွမ်းဖတ်ဖတ်။ သူတို့ခမျာလည်း ဝန်ကြီးအပြောင်းအလဲမှာ ဆတိုး ပြောင်းသွားတဲ့ ကျောင်းဝင်ကြေးနဲ့ တစ်နှစ်လုံးစာကြိုသွင်းရတဲ့ (၂) ဆ တိုးကျောင်းလခတွေ၊ ဈေးနှုန်း သတ်မှတ်သူ အမျိုးမျိုးနဲ့ ကွာချင်တိုင်း ကွာနေကြပြီး Semester တစ်ဝက်ကျိုးခိျန်မှာတောင် နေပြည်တော် ဝန်ကြီးရုံးက ပို့မပေးသေးတဲ့ မဝယ်မနေရ Textbook ဖိုးတွေ ကျောင်းအပ်ချိန်တည်းက တစ်လုံးတစ်ခဲ သွင်းထားရတာလေ။ သနားစရာ တပည့်လေးတွေဆီက ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ လည်မျိုညှစ်ပြီး ကျူရှင်သင်ရမလဲ။ ပြီးတော့ ကျောင်းအုပ်ကြီးရုံးခန်းထဲက ”ဆရာ၊ဆရာမများ ကျူရှင်ပြပါက အလုပ်မှထုတ်ပစ်သည်အထိ အရေးယူခြင်းခံရမည်” ဆိုတဲ့ ဝန်ကြီးရုံး အမိန့်ကြော်ငြာကရှိသေးတယ်။

အပိုဝင်ငွေ လုံးဝမရှိ၊ ”ဂွင်” မရှိ၊ ဘေးပေါက် မရှိတဲ့ ပြန်တမ်းဝင် အရာရှိ၊ လက်ထောက်ကထိက တစ်ယောက်ဟာ (၁) လကို လစာ (မြန်မာငွေ ကျပ် (၁) သိန်း) အမေရိကန်ဒေါ်လာ ၁၂၀ ကြီးများ တောင်ရပါတယ် ဆိုတဲ့အဖြစ် ကမ္ဘာ့ ဘယ်နိုင်ငံမှာရှိပါသလဲ? ဟုတ်ကဲ့…….ကျွန်တော်မြန်မာပြည်မှာ နေပါတယ်။

TU ပညာရေး

သင်ကြားရေး အချိန်တွေမှာလည်း တွေ့ရတဲ့ အခက်အခဲတွေက အများကြီးပါ။ ကလေးတွေကို စာကို စိတ်ဝင်တစား နားလည်လာအောင် သင်ပေးဖို့က ဆရာတွေရဲ့ တာဝန်။ စာသင်ခန်း တစ်ခန်းကို ကျောင်းသား ၁၀၀ ကျော်တဲ့အထိ ပြွတ်သိပ် ထည့်ထားခံရတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် Lab ပစ္စည်းလုံးဝမရှိ၊ Workshop ဝင်ချင်ရင်တောင် နေရာမရှိ။ ဘယ်ရှိမလဲ၊ Workshop တွေက ဆရာဆရာမတွေရဲ့ နေထိုင်ရာ အိမ်ယာတွေ ဖြစ်နေကြတာကိုး။ Circuit လေးတွေ တည်ဆောက်ပြဖို့၊ computer program လေးတွေ run ပြဖို့ Lab ပစ္စည်းက မလုံမလောက်။ အော်နေတာက အင်ဂျင်နီယာတွေ၊ နည်းပညာရှင်တွေ မွေးထုတ်ပေးပြီး နိုင်ငံ တည်ဆောက်ဖို့၊ ခေတ်နဲ့ရင်ဘောင်တန်းနိုင်ဖို့။ ဖြစ်နေတာက Master of Engineering Students တွေတောင် Presentation ပေးဖို့ ကိုယ့် Powerpoint ကိုယ်တောင် ဖြောင့်ဖြောင့်တန်းတန်း မပြင်ဆင်တတ်ကြ။ ကလေးတွေကိုချည်း အပြစ်တင်လို့မရပါ။ သင်ပေးတဲ့ ဆရာမတွေက မနေ့တစ်နေ့ကမှ ဒီကျောင်းကဆင်းပြီး လုပ်စရာ အလုပ်မရှိလို့ တက္ကသိုလ် Tutor ဝင်လုပ်ကြတာတဲ့လေ။

အဲဒီ ဆရာလေးတွေ ဆရာမလေးတွေကို သင်ပေးတဲ့ ဆရာတွေက ကျွန်တော်တို့တွေလေ….။ ကျွန်တော်က အသက် (၂၀) မှာ B.E. ဘွဲ့ရပြီး (၂၁) နှစ် ကျောင်းဆင်းဆင်းချင်းပဲ လက်ထောက်ကထိက ရာထူးနဲ့ TU တစ်ခုမှာ တာဝန်ကျခဲ့တာ..။ ပထမဆုံး သင်ရတဲ့ တပည့်တွေက ကျွန်တော့်အရင် (၁၀) တန်း အောင်ကြတဲ့ သူတွေ။ စာသင်ခန်းထဲမှာ တောင် ”ခင်ဗျားတို့ကို ကျွန်တော်က” ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြောရဆိုရတာ။ ”ဆရာက သမီးထက် (၆) လ ငယ်တယ်နော်” ဆိုတဲ့ စကားက တပည့် တစ်ယောက်ပြောခဲ့တဲ့ အမှတ်တရ စကားလေးပါ။

ဒီလိုအဖြစ် ကမ္ဘာ့ ဘယ်နိုင်ငံမှာရှိပါသလဲ? ဟုတ်ကဲ့…….ကျွန်တော်မြန်မာပြည်မှာ နေပါတယ်။

