Page 8 of 1,062« First...567891011...Last »
27th Sep 2014

It’s true!

IMG_447008268813819

Filed under Humor | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

25th Sep 2014

ငါ့ ဖက် က မှားတာပါ

image

credit to Oo Zaw Min

အစိုးရ ဝန်ကြီးတစ်ဦးရဲ့  ပြည်သူကို ပြောတဲ့ စကားတဲ့ ဗျာ 2015 မှာ သူ တို့ အဖွဲ့  ကို မဲပေးအုံးမယ် ဆိုရင်တော့  ကျွန်တော်တို့  နွားဖြစ်ပါပြီဗျာ

Filed under Humor | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

25th Sep 2014

“ငါ မင်းကို သတ်ချင်တယ်”

ကိုယ်တို့လူ့ဘောင်အသိုင်းအဝိုင်းကြီးဟာအရင်ကနဲ့စာရင် ဒေါသမီးတွေတဟုန်းဟုန်း

လောင်မြိုက်နေတယ် လို့ ပြောရင် ဟုတ်တော့ဟုတ်သလိုလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သည်းခံနိုင်စွမ်းအား လျော့နည်းလာတယ်။ ထစ်ကနဲရှိ စိတ်လိုက်မာန်ပါ တုန့်ပြန်ဖို့လည်းဝန်မလေးကြဘူး။ လူ့အသက်တစ်ချောင်းဆိုတာများ ကိုယ်နဲ့ မပတ်သက်ရင် ဖက်ရွက်လောက်တောင် တန်ဖိုးမထားကြတော့ဘူး။ရေခဲတောင်ပေါ် လူနှစ်ယောက်ပျောက်လို့ လိုက်ကယ်တာတောင် ကောင်းချီးသြဘာ မပေးချင်ကြဘူး။အလုပ်မရှိလို့ သန်းရှာတယ်ပဲ ထင်ကြတာ။ နာဂစ်တုန်းက အဲ့လိုသာ စေတနာကောင်းကလေးထားခဲ့ရင်လူနှစ်သိန်းဘယ်သေမလဲလို့ တွေးကြတာကိုး။ တကယ်တော့ အဲသည်လူနှစ်သိန်းကို ပစ်ထားရက်တဲ့စိတ်ဓါတ်မျိုးကိုယ့်ဆီမှာလည်း ငုတ်လျိုးနေလို့သာ အခုလို ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကြီးမှာ ဝမ်းမသာနိုင်ဖြစ်ရတာပေါ့။ လူ့အသက်ဆိုတာ ကိန်းဂဏန်းတန်ကြေးအများကြီးနဲ့ မြှောက်လိုက်မှ တန်ဖိုးတက်လာတာမဟုတ်ပါဘူး။ လူ့အသက် တစ်ချောင်းတိုင်း တစ်ချောင်းတိုင်းဟာ ကာယကံရှင်အတွက် ဘာနဲ့မှ အလဲအလှယ်လုပ်လို့မရအောင်တန်ဖိုးကြီးပြီးသားပါ။ ဒါပေမယ့် အဲသည်တန်ဖိုးကို လူတွေရဲ့ အတ္တက ဖုံးကွယ်ထားလို့ ကိုယ်နဲ့မဆိုင်ရင်ကိုယ်နဲ့ မပတ်သက်ရင် အနေသာကြီးပဲ လို့ လှစ်လျူရှုတတ်လာသလို ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာမှာစိုးရင်ဘယ်လောက်သတ်ရသတ်ရ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဖြစ်လာကြတာပေါ့။

လူတစ်ယောက်တလေမှာအဲလိုစိတ်ဓါတ်မျိုးဝင်လာရင် သိပ်မသိသာပေမယ့် လူငယ်လူရွယ် ကလေးသူငယ်အများစုမှာ ပါဏာတိပါတာကံကိုအဲသည်လောက် လက်ယဉ်လာရင် ဘာတွေဖြစ်လာမလဲ တွေးကြည့်မနေပါနဲ့လေ။ အခုလက်ငင်းဒိဋ္ဌကို