ဆရာဖြစ်လာပုံ

ဝန်ကြီးဟောင်းရဲ့ အထူးစီမံကိန်းအရ တစ်နိုင်ငံလုံးက (၁၀) တန်းမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြတဲ့သူတွေကို Mandalay Technological University မှာ Camp သွင်းပြီး intensive course နဲ့ Training ပေးပါတယ်။ အဲဒီအချိန်က အစဉ်အလာကြီးတဲ့ Yangon က YTU ကိုလုံးဝပိတ်ထားပြီး Engineer ကျောင်းတွေကို နိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာ GTI တွေ၊ GTC တွေအဖြစ် ခွဲလိုက်တဲ့ အချိန်ပါ။ ဆယ်တန်းကို နယ်မြို့လေးက ကျောင်းမှာပဲတက်ခဲ့ပြီး (၃) ဘာသာဂုဏ်ထူးနဲ့အောင်ခဲ့တဲ့ ကျွန်တော်ဟာ တက္ကသိုလ်တက်ဖို့ ဝင်ခွင့်ခေါ်စာတွေကို ရွာမှာ လယ်ပြန်လုပ်နေရင်း စောင့်နေခဲ့ပါတယ်။ ဆယ်တန်း အမှတ်စာရင်းကို ကြည့်ပြီး တက္ကသိုလ်ဝင်ခွင့်တွေ ရောက်မလာခင်မှာဘဲ သ.ပ.န. ကခေါ်တဲ့ “ English and Maths နှစ်ဘာသာပေါင်း အမှတ် (၁၅၀) ရသူတွေလျှောက်ထားနိုင် တယ်၊ B.E. ဘွဲ့ပေးမယ်၊ ကျောင်းပြီးရင် နိုင်ငံတော်က ပေးတဲ့တာဝန်ကို မညည်းမညူ ထမ်းဆောင်ရမယ်၊ ကျောင်းတက်နေစဉ် Messing ကကျွေးမယ်၊ စာမေးပွဲကျရင် ကျောင်းထုတ်ခံရမယ်။” ဆိုတဲ့ ခေါ်စာတစ်စောင်ကို သူငယ်ချင်း တစ်ယောက်ဆီက ရပါတယ်။ Requirement တွေလည်း ကိုက်ညီနေတော့ ချက်ချင်းဆိုသလိုပဲ အနီးဆုံး GTC ကိုသွားပြီး လျှောက်လွှာတင်ပါတယ်..။ ဝန်ကြီးကိုယ်တိုင် စီစစ်ရွေးချယ်ပြီးတော့ Interview ကို လျှောက်လွှာတင်ခဲ့တဲ့ GTC မှာပဲ သွားဖြေရပါတယ်။ Engineer တစ်ယောက်ဖြစ်ရတော့မယ် ဆိုတဲ့ စိတ်ကူးနဲ့ ရွာကိုအပြန်လမ်းမှာ ဝမ်းသာပီတိ အပြည့်နဲ့ပေါ့။ မိဘများကလည်း တောင်သူလုပ်တဲ့ ပညာရေးဝန်ထမ်းတွေဆိုတော့ အားပေးအားမြှောက်ပြုကြပါတယ်။ သိပ်မကြာခင်မှာပဲ MTU မှာကျောင်းတက်ဖို့ order ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။
မန္တလေးကို မရောက်ဖူးတဲ့ ကျွန်တော့်ကို ဖခင်ကိုယ်တိုင် အလုပ်ကခွင့်ယူပြီး လိုက်ပို့ပါတယ်..။ MIT အဖြစ် ကျော်ကြားခဲ့တဲ့ တက္ကသိုလ်ကြီးက မအူမလည် ရွာသားလေး ကျွန်တော့်ကို ကျောင်းသားတစ်ယောက်အဖြစ် လက်ခံလိုက်ပြီလေ။

ကျောင်းသားဘဝရဲ့ Daily Routine

မနက် (၅) နာရီထိုးမှာ အိပ်ဆောင်ရှေ့ကဝီစီသံ စူးစူးရှရှ ထွက်ပေါ်လာတယ်ဆိုရင်ပဲ အိပ်ယာကလူးလဲထ၊ Canvas စီး၊ Suit ဝတ်ပြီး အဆောင်ရှေ့မှာ (၃) ယောက်တစ်တန်း စနစ်တကျ စီရပါတယ်။ အဆောင်မှူးက အလှည့်ကျခန့်ထားတဲ့ တပ်စုမှူး၊ တပ်ခွဲမှူးတွေက လူစစ်ပြီး စစ်သားဟောင်း P.T. ဆရာတွေရဲ့ ဝီစီသံ အောက်မှာ ပြေးရတာက တက္ကသိုလ်ကြီးရဲ့ လမ်းမတွေပေါ်မှာပါ။ နှင်းတွေကဝေလို့။ ဆရာဖေရဲ့ မန္တလေးဆောင်းကို ဘောင်းဘီတိုလေးတွေနဲ့ ရင်ဆိုင်ရတာပါ။ မိန်းခလေးတပ်ခွဲတွေက တစ်လမ်း၊ ယောက်ျားတွေက တစ်လမ်း။ ၅း၃၀ မှာ ဘောလုံးကွင်းကြီးထဲမှာ ကြံ့ခိုင်ရေး အတွဲ (၁) နဲ့ (၂) ကို စုပေါင်းလေ့ကျင့်ခန်း လုပ်ရပါတယ်။ ၆း၃၀ မှာ အဆောင်ပြန်၊ Breakfast စားရပါတယ်။ ထမင်းဆီဆမ်း သို့မဟုတ် ဆီမပါတဲ့ ထမင်းကြော် တစ်ပန်းကန် စာကို Messing ဝန်ထမ်းတွေရဲ့ ပုံစံတကျ ဝေခွဲမှုရဲ့အောက်မှာပါ။

၈း၃၀ မှာ စာသင်ခန်းတွေဆီကို သွားရပါတယ်။၁၂း၀၀ မှာနေ့တစ်ပိုင်းပြီးတော့ Messing ကိုအလုအယက်ပြန်ပြီး ကုလားပဲဟင်းရည်တစ်ခွက်နဲ့ ဟာနေတဲ့ဗိုက်ကိုဖြည့်၊ ၁း၀၀ အမှီ Theatre ကိုပြန်ဝင်၊ ၃း၃၀ မှာ တစ်နေ့စာ သင်ခန်းစာပြီးပါတယ်။ အဆောင်ပြန်ရောက်လို့ မကြာခင် ၄း၀၀ မှာပဲ ဝီစီသံနောက်တစ်ခါကြားရပြန်ပါတယ်..။ ညနေခင်း Training ပါ။ နေပူပူ၊ မိုးရွာရွာ ရှောင်လွှဲခွင့်မရှိပါ။ အဆောင်ကနေ လမ်းအမြန်လျှောက်ပြီး ဘောလုံးကွင်းထဲ နောက်တစ်ခေါက်ပေါ့..။

နောင်တော်ကြီးတွေထဲက တစ်ယောက် မိုးရွာလို့ ထီးလေးဆောင်းပြီးလမ်းလျှောက်လာမိလို့ P.T. ဆရာက ပါမောက္ခချုပ်ဆီ တိုင်လိုက်လို့ ကျောင်းထုတ်ခံခဲ့ရတဲ့အဖြစ် တကယ်ရှိခဲ့ဖူးလို့ ဘယ်သူမှ ဘာမှ မလုပ်ရဲပါ။ P.T. ဆရာတွေကို တက္ကသိုလ်ကျောင်းသားတွေက ကြောက်ရပါတယ်…။

လေ့ကျင့်ခန်းလုပ်ပြီး အဆောင်ပြန်။ ရေချိုး။ Messingမှာ ညနေစာကို လက်သည်းခွံလောက် အသားလေးနှစ်ဖတ်နဲ့စားရပါတယ်…။ ဒါတောင် တစ်ပါတ်မှာ (၃) ရက်ပါ။ ၆း၀၀ မှာ Messing ပိတ်ပါတယ်..။ ည ၇း၀၀ မှာ Night Study ကို ၉း၀၀ ထိ Messing မှာဝင်ရတယ်..။ ယောင်္ကျားလေးတွေက Canteen ခဏ ထွက်ခွင့်ရတယ်။ မိန်းခလေးတွေကတော့ ၆း၀၀ ဆို အဆောင်တံခါး သော့ခတ်ပါပြီ။ ၉း၃၀ မှာတန်းစီလူစစ်ပြီး ၁၀း၀၀ မှာ မီးပိတ်၊ အိပ်ပေတော့။ တစ်နေလုံး အမောင်းခံထားရလို့ ခန္ဓာကြီးက ပင်ပန်းလှပြီလေ၊ မနက် ၅း၀၀ ဝီစီသံပေါ်မလာခင်ထိ တစ်ရေးထဲ။

ဟုတ်ကဲ့…….မြန်မာပြည်က အင်ဂျင်နီယာ ကျောင်းတော်ကြီးမှာပါ။

ကျောင်းတော်ကြီးရဲ့ နေထိုင်ရေးနဲ့ သင်ကြားရေး

ကျွန်တော်တို့တွေက အဆောင်နေရတယ်၊ လစာက ၃၆၀၀ ရတယ်၊ Messing ကြေးက ၂၀၀၀ သွင်း၊ ၁၆၀၀ ကမုန့်ဖိုးပေါ့။ ၂၀ ရာစု ကုန်ခါနီးနှစ်တွေ တုန်းကလေ။ ဇာတ်လမ်းက ကျွန်တော်တို့ ဝင်လာလို့ နေရာဖယ်ပေးခဲ့ရတဲ့ MIT ရဲ့ နောက်ဆုံးအသုတ် Regular ကျောင်းသားကြီးတွေရဲ့ မကျေနပ်မှုက စပါတယ်..။ ကျွန်တော်တို့ကို သူတို့က “ဝန်ကြီးမယားပါသားတွေ” လို့ ခေါ်ပါတယ်။ စာသင်ကြရာမှာ အခန်းတွေကိုသီးသန့် သင်ရပေမယ့် Canteen ကတစ်ခုထဲလေ။ ဆုံကြတိုင်းမှာ ပြသနာက ပေါ်ပါတယ်။ နောက်ဆုံးတော့ သူတို့ကို မန္တလေးထောင်ကြီးရှိတဲ့ အိုးဘို အရပ်က GTC ကိုပို့လိုက်တော့မှပဲ ငြိမ်သွားခဲ့ တာလေ။ ကျောင်းသားအချင်းချင်း သွေးကွဲစေခဲ့တာ…။

ဆရာတွေ ဆရာမတွေက Regular တွေကိုရော၊ ကျွန်တော်တို့ ကိုပါ အပြေးအလွှား သွားလိုက်ပြန်လိုက် သင်ရတာပါ။ MIT ခေတ်က ဆရာတွေက တော်ကြပါတယ်။ English, Maths, Physics, Chemistry, Myanmar စတဲ့ Minor Subject တွေကို First Year မှာသင်ရပါတယ်။ First Year ရမှတ်က Second Year မှာ Major တွေကိုရွေးချယ်ဖို့ အရမ်းအရေးကြီးပါတယ်..။ အမှတ်မကောင်းရင် လိုချင်တဲ့ Major မရပါ..။ First Year ကျပါက ကျောင်းကထုတ်တဲ့အပြင် စားခဲ့တဲ့ လစာတွေအတွက် လျော်ကြေးပါပေးရမှာပါ..။ Stress တွေအများကြီး..။ P.T. ကွင်းကစလို့ အဆောင်စည်းကမ်းအလယ် စာမေးပွဲ အဆုံး ဖိအားတွေနဲ့ချည်းပါ..။ ဟုတ်ကဲ့….Semester နှစ်ခုစာ သင်ခန်းစာတွေကို ၆..လ နဲ့ တက်သုတ်ရိုက်ပြီး သင်ဖို့ ဝန်ကြီးက ညွှန်ကြားလာပြန်ပါတယ်….။ Stress က ၂ဆတိုးသွားခဲ့ပါပြီ…။ June လလယ် မှာ First Year ရဲ့ Final Exam ဖြေခဲ့ရပါတယ်..။

ကံကောင်းစွာနဲ့ပဲ အောင်မြင်ခဲ့ပြီး Second Year တက်ခွင့်ရခဲ့ပါတယ်။ Major ခွဲတော့လဲ လူကြိုက်အများဆုံး၊ အမှတ်အမြင့်ဆုံး major ကို ဝင်နိုင်ခဲ့ပါတယ်..။ MTU မှာစဖွင့်လှစ်ကာစ Major ပါ။ ဌာနအဆောက်အဦတောင် သီးခြားမရှိလို့ တစ်ခြား Major ကြီးရဲ့ အရိပ်အောက်ကို ခိုလှုံရပါတယ်..။ ဌာနမှူးအဖြစ်လည်း Major ကြီးရဲ့ဌာနမှူးကပဲ တာဝန်ယူပါခဲ့တယ်..။ ဆရာတွေကလည်း Major ကြီးကဆရာတွေပါ။ ဒါပေမယ့် သင်ကြားပေတဲ့ဆရာတွေက Major စွဲမရှိကြပါ..။ တော်လည်းတော်ကြပါတယ်..။ ပညာကိုမချွင်းမချန် သင်ပေးကြ၊ pratical နဲ့ Lab တွေကို Senior ကျောင်းသားကြီးတွေကို ကြီးကြပ်စေပြီး အပင်ပန်းခံ သင်ပေးကြပါတယ်..။ ကျောင်းတော်ကြီးရဲ့ တစ်ခုတည်းသော Computer Room မှာ Computer အလုံး (၃၀)လောက်ရှိပါတယ်..။ Lab ချိန်ကို အတန်းကြီးက အစ်ကိုအစ်မ တွေနဲ့ လုဝင်ရပါတယ်.။ Internet ကို အစိုးရက တစ်နိုင်ငံလုံးကို ဘယ်မှာမှ ဖွင့်မပေးသေးပါ။ Bagan Cyber Tech က ISP service မပေးသေးခင် နှစ်များကပေါ့.။ Internet ကို ဖြူလားမဲလား မသိခဲ့ရတဲ့ IT Major ကျောင်းသားဖြစ်ခဲ့ရပါတယ်..။

ဟုတ်ကဲ့….မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တာပါ.။

ကျောင်းသားကြီးဘဝ

Second Year မှာ စာမေးပွဲကျလို့ အောင်ဖျာလိပ်ရမယ့်ဘဝကလွတ်တော့ ကျောင်းတက်သက်တမ်း ပြက္ခဒိန် နှစ်ပတ် မပြည့်ခင်မှာ Third Year ကိုရောက်ပါတယ်။ တက္ကသိုလ်ရဲ့ ကျောင်းသားကြီးစာရင်းဝင်ခဲ့ပါပြီ။ P.T. ကတော့ ပြေးနေရဆဲ။ ကံကောင်းစွာနဲ့ ညနေခင်း Training ကို Third Year မှာ ပယ်ဖျက်လိုက်ပါတယ်။ Training မိနေပြီးသားသူတွေဆိုတော့ ညနေခင်းဝီစီသံ မကြားရတာကိုတောင် လွမ်းသလိုလို။ Night Study ကတော့ ဝင်ရဆဲ။ အဆောင် Messing မှာ ရွေးကောက်ပွဲတွေကျင်းပရဆဲ။ ပဲဟင်းရေကျဲ သောက်လို့ကောင်းဆဲပါ။ ဆရာမအသစ် ရောက်လာပါတယ်။ Yangon Computer University က M.C.Sc ဘွဲ့ရပါ။ IT ကျောင်းသားတွေအတွက် အပြောင်းအလဲ စဖြစ်ပါတယ်။ တကယ်စေတနာထားပြီး အပင်ပန်းခံပေးခဲ့၊ Lab တွေထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့ပါတယ်။ BaganNet ရဲ့ စတင်မှုနဲ့အတူ ဘုရားစူး Internet ကို Mandalay မြို့မှာ စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဆရာမက Networking ကို ပိုင်ပိုင်နိုင်နိုင် သင်ပေးနိုင်ပါတယ်။ Web အကြောင်း၊ Server တွေအကြောင်း၊ Network တွေအကြောင်း စာတွေ့အရင် သင်ရပါတယ်။ Lab ချိန်တွေမှာ Lecture တွေကို Pratical လုပ်စေခဲ့ပါတယ်။