တွေ့နေမြင်နေကြုံနေရပြီမဟုတ်ဘူးလား။ ခေတ်ကာလ သားသမီးတွေများ ကောင်းကိုမကောင်းဘူးလို့ ဝမ်းမြောက်ဝမ်းသာ ဖော်လိုလိုက်မယ်မကြံနဲ့နော်။ သူတို့မကောင်းတာ အကုန်လုံး ကိုယ့်အပြစ်ချည့်ပဲ။ ကိုယ်က သူတို့ရှေ့မှာဘယ်လိုရှေ့ဆောင်လမ်းပြလုပ်ခဲ့သလဲ။ သူတို့ကြီးပြင်းရာ ပတ်ဝန်းကျင်မှာ ဘာတွေနဲ့ ယဉ်ပါးရင်းနှီးစေခဲ့သလဲ။ကိုယ်ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ ကျေးညီနောင် ပုံပြင်ကလေးလည်း ပြန်အမှတ်ရလိုက်ပါဦး။

အခုခေတ်ကလေးတွေမှာ ဂိမ်းမကစားဖူးတဲ့သူဆိုတာ မရှိသလောက် ရှားတယ်။အဲသည်ဂိမ်းတော်တော်များများက အမှတ်တွေအဆင့်တွေ တက်လာချင်ရင် ရန်သူကို ကျွမ်းကျွမ်းကျင်ကျင်သတ်ဖြတ်နိုင်ရတယ်။ ကိုယ့်လက်က ခလုတ်ကလေး တော့ကာတော့ကာ ပစ်လိုက်လို့ တဘက်လူတွေ အတုန်းအရုန်းသေကြေကုန်ရင် အားရဝမ်းသာ တက်တက်ကြွကြွ ထအော်ကြတယ်။ တကယ့်အသက်မဟုတ်ပေမယ့်လည်း သူများကိုလက်ဦးအောင် သတ်လိုက်ရတာ သိပ်အရသာရှိတာပဲ လို့ ကလေးတွေစိတ်ထဲမှာ ခံစားလိုက်ရပြီး လက်ရဲဇက်ရဲရှိမှကိုယ်ကသူများကို အနိုင်ရမယ်လို့ စိတ်ထဲမှာ စွဲသွားစေတယ်။

ကလေးလေးတွေကစားတာဟာ တကယ့်လက်တွေ့ဘဝမှာ သက်ရောက်မှု မရှိနိုင်ဘူးလို့ ထင်သလား။ ကိုယ်တွေငယ်ငယ်တုန်းကဆရာမ နဲ့ ကျောင်းသားလုပ်ပြီး ကစားပုံမျိုး၊ ဆရာဝန် နဲ့ လူနာလုပ်ပြီး ကစားပုံမျိုး၊အနှီးဟောင်းကလေး ရေသီနားလုပ်ပြီး ကတမ်းခုန်တမ်း ကစားပုံမျိုး၊ အိုးပုတ်ချိုးရုပ်ကလေးတွေနဲ့ဈေးဝယ်တမ်း၊ ဟင်းချက်တမ်းကစားပုံမျိုး အခုကလေးတွေ ဘယ်သူမှ မကစားကြတော့ဘူး။ ရွှေစွန်ညိုဘာကိုလိုလို့ဝဲပါတယ် သူတို့မကြားဖူးဘူး။ ရွှေစော်နံရင် ပြန်လိုက်ဦး ဆိုတာလည်း ဘယ်ကစားနည်းမှန်းမပြောတတ်ဘူး။ မအေးခြင်ထောင် ဘယ်လောက်ပေးရမှန်းတောင် သူတို့ မသိကြတော့ဘူး။ သူတို့ကစားတဲ့အသံတွေနားထောင်လိုက်ရင် “အင်းဟာ။ ကိုင်းဟာ။ ရော့ကွာ။ သေ သေ သေ။ ဟိုင်းယား။” အဲ့ဒါတွေပဲ ကြားရတော့တယ်။ကလေးတွေ ညအိပ်ရင်ကော ဘာတွေယောင်မလဲ။ “မင်္ဂလာပါ ဆရာမ” တော့ မဟုတ်လောက်ဘူး။ “ချကွ။ သတ်ကွ။”ပဲ ဖြစ်ဖို့ရှိတယ်။