Third Year စာမေးပွဲမှာ ရဲဘော် ၃ ယောက် ကျဆုံးခဲ့ပါတယ်။ Fourth Year မှာ MTU ရဲ့ ပထမဆုံး IT project ပြပွဲကို ဌာနရဲ့ Computer ခန်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။ အခုအချိန်ထိ အမှတ်တရ ရှိနေဆဲပါ။ Local Intranet ဖန်တီးပြီး Website တွေတင်၊ Email တွေ၊ Chatting တွေ ပြောနိုင်အောင်လုပ်၊ Traffic Control System ကို Computerized Control လုပ်ပြ၊ Data Security System နဲ့ Security Alarm System တွေပါဝင်ခဲ့ပါတယ်။ Term paper ပေါင်း ၂၀ ကျော်ကိုလည်း တင်ပြနိုင်ခဲ့ကြပါတယ်။ စတင် အခြေတည်ခါစ၊ Internet ပေါ်လာတာ ၁ နှစ်ကျော် ပဲရှိသေးတဲ့အချိန်မှာ ဒီလောက်လုပ်နိုင်ခဲ့တာ တော်ရုံအားထုတ်မှုနဲ့ မရပါဘူး။ သိရသလောက်တော့ MTU မှာ အခုထိ ကျွန်တော်တို့လုပ်ခဲ့တဲ့ ပွဲမျိုး နောက်ထပ် မလုပ်ဖြစ်တော့ပါဘူး.။

Fourth Year ရဲ့ Night Study ဝင်နေချိန် တစ်ညမှာပါ။ ပါ-ချုပ်ရဲ့ Mazda Jeep က Messing ရှေ့ကို ထိုးဆိုက်လာပြီး ကျောင်းသားအားလုံးကို စာရွက် ၁ရွက်စီ ဝေပါတယ်။ ကျောင်းပြီးရင် ဆရာလုပ်ရမှာကို သေချာသိနေ ကြလို့ စိတ်ဓါတ်ကျနေကြတဲ့ Engineer ကျောင်းသားတွေ ကို Bond လာထိုးခိုင်းတာပါ။ တာဝန်ပေးအပ်ခြင်းကို လက်မခံပဲ ရှောင်ပြေးပါက “ယုံကြည်အပ်နှံခြင်း ဖောက်ဖျက်မှု ဥပဒေပုဒ်မ (၄၀၄) အရ တရားစွဲဆိုခြင်းခံရမည့်အပြင် လျော်ကြေးငွေ ကျပ်သိန်း (၂၀) တိတိ ကို မိဘအုပ်ထိန်းသူများမှ ပေးလျော်ရမည်” ဆိုတဲ့ သက်သေမရှိ၊ ရှေ့နေမပါတဲ့ စာချုပ်ကို သဘောတူကြောင်း လက်မှတ်ကို နာရီဝက် အတွင်းထိုးစေခဲ့ပါတယ်။ မိဘတွေဆီကို ရက်ပိုင်းအတွင်း စာတိုက်ကပို့ပြီး လက်မှတ်ထိုးစေပါတယ်။
ဟုတ်ကဲ့….မြန်မာပြည်ရဲ့ နည်းပညာတက္ကသိုလ်ကြီးတစ်ခုမှာ တကယ်ဖြစ်ခဲ့တာပါ.။

မှတ်တမ်းမှတ်ရာ

B.E. တန်းရောက်တော့ ပါမောက္ခချုပ်က IT ကျောင်းသားတွေကို ကျောင်းရဲ့ Website တစ်ခု ရေးစေပါတယ်။ Designer အဖွဲ့၊ Programmer အဖွဲ့တွေခွဲပြီး အဆောင်မှာ စုပြီးရေးကြရတာပါ။ ပျော်စရာအကောင်းဆုံး၊ အမှတ်ရစရာ အကောင်းဆုံး အချိန်လေးတွေပေါ့။ ၁-လ လောက် ကြိုးစားပမ်းစား ရေးကြပြီးတဲ့ နောက်မှာတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ MTU ရဲ့ Major ပေါင်းစုံ Project Show မှာ IT က မျက်နှာပန်းလှခဲ့ပါတယ်။ Website ကြီးလည်း project show နည်းတူ မှတ်တမ်းမတင်ခဲ့ရ ပါဘူး။ Internet ပေါ်မရောက်ပဲ ကျောင်းထဲမှာပဲ ကွယ်ပျောက်ခဲ့ရပါတော့တယ်။

Record တစ်ခုမှ စုမထားခဲ့၊ မကျန်ခဲ့တော့သလို Bachelor တန်းကျောင်းသားတွေလည်း မခေါ်တော့ပါ။ Master နဲ့ Ph.D. သင်တန်းတွေပဲရှိတော့တာလည်း အကြောင်း အရင်းတစ်ရပ်ဖြစ်ပါတယ်။ အကယ်၍သာ အစဉ်အလာကိုထိန်းသိမ်းနိုင်ခဲ့မယ်တဆိုလျှင်..MTU ဟာ မြန်မာ့ IT လောကမှာနေရာတစ်ခုခု ရနေလောက်ပါပြီ။ စိတ်ဝင်တစား အတူတကွ လေ့လာခဲ့ကြတဲ့ သူငယ်ချင်းတွေထဲက တစ်ချို့တွေကဆို သိန်း (၂၀) ပေးလျော်လိုက်ကြရပြီး Singapore က Company ကြီးတွေမှာ Essential person တွေ ဖြစ်သူကဖြစ်၊ Myanmar နိုင်ငံ IT လောကမှာ ထိုးဖောက်ဖို့ အရှိန်ယူသူတွေကယူ ဖြစ်နေကြပါပြီ။ ဆရာမရဲ့ကျေးဇူးတွေပါ။ ကျောင်းကိုယ်စားပြု Website လုံးဝမရှိတဲ့ နည်းပညာတက္ကသိုလ်တွေထဲက တစ်ခုအဖြစ် MTU ဟာ အခုထိ ရှိနေဆဲပါ..။
ဟုတ်ကဲ့….မြန်မာပြည်ရဲ့ နည်းပညာတက္ကသိုလ်ကြီးတစ်ခုမှာ တကယ်ဖြစ်နေတာပါ.။