ငယ်ငယ်က ဆေးကုတမ်းကစားတိုင်း ကြီးလာတော့ ဆရာဝန်ဖြစ်လာတယ် မဆိုလိုပါဘူး။ဒါပေမယ့် အဲသည်ကလေးလေးတွေ စိတ်ကူးယဉ်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း တစ်ခုမှ မပါဘူး။ ရသေ့ကျောင်းသင်္ခန်းထဲရောက်သွားတဲ့ ကျေးသားကလေးလို နေမှာပေါ့။ အနည်းဆုံးတော့ ဆရာမလုပ်ကစားတဲ့ကလေးလေးဟာ သူ့ပါးစပ်ကမအေနှမ မိုးမွှန်ပြီး ထွက်မလာတာတော့ သေချာတယ်။ ဂိမ်းကစားတဲ့ကလေးတွေ ဘာတွေအော်သလဲ သိချင်ဂိမ်းဆိုင်မှာ ၁၅ မိနစ်လောက် သွားထိုင်ကြည့်။ ကလေးတွေ သူ့ဘာသာ ငြိမ်နေရင်ပြီးရော လို့ပစ်ထားတဲ့ ပတ်ဝန်းကျင်ဟာ သူတို့လေးတွေအတွက် သိပ်ပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် လို့မိဘတွေ မသိကြဘူးလေ။

သည်လိုမထားချင်လို့ ကလေးတွေကို သူတို့ဘာသာဘာဝ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားစေဖို့ဆိုတာကလည်း သည်ကနေ့ သည်အချိန် သည်မြို့ပြယဉ်ကျေးမှု အခြေအနေနဲ့ မဖြစ်နိုင်တော့ဘူး။ ပလက်ဖောင်းဆိုတာကိုယ်ငယ်ငယ်က ကစားလို့ရတယ်။ အခုတော့ ဈေးဆိုင်တွေခင်းထားလို့ လူတောင် ကားလမ်းမ ဆင်းလျှောက်နေရတယ်။ကျောင်းတွေမှာလည်း အဆောင်သစ်တွေ တိုးရင်းတိုးရင်း ကစားကွင်းတွေ ပျောက်ပျောက်လာတယ်။ကျောင်းလာတာ စာသင်ဖို့လေ။ ကစားဖို့မှ မဟုတ်တာ။ အကျိုးဆက်က ကလေးတွေမှာ ကစားဖော်ကစားဖက်ငယ်ဖော်ရယ်လို့ မရှိတော့ဘူး။ သူတို့အချင်းချင်း ရင်းရင်းနှီးနှီး ဆက်ဆံတဲ့အချိန် နည်းလာတယ်။မိဘတွေ ဆရာတွေက သူ့ထက်သာ မနာလို ပြိုင်ဘက်စိတ်တွေ မွေးတတ်လာအောင်ပဲ သင်ပေးတယ်။ ကိုယ်တွေငယ်ငယ်တုန်းကတော့ကလေးချင်း သည်ကနေ့ရန်ဖြစ်ရင် နောက်တစ်နေ့ကျ လည်ပင်းပြန်ဖက်တာပဲ။ မိဘကို တိုင်မိရင်လူကြီးအချင်းချင်းသာ အဖတ်တင်ကျန်ခဲ့တယ်။ ကလေးတွေကတော့ အမှတ်သည်းခြေမရှိဘူးလို့ အပြောခံရတာ။သည်ကနေ့ကလေးတွေဟာ ကျောင်းကိုရောက်နေသော်လည်းပဲ သူတို့အချင်းချင်း မရင်းနှီးပဲ မိဘကိုသာပုဏ္ဏားတိုင်ထား ဆက်သွယ်တယ်။ ကျောက်သင်ပုန်း မသုံးတဲ့အတွက် သင်ပုန်းချေတယ်ဆိုတာ ဘာပြောမှန်းသူတို့ မသိကြတော့ဘူး။

ကလေးလေးတွေ အတုယူစရာ မိဘပတ်ဝန်းကျင်၊ မိသားစုပတ်ဝန်းကျင်ကရော၊သူတို့အတွက် ဘာတွေကို အတုခိုးမိစေမလဲ။ လူဖြစ်ရတဲ့ဒုက္ခမှာ ကိုယ်တို့မြန်မာပြည်က ဒုက္ခကသူများနိုင်ငံမှာ ခွေးဖြစ်ရသလောက်တောင် မကောင်းဘူး။ ရှင်သန်ရပ်တည်မှုအတွက် ဘာမဆို အကုန်လုပ်ရတယ်။လေကိုမရှူ ငွေကိုရှူကြတဲ့အရပ်။ လုပ်ချင်တာတွေ လုပ်ချင်တိုင်းလုပ်ခဲ့။ ပိုက်ဆံတွေရှိလာတဲ့တစ်နေ့အကုသိုလ်တွေ အားလုံးကို ခဝါချပြီး ဘုရားဒကာကြီး လုပ်လို့ရတယ်။ အဲသည်အဆင့်အတန်း မရောက်နိုင်သေးတဲ့သူတွေအားလုံးလုပ်သမျှခံရတဲ့ သားကောင်ဘဝမှာပဲ ရှိတယ်။ အဲသည်တော့ ကိုယ့်မိဘဘိုးဘွား ဗိုလ်ချုပ်အဆင့်လောက်မှမရှိရင် သူသူကိုယ်ကိုယ် ကိုယ့်အထွာနဲ့ကိုယ် ပြဲလန်နေအောင် ရုန်းကန်ကြရတယ်။ ဘယ်သူမှမသာယာနိုင်ဘူး။ ကလေးတွေ ပညာရေးအတွက် ငွေတွေလမ်းခင်းပေးဖို့လိုတယ်။ အဲ့ဒါလေးပဲ နိုင်အောင်ရုန်းကြည့်စမ်းပါဦး။ဘယ်ဖအေမှ အိမ်မှာ ကိုယ့်သားကိုယ့်သမီးနဲ့ မောင်ငယ်ရင်သွေး နာဘိသေးလော့ အချိန်မပေးနိုင်ဘူး။ကလေးတွေမလည်း ကျောင်းရယ်၊ ကျူရှင်ရယ်၊ ဂိုက်ရယ်နဲ့ ဒယ်ဒီ ဖားသား ဖေဖေကို မောနင်း အီးဗနင်းနှုတ်ဆက်နိုင်ရင် တော်လှပေါ့။ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ။” ဆိုတာ ကျောင်းတွေမှာ မသင်တော့ဘူး။စာမေးပွဲမှာ မမေးလို့။ သူတို့ကြီးလာတဲ့အခါ “အို ဖေတို့မေတို့ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင်ဆိုတဲ့ ဝတ်တွေလည်း မကျေပွန်ကြပါလား” လို့ တရားလိုက်စွဲနေမှ ဒုက္ခ။ လောကနီတိ၊ ပြည်သူ့နီတိဘာဆိုဘာမှ မသိတဲ့ကလေးတွေကို လိမ်မာယဉ်ကျေး မယ့်ရင်သွေးဖြစ်အောင် ဘယ်လိုသင်ကြမလဲ။ ကိုယ်ကဖြင့်လိမ်မာအောင် မသွန်သင်နိုင်ပဲနဲ့ ကလေးတွေကို မိုက်ရန်ကော လို့ ပြောရတာ ရှက်စရာကောင်းသပ။

ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ဟာ ကာယကံရှင်ရဲ့ စိတ်နေသဘောထားအပေါ် အများကြီး လွှမ်းမိုးမှုရှိမှန်းကိုယ်တိုင်သတိထားမိပါတယ်။ ဘူတန်မှာ နှစ်နှစ်အလုပ်လုပ်ခဲ့တုန်းက မိသားစုနဲ့ ဝေးနေရတာကလွဲလို့စိတ်ဖိစီးမှု မရှိသလောက် နည်းတယ်။ ညနေခင်းတိုင်း ညခင်းတိုင်း ကိုယ်ပိုင်အားလပ်ချိန်သာသာယာယာရတယ်။ အဲသည်အခါ အိမ်ကိုလွမ်းတိုင်း နားထဲမှာ သီချင်းသံကလေးတွေချည့် ကြားယောင်တယ်။အိမ်မှာလည်း သီချင်းဖွင့်ထားတာများတယ်။ ဘယ်သူ့ကိုမှ စိတ်တိုတယ် ဒေါသထွက်တယ် မရှိဘူး။စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလည်း ကြည်ကြည်လင်လင် ရှိတယ်။ အမ်း မှာလည်း သိပ်အဆိုးကြီး မဟုတ်ဘူး။နေတတ်တယ်။ တစ်နေ့ ၂ နာရီသာ လာတဲ့လျှပ်စစ်မီးနဲ့ ၈ နာရီ မထိုးခင်လာတဲ့ ကိုရီးယားဇာတ်လမ်းတွဲကလေး ဆုံးအောင် ကြည့်ဖူးတယ်။ ညမီးမှောင်ရင်အိပ်ပြီး မနက် လင်းရောင်လာရင် အလိုလိုနိုးတယ်။ နာရီ မပတ်ဖြစ်ဘူး။ အိပ်ချိန်၊ စားချိန်၊အလုပ်ချိန်၊ ရေချိုးချိန် ခန္ဓာကိုယ်ရဲ့ နှိုးစက်ကနေ အလိုလို သိတယ်။ အမ်းမှာလည်း ရန်ဖြစ်စရာလူရှာမရခဲ့ပါဘူး။

ရန်ကုန်မှာတော့ မသာယာနိုင်ဘူး။ မနက်လင်းရင် ရှစ်နာရီခွဲလောက်

ဆေးရုံကိုရောက်အောင်သွားရတယ်။ နောက်ကျရင် ဘော့စ်က ဆူလို့ မဟုတ်ဘူး။ ကိုးနာရီလောက်ဆို ကားတွေ ပိတ်ကုန်လို့မရောက်တော့ဘူး။ ဆေးရုံကိုရောက်ပြီးရင် ဘယ်ကိုမှ ပြန်ထွက်ဖို့ မစဉ်းစားနဲ့။ လမ်းတွေအကုန်ပိတ်ကုန်ပြီ။ ညနေပိုင်းတွေမှာ မိုးကြီးစုပ်စုပ်ချုပ်တဲ့အထိ ကားလမ်းမပေါ်မှာ တန်းစီရင်းဘီးလှိမ့်ရတယ်။ သမီးကျူရှင်တွေ ကြိုတဲ့အလုပ်နဲ့ ပို့တဲ့အလုပ်ကြားမှာ အိမ်ကိုပြန်ပြီးမှနောက်တစ်ခေါက် ပြန်လာလို့မရဘူး။ အဲသည်အနီးအနားမှာ တစ်နေရာရာ အချိန်ဖြုန်းပြီး တခါတည်းစောင့်ကြိုရတယ်။အစပိုင်းတော့ အင်တာနက်ဆိုင် ဝင်ထိုင်တယ်။ နောက် နေ့တိုင်းလိုလိုဆိုတော့ ပျင်းလာရော။သည်လိုနဲ့ အလကားနေအလကား Gym ဝင်ဆော့ဖြစ်ပြန်တယ်။ ပြီးတာနဲ့ သမီးဆီပြန်ပြေးပေါ့။ လမ်းကြောင်းတွေအားလုံးကိုကားအရှင်းဆုံးနဲ့ တစ်ခေါက်တည်း ပြီးမယ့် ခရီးစဉ် ဆွဲထားရတယ်။ ဟိုကသည် သည်ကဟို နှစ်ခါသုံးခါလောက်ဆိုအသက်ထွက်ရချည်ရဲ့။ ရွှေဂုံတိုင်တုန်းကလည်း သည်းခံခဲ့ရတယ်။ လှည်းတန်းကျတော့လည်း သည်းခံခဲ့ရတယ်။ဘုရင့်နောင်ဆို ယောင်လို့တောင် မသွားတော့ဘူး။ ကိုယ့်အိမ်ကမိသားစု မဟုတ်ရင် အသုဘတောင်လိုက်မပို့ဖြစ်တော့ဘူး။ အခုလာပြန်ပြီ မြေနီကုန်းတဲ့။ ကံထရိုက်ရတဲ့သူသာ သူဌေးဖြစ်သွားမှာလမ်းတွေကတော့ ကြပ်ဦးမှာပဲ။