ကျောင်းပြီးလို့ ဆရာလုပ်တော့

B.E. တန်းဆင်းပြီး ၃-လ လောက်အကြာမှာ နိုင်ငံတစ်ဝှမ်းက GTC ပေါင်း ၂၆ ကျောင်းကို Posting လွှတ်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားက စလို့ စစ်တွေ၊ ကျိုင်းတုံ အပါအဝင် ဘိတ် (မြိတ်မြို့) အဆုံး GTC တွေဆီကိုပါ။ Main Building ကြီးတွေက ၃-ထပ်ဆောင်ကြီးတွေ။ တစ်နိုင်ငံလုံး ပုံစံတူ။ ဝန်ထမ်းအိမ်ယာ မရှိလို့ Workshop တွေကို ဆရာ ဆရာမတွေ ဝင်ပြီးနေကြရတာကလည်း တစ်ကျောင်း မကျန်ပါ။ US$ 1 က ကျပ်ငွေ ၁၀၀၀ ပေါက်နေတဲ့ခေတ်မှာ ရတဲ့လစာ က ၇၅၀၀ ကျပ်တိတိ ကြီးများတောင်ပါ။ ရှားပါးစားရိတ် ၅၀၀၀ ပေါင်းပေးတော့ ၁၂၅၀၀ ကျပ်တိတိ က လက်ထောက်ကထိက တစ်ယောက်ရဲ့ လစာပါ။ လစာနည်းတဲ့ ဆရာတွေကို ဥပမာပြပြီး အပျိုမလေးတွေကို မိခင်တွေက ဆုံးမပါတယ်။ “ပြောမရ ဆိုမရနဲ့နော်၊ GTC ကကျောင်းဆရာနဲ့ ပေးစားလိုက်လို့ ငတ်သေသွားမယ်” တဲ့။

ဟုတ်ကဲ့….မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တာပါ.။

လစာတိုးပြီ

2006 မှာ လစာတွေတိုးပါတယ်။ လက်ထောက်ကထိက တစ်လ ၈၀၀၀၀ ကျပ်၊ ကထိက ၁၀၀၀၀၀ ကျပ်ပါ။ ၁၂၅၀၀ နဲ့ အသက်ရှင်အောင်နေလာကြတဲ့ ဆရာတွေ လစာတိုးလို့ ထမင်းနပ်မှန်လာကြပါတယ်။ Uniform လေးတွေ အရောင်တောက်လာကြပါတယ်။ သိပ်မကြာ ပါ။ ကုန်ဈေးနှုန်းက အမီလိုက်လာပါတယ်။ 2008 Crisis မှာ အရင်အခြေအနေ ပြန်ရောက်လု နီးပါးဖြစ်လာခဲ့ပြီး ချာချာလည်ခဲ့တာပါပဲ။ ချွေတာတတ်တဲ့သူတွေကတော့ တရုတ် ဆိုင်ကယ်လေး တစ်စီးလောက် ကပ်ထားနိုင်ခဲ့ကြပါတယ်။ 2010 မှာ ကျပ် ၂၀၀၀၀ စီထပ်ပေါင်းပေးလို့ ၁၀၀၀၀၀ စားဖြစ်ရပါတယ်။ အခု ထမင်းတစ်နပ် ၁၀၀၀ ကျပ်ပါ။ ဒါတောင် နယ်စပ်မဟုတ်လို့။ ပူတာအိုမှာ 2010 ကမှဖွင့်လိုက်တဲ့ GTI မှာ တာဝန်ကျခဲ့တဲ့ သူငယ်ချင်းတွေကပြောပါတယ်။ ကြက်ဥတစ်လုံး ၅၀၀ ကျပ်ပါတဲ့ ခင်ဗျာ။ ၁-လ ကို US$ 120 ရတယ်ဆိုတာကလည်း ငွေလဲနှုန်းကအရင်လောက်မရှိတော့လို့လေ။ ၁ ရက် ၃၃၃၃.၃၃၃ ကျပ် ရတဲ့ တက္ကသိုလ် ဆရာ ကျွန်တော်ပါ။

ဟုတ်ကဲ့….မြန်မာပြည်မှာ နေပါတယ်.။

Written by သူရကျော် ဆရာသူ၇ကျော် facebook မှ ကူးယူတင်ပြပါသည်

Filed under Articles | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

04th Jan 2013

“လူတိုင်းက အမှားနဲ့ မကင်းပါဘူး” ~ မိုးဟေကို

MHK

ဓာတ်ပုံ- ရွှေအမြုတေ မဂ္ဂဇင်း

ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၁၃)

နိုဝင်ဘာ၊ ဒီဇင်ဘာကို ရောက်ပေမဲ့ ရန်ကုန်မြို့ရဲ့ ရာသီဥတုက ဆောင်းတွင်း ဆိုတဲ့ အရသာကို မခံစားရပါဘူး။ ဆောင်းဆိုတဲ့ အရသာကို မခံစားရတဲ့ အပြင် နေပြင်းပြင်းပူပြီး မိုးတွေ ရွာနေပါတယ်။

၂၀၁၃ ဇန်န၀ါရီအတွက် မိုးဟေကိုကို ရွှေအမြုတေ မဂ္ဂဇင်းမျက်နှာဖုံးရိုက်ဖို့ စီစဉ် ဖြစ်တဲ့အခါ မိုးလွတ်တဲ့အချိန်လည်း ရောက်နေပြီလို့ ယူဆတာကြောင့် CHATRIUM Hotel ရဲ့ Pool Side မှာ ရိုက်ဖို့ စီစဉ်ဖြစ်ပါတယ်။

မိုးဟေကိုကို ရွှေအမြုတေအတွက် ဓာတ်ပုံရိုက်မယ်ဆိုရင် မိုးတွင်း ကာလမှာပဲ စီစဉ်ဖြစ်တာကြောင့် မိုးလွတ်တဲ့ ကာလမှာပဲ စီစဉ်မယ်လို့ စဉ်းစားခဲ့တာပါ။ အဲဒါကြောင့် ဇန်န၀ါရီလအတွက် ဒီဇင်ဘာမှာ ရိုက်မယ်လို့ စီစဉ်ပေမဲ့ ဆောင်းတွင်းမှာ မိုးတွေ ရွာပါတော့တယ်။ ဓာတ်ပုံ ရိုက်မဲ့ မနက် စောစောမှာပဲ မိုးတွေ ရွာခဲ့ပေမဲ့ ဓာတ်ပုံ ရိုက်ခါနီးမှာ မိုးကတိတ် သွားပါတယ်။ ဒါပေမဲ့ အစိုးမရတဲ့ ရန်ကုန်မိုးက ဒုတိယ၀တ်စုံနဲ့ ရိုက်ခါနီး မှာပဲ ရွာချပါတော့တယ်။

မိုးဟေကိုကို ဓာတ်ပုံရိုက်ရင် မိုးနဲ့ ဘယ်တော့မှ မလွတ်ဘူးလို့ ပြောနိုင်ပါတယ်။ ရေကူးကန်နံဘေးမှာ ရိုက်မှာ ဖြစ်တဲ့အတွက် ၀တ်စုံတွေကိုလည်း ကမ်းခြေလိုနေရာမျိုးမှာ ၀တ်ဆင်တဲ့ပုံစံမျိုး မိုးဟေကိုက စီစဉ်လာပါတယ်။

MHK _2

မိုးဟေကိုရဲ့ အ၀တ်အစား၊ လိုအပ်တဲ့ Accessories တွေအတွက် အကြံ ဉာဏ်ပေး၊ စီစဉ်ပေးသူလည်း ဓာတ်ပုံရိုက်တဲ့နေ့မှာ အတူလိုက်ပါလာတာ တွေ့ရပါတယ်။

သူကတော့ သရုပ်ဆောင် ဖူးဖူးပါ။ ဖူးဖူးက သူငယ်ချင်းဖြစ်သူအတွက် အားတဲ့အချိန်လေးတွေမှာ အားဖြည့်ကူညီပေးတတ်သူလည်း ဖြစ်ပါတယ်။

မိုးဟေကိုက မိုးရွာသွန်းမှုကြားထဲမှာပဲ ရွှေအမြုတေအတွက် ဓာတ်ပုံကို အချိန်ပေး ရိုက်ကူးပေးခဲ့တာပါ။ မိုးဟေကိုက ၂၀၁၂ ကို နှုတ်ဆက်ပြီး ၂၀၁၃ ကို ကြိုဆိုမဲ့ နှစ်သစ်ကူးညကိုတော့ ရန်ကုန်မှာပဲ ဖြတ်သန်းဖို့ စီစဉ်ထား ပါတယ်။

ဇန်န၀ါရီလဆန်းမှာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးမဲ့ ရုပ်ရှင် ဇာတ်ကားမှာ မိုးဟေကိုက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး အဲဒီကား ရိုက်ဖို့ ပုပ္ပားကို သွားမှာဖြစ်ပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားမှာ မင်းသားမပါဘဲ သရုပ်ဆောင် ဗေလုဝ၊ တက္ကသိုလ် ဂွမ်းပုံစတဲ့ ဟာသသရုပ်ဆောင်များနဲ့အတူ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ရိုက်ကူးမဲ့ ရုပ်ရှင်ဇာတ်ကားက ဟာသကားစစ်စစ် ဖြစ်သလို ပရိသတ်ကို ရသမျိုးစုံ ပေးချင်တဲ့ ဆန္ဒကြောင့် မိုးဟေကိုက လက်ခံရိုက်ကူးမှာ ဖြစ်ပါတယ်။

မိုးဟေကိုက ဇာတ်လမ်းမျိုးစုံ ရွေးချယ်ရိုက်ကူးနေတဲ့အချိန်မှာ ဒီလို ဟာသဇာတ်ကားကို ရိုက်ဖြစ်တာ ဖြစ်ပြီး ဟာသကားတွေချည်း ရိုက်ဖြစ်မှာ မဟုတ်တဲ့အတွက်လည်း လက်ခံတာလို့ သိရ ပါတယ်။

* အခု ရိုက်မဲ့ ရုပ်ရှင်ဇာတ်ကားက မင်းသား မပါဘူး။ ဟာသကားလည်း ဖြစ်တော့ ရုပ်ရှင်မဟုတ်ဘဲ ဗီဒီယိုကားဆိုရင် မိုးဟေကို လက်ခံရိုက် ဖြစ်မလား။

+ ဒါရိုက်တာတိုင်းကို ယုံကြည်မှု တစ်ခုစီ ထားထားတယ်။ ဇာတ်ကိုလည်း ကြိုက်တယ်။ ရုပ်ရှင်ကားကြီးလည်း ဖြစ်လို့ ရိုက်ဖြစ်တာပါ။

* ဇာတ်ကားတွေ ရိုက်ရင်းနဲ့ပဲ သီချင်းဆို၊ စီးရီးထွက်မယ်လို့ ပြောထားတော့ ဂီတဘက် လှုပ်ရှားမှုကရော ဘယ်လိုရှိလဲ။

+ အဲဒီကိစ္စက စိတ်သိပ်မပါသေးဘူး ဖြစ်နေတယ်။ ကိုယ့်အသံကလည်း Perfect မဖြစ်ပါဘူး။ အပျော်တမ်း အနေနဲ့၊ ၀ါသနာအနေနဲ့ ထုတ်တယ် ဆိုပေမဲ့ ပရိသတ်ကို အသံနဲ့ နှိပ်စက်ရမှာ အားနာတယ်။ အဲဒါကြောင့် မိုးဝါဿနာပါတဲ့ သရုပ်ဆောင်အလုပ်ကိုပဲ ဇောက်ချ လုပ်ဖြစ်တယ်။ သီချင်းဆိုတာကို လူမှုရေးပွဲတွေပဲ ဖြစ်ဖြစ်၊ ရန်ပုံငွေပွဲတွေမှာပဲ ဖြစ်ဖြစ် တစ်တပ်တစ်အား ပါဝင်ပေးဖို့က အဆင်သင့် ပါပဲ။

* မိုးဟေ အနေနဲ့ အခုအချိန်မှာ အနုပညာ အလုပ်တွေ လုပ်ဖြစ်နေတာက မိုးဟေရဲ့ မိသားစုအတွက် လား၊ မိုးဟေရဲ့ ဘ၀ ရပ်တည်ချက် ပိုကောင်းဖို့လား။

+ အဓိကက ဒီ အနုပညာအလုပ်ကို ၀ါသနာပါတယ်။ ကိုယ့်စိတ်ထဲမှာ စိတ်အားထက်သန်တဲ့ အချိန်ထိ လုပ်မယ်။ အဲဒီမှာ လုပ်ရင်းနဲ့ အနုပညာအလုပ်က ရလာတဲ့ ၀င်ငွေနဲ့ ကိုယ့်မိသားစုကို ပြန်စောင့်ရှောက်ခွင့် ရတယ်။ ဒါပေမဲ့ ဒီအနုပညာအလုပ်ဆိုတာ မိုးတို့ တစ်သက်လုံး ရပ်တည်လို့ရတဲ့အလုပ် မဟုတ်ဘူး။ အာမခံလို့ မရတဲ့အတွက်ကြောင့် ကိုယ်ဝါသနာပါတဲ့ အချိန်ရယ်၊ ကိုယ်လုပ်ချင်တဲ့ စိတ်ရှိနေတဲ့ အချိန်အထိ လုပ်သွားမှာပါ။ တခြား စီးပွားရေးလည်း လုပ်သင့်တယ်လို့ ထင်တယ်။ မိုးရဲ့စိတ်ထဲမှာ ဘယ်အလုပ်ကိုပဲ လုပ်လုပ်၊ လုပ်နေတဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်အောင်လုပ်ပြီး လက်ရှိအချိန်တွေကို အကျိုးရှိအောင် အသုံးချတယ်။