ကိုယ်ပိုင်ကားကလေးနဲ့မို့သာသာယာယာ မောင်းနေရလိမ့်မယ်လို့ မထင်နဲ့။ ခေါင်းချင်းတည်ပြီး တိုက်ပလိုက်ချင်တဲ့စိတ်တွေနေ့တိုင်းလိုလို ဖြစ်တယ်။ လက်ညှိုးလေးတစ်ချောင်းထောင်ပြီး ဖြတ်ဖြတ်ဝင်လာတာ၊ ကိုယ့်ယာဉ်ကြောပေါ်မှာမျက်နှာချင်းဆိုင်ပြီး လမ်းပြောင်းပြန်ကြီး မောင်းဝင်လာတာ၊ မီးနီကြီးမှာ အတင်းလုပြီးဝင်လာတာ၊ တစ်လမ်းမောင်းစာပဲ ရှိတဲ့ယာဉ်ကြောမှာ လမ်းပိတ်ရပ်ပြီး လူက ဘယ်ရောက်နေမှန်းမသိတာ၊ဒေါသထွက်စရာတွေ ရေးပြလို့ မကုန်နိုင်ဘူး။ ညဘက် အိမ်ပြန်ရောက်လို့ လည်း ကားရပ်စရာနေရာကမရပြန်ဘူး။ ကိုယ့်လမ်းကိုယ် သုံးခေါက်လောက် ပြန်ပတ်ယူရတယ်။ ဝါးလုံးကျိုး ခွေးခြေစုတ်ကလေးချထားရုံဆိုဖယ်ပြီး ရပ်ကြလွန်းလို့ အိမ်ဖော်ကောင်မလေးတွေ ငုတ်တုတ်ထွက်ထိုင် စောင့်ခိုင်းထားကြတယ်။သူတို့ကားမလာမချင်း ဘယ်သူမှ မရပ်ရ။ ကိုယ်လည်းပဲ သည်လမ်းနေတာ ၁၅ နှစ်မက ရှိပါပြီ။ ဒါပေသိဘယ်အိမ်ရှေ့မှ ကားသွားထိုးဖို့ စိတ်မကူးနဲ့။ အိမ်ရှေ့ကတ္တရာလည်း သူတို့ပိုင်သတဲ့။ မသိချင်ယောင်ဆောင်ပြီးရပ်မိရင် နောက်နေ့ကျ ကားခေါင်းမှာ ပိန်နေလိမ့်မယ်။ ကားဘီးပေါက်တာ လေလျော့တာချည့်ပဲ နှစ်ခါ သုံးခါ။(ငါ့နှယ် ဆံပင်ညှပ်ဆိုင်ရှေ့များ သွားရပ်မိလား မသိပါဘူး) မသိတဲ့လူတွေကဖြင့် သည်ဆရာဝန်ကားပေါ်ရောက်သွားရင် မျက်နှာ ရှစ်ခေါက်ချိုးနဲ့ လို့ ထင်ကြမှာပဲ။ သည်ကတော့ ကားကြီးကန့်လန့်ရပ်ထားခဲ့ပြီးလမ်းသာဆင်းလျှောက်ချင်တော့တယ်။ အဲသလိုနဲ့ပဲ ကိုယ့်ရုပ်ကြီးဟာ ရန်ကုန်ကိုပြန်ရောက်ကာမှမှုန်ကုပ်ကုပ် အပြုံးမဲ့မျက်နှာကြီး အဖြစ် အိုစနာကျရလေတယ်။ ဒါတောင် ဘာအကုသိုလ်မှ မတက်ရသေးဘူး။