* မိသားစုအတွက်လုပ်ရင်း မိုးဟေမှာ အမှားနဲ့ ကြုံလာရင် အဲဒီအမှားအတွက် ဘယ်လို ရင်ဆိုင်လဲ၊ မေ့ပျောက်နိုင်ဖို့ ဘယ်လို ကြိုးစားလဲ။

+ လူတိုင်း၊ လူတိုင်းက အမှားနဲ့ မကင်းပါဘူး။ အနည်းနဲ့အများ ကွာတာပဲ ရှိမယ်။ အမှားကို အမှားမှန်းသိပြီး မှားခဲ့တဲ့လူလည်း မရှိဘူးလို့ ထင်ပါတယ်။ မသိခဲ့လို့မှားခဲ့တဲ့ အမှားတစ်ခုကို သိတဲ့အချိန်မှာ ပြင်တယ်။ မှားခဲ့တဲ့အတွက်ကြောင့် မိဘတွေ စိတ်ဆင်းရဲရမှာတွေ ရှိမယ်။ အဲဒါက မိုး တကယ်ကို မသိခဲ့လို့၊ လူဆိုတာ မှားနေမှန်းသိရက်နဲ့ ဘယ်သူကမှ မှားမှန်းသိသိနဲ့ မလုပ်ဘူးလို့ ထင်ပါတယ်။ မိုးတို့က ဗုဒ္ဓဘာသာ

မြန်မာလူမျိုး၊ မိန်းကလေး ပိုပြီးစဉ်းစားဆင်ခြင်သင့်တယ်လို့ ထင်တယ်။

Moe Hay Ko

မိန်းကလေးနဲ့ ယောက်ျားလေးယှဉ်ရင် မိန်းကလေးတွေက နစ်နာမှု ပိုများသလို ထိခိုက်၊ အပြောဆိုခံရမှုလည်း ပိုများတယ်။ အနုပညာရှင် မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကို လိုလားသူ ရှိသလို၊ ကိုယ့်ကို မကြိုက်သူ၊ မလိုလားသူ၊ မနာလိုသူ မုန်းသူတွေလည်း ရှိတယ်။

ကိုယ့်ကို ကြိုက်တဲ့ သူကတော့ နားလည်ပေးမယ်၊ မကြိုက်တဲ့ သူကတော့ အပြစ်ကြီးတစ်ခုလို ပြောနေမှာပဲ။

သူများကို အပြစ်တွေ ပြောနေမဲ့အစား ကိုယ့်ကိုယ်ကိုပဲ ကောင်းအောင် လုပ်တယ်။ မသိခဲ့လို့ မှားခဲ့တဲ့အမှားကို မှားမှန်းသိတဲ့အချိန်မှာ ကိုယ်ဘယ်လိုကောင်းအောင် ပြင်ဆင်မလဲ၊ ကိုယ်ဘယ်လိုရှေ့ဆက်ပြီးသွားမလဲ အဲဒီလိုမျိုးပဲ စဉ်းစားတယ်။

* အမှားအတွက် ပတ်ဝန်းကျင်က လက်ညှိုး ၀ိုင်းထိုးတဲ့ အခါ မိဘတွေ စိတ်မဆင်းရဲအောင် မိုးဟေ ဘက်က ဘယ်လို ကာကွယ်လဲ။ ကိုယ့်ကိုယ်ကိုရော ဘယ်လိုပြုပြင်ထိန်းသိမ်းတာ မျိုးရှိလဲ။

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပါ။ အမှားတစ်ခုကို မှားမှန်းသိပြီး ကောင်းတဲ့ဘက်ကို သွားတယ်။ ကောင်းတာလုပ်ရင် ကောင်းတာပြန်ခံစားရမယ်လို့ နဂိုကတည်းက တွေးထားတယ်။ ဘုရားကလည်း မှားနေတယ်လို့သိအောင် ချက်ချင်း အသိတစ်ခုပေးလိုက်တယ်။ အဲဒီအသိကို ရတဲ့အချိန်မှာ ကောင်းတာတွေပဲ လုပ်ဖို့စဉ်းစားတယ်။

အမှားကိုနည်းအောင် ဆင်ခြင်တယ်။ နောင်ဆို သတိလက်လွတ်နဲ့ ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် မတွေးတော့ဘူး။ မိုးရဲ့ အကျင့်က လုပ်ချင်တာကိုပဲ ဦးစားပေးလိုက်တယ်။ မှားတာမှန်တာ မိုး သိပ်မစဉ်းစားဘူး။

အခု အဲဒီအမှားတွေက မိုးဘ၀အတွက် သင်ခန်းစာတွေပါ။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဘက်ပေါင်းစုံကနေ သေချာ စဉ်းစား၊ သေချာလေ့လာပြီးမှလုပ်တာ အကောင်းဆုံးပဲ။ အချိန်ယူပြီး ဘက်ပေါင်းစုံက လေ့လာလေ၊ ကိုယ့်အတွက်အကျိုးရှိလေ၊ အမှားနည်းလေပဲ။ နောက်တစ်ချက် မိုးရဲ့ အားနည်းချက်က လူတစ်ယောက်ကို အယုံလွယ်တယ်။ ပတ်ဝန်းကျင်က ပြောနေတဲ့ စကားတွေကို မကြားဘဲ မျက်စိလည်း ပိတ်၊ နားတွေ ပိတ်ပြီး ဒီအရာကိုပဲ ယုံကြည်မိတာ အမှားပဲ။

* ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ရိုက်ချိုးခံရရင် ဘယ်လိုခံစားရလဲ။

+ ယုံကြည်မှုတွေ အစော်ကားခံလိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကို ၀မ်းနည်းတယ်။ ကိုယ့်စိတ်လိုမျိုး လူတိုင်း မဟုတ်ကြပါလားဆိုတာ တွေးမိသလို လူတွေကိုလည်း ကြောက်လာတယ်။ အယုံအကြည်လည်း မဲ့သွားတယ်။ လူတိုင်းကလည်း ဒီလိုစိတ်မျိုး မရှိပါဘူးလို့လည်း ကိုယ့်ကိုယ်ကို ပြန်ပြီး ဖြေရတယ်။ ကိုယ့်ရဲ့ ယုံကြည်မှု ရိုက်ချိုးခံရတော့ သူများ သားသမီးကို ကိုယ်ချင်းစာစိတ် မရှိဘဲ အမှန်တရားတွေ မပြောဘဲ ဟန်ဆောင်ဖုံးကွယ်ပြီး သူများ ဘ၀တွေထဲ ၀င်လာပြီး လုပ်ရက်လေခြင်းဆိုပြီး စိတ် မကောင်းဖြစ်၊ ၀မ်းနည်းမိတယ်။

အဲဒါလေး တစ်ခုတော့ တော်တော်လေး ခံစားရပါတယ်။ လူလူချင်း ကိုယ်ချင်းစာစိတ် မရှိလှပါလား။ လူလူချင်း ဗုဒ္ဓဘာသာဖြစ်နေတာတောင်မှ လုပ်ရက်ပါလားဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ ကျန်တာတော့ အားလုံးကို မေတ္တာထားပါတယ်။ ကိုယ့်ကံက ဒီလိုပါလာတော့လည်း ဘယ်တတ် နိုင်မလဲ။