ကိုယ်လိုပဲ မွန်းကြပ်နေတဲ့ ပတ်ဝန်းကျင်က ဖိစီးမှုတွေကို လူတိုင်းလိုလိုခံကြရမှာပါပဲ။ မတူတာက ဘယ်လိုထွက်ပေါက် ရှာသလဲပေါ့။ ချုပ်တည်းထားရတဲ့ အလိုမကျမှုတွေကိုကိုယ့်အပေါ် အန္တရာယ် မဖြစ်လောက်ဘူးလို့ ယုံကြည်နေတဲ့အခါမှာ စိတ်ချလက်ချ ဖောက်ခွဲထုတ်ကြရုံပေါ့။နေရာတိုင်းမှာတွေ့ရတဲ့ ဒေါသထွက်နေသော လူအုပ်ကြီးဆိုတာ ကိုယ့်ဆီကလူတွေ လုံးဝမပါပါဘူးလို့မငြင်းနိုင်ဘူးလေ။ ဆွပေး မြှောက်ပေးတဲ့သူနဲ့တွေ့ရင် နှစ်ခါမခေါ်ရပါဘူး။ “မင့် အရေးမယူစေရပါဘူး”လို့သာ အာမခံလိုက်၊ မလုပ်ရဲတာ ဘာမှ မရှိစေရ။ ဗမာ့သတ္တိ ကမ္ဘာကသိရမည်။ (လုပ်ရဲတာသက်သက်ပြောတာခံတာတော့ အ တဲ့ကောင်ခံ။) နှစ်ဦးချင်း နှစ်ယောက်ချင်း ထိပ်တိုက်တွေ့ရတဲ့ ပဋိပက္ခတွေမှာဆိုရင်လည်းအားကြီးတဲ့သူက အားနည်းတဲ့သူကို ဘယ်သောအခါမှ ညှာတာရကောင်းမှန်း မသိတော့ဘူး။ ဒေါသအလျောက်တဆုံးတစ စီရင်တတ်လာကြတယ်။ အသက် ၂၀ ကျော်လေးနဲ့ ကိုယ့်မိန်းမကိုယ် ခေါင်းသေနတ်နဲ့ တေ့ပစ်တဲ့သူကိုလည်းသက်သေလိုက်ခဲ့ဖူးတယ်။ ရည်းစားကို ဓါးနဲ့ထိုးတဲ့အမှုမျိုးတွေဆိုတာ ထူးတောင် မထူးဆန်းတော့ဘူး။မှုခင်းတွေက နဂိုကတည်းက ရှိဖူးနေတာဆိုပေမယ့်လည်း ထူးခြားလာတာက ပြစ်မှုကျူးလွန်သူတွေ အသက်ကငယ်ငယ်လာတယ်။ တရားခွင်မှာ သူတို့ကို မြင်ဖူးရင် သဘောပေါက်လိမ့်မယ်။ ဘယ်သူကမှ မှားပါတယ်နောင်တမရကြဘူး။ ထီမထင်တဲ့ မျက်နှာထားမျိုး ရှိကြတယ်။