* မိုးဟေရဲ့ စိတ်ရှုပ်ထွေးမှုတွေကို ဘယ်အရာတွေနဲ့ ပြန်ထိန်းလဲ။

+ ”မိုးက အရွယ်လည်းရောက်လာပြီ ဖြစ်သလို စဉ်းစားတတ်လာတဲ့ အချိန်လည်း ဖြစ်လာပြီး ဘေးနားမှာ မိဘ၊ ညီအစ်ကို မောင်နှမတွေ ရှိတယ်။ ဘုရား၊ တရားလုပ်ရင်း ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်လေးတွေက ဘယ်သူ့မှလည်း မထိခိုက်ဘူး ဘယ်သူ့မှလည်း မစော်ကားဘူး။ ကိုယ့်ရဲ့ အလုပ်တွေကို ကောင်းကောင်းမွန်မွန်နဲ့ တာဝန်ကျေအောင် လုပ်တယ်။

ကိုယ်ရေးကိုယ်တာတွေ ဘယ်လောက်ပဲရှိရှိ ရိုက်ကွင်းပေါ် ရောက်တာနဲ့ ပျော်တယ်။ အပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေလည်း ရှိတယ်။ စိတ်ညစ်စရာက လူတိုင်း ကြုံကြရမှာပဲ။ အသက်တစ်ရာမနေရပေမဲ့ စိတ်ညစ်စရာက မျိုးစုံကြုံရတယ်။

ကြုံတွေ့ရမှုတွေကို ပြဿနာတစ်ခု၊ စိတ်ညစ်စရာလို့ မသတ်မှတ်ဘဲ ရင်ဆိုင်စရာရှိ ရင်ဆိုင်၊ ရှေ့ဆက်စရာရှိ ရှေ့ဆက်၊ ဘယ်တော့မှ အရှုံးမပေးဘူး။ လဲကျသွား ခဲ့ရင်တောင်မှ ပြန်ထနိုင်ရမယ်။ လဲသွားပြီဆိုပြီး ကမ္ဘာကြီးကို အရှုံးပေးနေလို့မှ မရတာ။ ပြန်ထနိုင်ရမယ်။ အလဲထိုးနိုင်တဲ့ သူကိုလည်း အမျက်ဒေါသမထွက်ဘဲ မေတ္တာထားမယ်။

ဘယ်တော့မှလည်း အလဲကျမခံဘူး။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်လုပ်တယ်။ ဒီသင်ခန်းစာ အတွေ့အကြုံတွေက ပိုက်ဆံနဲ့ ပေးဝယ်လို့မရတဲ့ ဘ၀သင်ခန်းစာ အတွေ့အကြုံတွေပါ” လို့ မိုးဟေကိုက ဖြေပေးပါတယ်။

မိုးဟေကိုက ရွှေအမြုတေ မဂ္ဂဇင်းမှ မေးမြန်းသမျှကို အချိန်ပေး ဖြေကြားပေးခဲ့တာပါ။ ကျေးဇူးအများကြီး တင်ရှိပါတယ်။

ခရီးမသွားခင် ဓာတ်ပုံရိုက်ပေးတဲ့ ကိုလင်း(Studio-K), မိတ်ကပ် ပြင်ပေးတဲ့ ညီညီမောင်(စမ်းချောင်း)၊ သူငယ်ချင်းဖြစ်သူ မိုးဟေကိုအတွက် ကူညီအကြံဉာဏ်ပေးတဲ့ ဖူးဖူးနဲ့ ဓာတ်ပုံရိုက်ကူးမှုနဲ့ ပတ်သက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

MHK_2
MHK_shwe

Click on picture to read related post
Moe Hay Ko's ex

Filed under Asia Entertainment, Myanmar/Burmese | 3 Comments » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

04th Jan 2013

Get ready for Coca-cola, made in Myanmar

Coke_bottle-500x500

coca-cola

မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံတည်ထောင်ခွင့်အား ဒီဇင်ဘာလ ၂၈ ရက်နေ့က MIC မှချထား Coca-Cola မှ အရက်မပါသည့် အသင့်သောက် အဖျော်ယမကာများအပြင် ရေသန့်ကိုပါ ထုတ်လုပ်ရောင်းချမည်
credit to : Eleven Media Group

Filed under shweDarling | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

Join shwedarling.com mailing list

email:

Powered by NotifyList.com
Page 676 of 1,457« First...673674675676677678679...Last »

Recent Posts


“ဗမာကျွန် ဆိုပဲ”
Filed under Articles, Asia Entertainment, Myanmar/Burmese, Notes on January 18, 2018

အောင်မင်္ဂလာကားဝင်း ကဓားပြ များ
Filed under Asia Entertainment, Beauties & Hunkies & Couples on January 17, 2018

သိပ် ဆိုးတဲ့ သူ
Filed under Asia Entertainment, Beauties & Hunkies & Couples on January 15, 2018

Pan Pan at Tamwe Police Station
Filed under Asia Entertainment, Beauties & Hunkies & Couples on January 13, 2018

GiLA
Filed under Asia Entertainment, Beauties & Hunkies & Couples on January 13, 2018

Tun Peal Yadana
Filed under Asia Entertainment, Beauties & Hunkies & Couples on January 12, 2018

Baby R Narni
Filed under Asia Entertainment, Beauties & Hunkies & Couples on January 10, 2018

ကျွန်မရဲ့ ကျပ်သိန်း ၁၂၀ တန် အတွေ့အကြုံ
Filed under shweDarling on January 10, 2018

Mya Phoo Pwint Nwe
Filed under Asia Entertainment, Beauties & Hunkies & Couples on January 10, 2018

Good News!
Filed under Asia Entertainment, Beauties & Hunkies & Couples, Knowledge Base on January 9, 2018

မှတပါး၊အခြားမရှိပြီ။ ။
Filed under Asia Entertainment, Beauties & Hunkies & Couples on January 8, 2018

Stories behind Ye Htwe Aung murdered
Filed under Articles, Asia Entertainment, Knowledge Base, Myanmar/Burmese on January 3, 2018

Aung Ye Htew passed away!
Filed under Asia Entertainment, Beauties & Hunkies & Couples on January 2, 2018

Sandy Myint Lwin is getting married!
Filed under Asia Entertainment, Beauties & Hunkies & Couples on January 1, 2018

Yun waddy Lwin Moe is getting married soon!
Filed under Asia Entertainment, Beauties & Hunkies & Couples on December 31, 2017

G Fatt’s Birthday
Filed under Asia Entertainment, Beauties & Hunkies & Couples on December 31, 2017

“ဟာလေးလျူးယား”
Filed under Articles, Asia Entertainment, Beauties & Hunkies & Couples, Knowledge Base, Myanmar/Burmese, Notes on December 27, 2017

2017 ရဲ့ စာတစ်ပုဒ်
Filed under shweDarling on December 26, 2017

Bubble Shooter Game ( Play more Games )

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter

You might also like...
Most popular posts
Have you read these?