မူးယစ်၍စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုတာ တချို့မှုခင်းတွေမှာ ပါတယ်။ တချို့မှာ မပါဘူး။အဲသည်ဆေးတွေကလည်း ကလေးတွေ ပတ်ဝန်းကျင်မှာ အလွယ်တကူရနေနိုင်တယ် ဆိုတာလည်း မငြင်းနိုင်ဘူး။အမူးသမားများ ဘယ်လောက်မူးမူး ချေးကျွေးတော့ မစားပါဘူးဆိုသလိုပဲ ဒေါသထွက်ပါတယ်ဆိုတဲ့သူတွေကလည်းဘယ်လောက်ဒေါသကြီးကြီး သူတို့က နိုင်စားလို့မရတဲ့သူတွေဆိုရင် မနိုင်၍ သည်းခံရခြင်းသည်လည်းကောင်းကို ကောင်းကောင်းနောကျေတယ်။ သူတို့ကိုဘာမှ ပြန်မလုပ်နိုင်ဘူးဆိုတာ သေချာမှ ဒေါသစိတ်တွေကိုစိတ်ရှိလက်ရှိ ဖောက်ခွဲထုတ်တယ်။ မြွေပါလည်းဆုံး သားလည်းဆုံးဆိုတာ နှစ်ကောင်စလုံးက ကိုယ်နိုင်တဲ့အကောင်တွေမို့လို့ဆုံးတာ။ အစကတည်းက မြွေကိုမြင်ထားရင် ဒေါသထွက်တဲ့ဆီတောင် မရောက်လိုက်ဘူး။ (ကြောက်တဲ့စိတ်မှာရပ်သွားတယ်လေ။ ဒေါသ မဖြစ်ရဲတော့ဘူး)

အားလုံးခြုံကြည့်လိုက်တဲ့အခါလူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ထွက်ပေါက်ပိတ်နေတဲ့ ဖန်လုံအိမ်အာနိသင်ကြီးလို ဒေါသစိတ်တွေနဲ့ပူလောင်လာရတယ်။ မသာယာတော့ဘူး။ မအေးချမ်းတော့ဘူး။ လူတွေကို ယဉ်ကျေးအောင် ဆုံးမရမယ့်ဘုန်းကြီးရဟန်းများဆီက နာရကြားရတဲ့ တရားတွေတောင် “နေစရာ မရှိအောင် လုပ်ပလိုက်ရမလား။စားစရာ မရှိအောင် လုပ်ပလိုက်ရမလား။” ဖြစ်လာတယ်။ ရွှေပြည်အေးတရား သွားဟောရင်တောင် ကိုယ့်ခေါင်းဖြတ်သတ်ကြမယ့်သဘောရှိသဗျ။ ပြေရာပြေကြောင်း ပြောသူမှန်သမျှ နားခါးတယ်။ မကြားလိုဘူး။ မီးလောင်ရာ လေပင့်ပေးမယ့်သူကိုသာအလိုရှိတာ။ ငြိမ်းချမ်းရေးတရားဟောတဲ့သူဆို လုပ်စားကိုင်စား အချောင်သမားလို့ သဘောထားတယ်။သည်အပူချိန်မှာ သည်ပြည်ရွာကြီးမှ မလောင်မြိုက်ရင် လောင်မြိုက်စရာ ရှိမှာ မဟုတ်တော့ဘူး။

လွယ်ပါတယ်ကွာ။ငါတို့လည်း ငါတို့ဒေါသတွေကို ငါတို့တတ်နိုင်တဲ့နည်းနဲ့ ဖောက်ခွဲထုတ်ကြတာပေါ့။ နိုင်ငံခြားမှာရောက်နေတဲ့သူတွေ။ အစိုးရကို ထိုင်သာဆဲကြ။ စစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ အယုတ်တမာအစိုးရ၊သဒေါင်းဇားအစိုးရ၊ ပြောချင်တာပြော။ ခင်ဗျားတို့ ဘယ်သူမှ လာမဖမ်းဘူး။ “ဒါတွေပြောပြီးပြန်သွားရင် ကျွန်တော့်သတ်မှာဗျ” လို့ ငိုခြင်းလေးချပြီး အဆိုင်လမ်ခံလို့တောင် ရသေး။“ပြည်တွင်းကကောင်တွေ၊ ဆိတ်လဇိတွေ၊ အာဝါဒါးတွေ၊ အခွင့်အရေးသမားတွေ၊ ဆင့်အဝှာမျှော်နေတဲ့ခွေးတွေ၊”လို့ ဆဲချင်ဆဲလိုက်ဦး။ ကျုပ်တို့ကလည်း ခင်ဗျားတို့ကို ကွန်မန့်တောင် ပြန်မပေးနိုင်ပါဘူး။ကိုယ်တို့ဆီမယ် MPT ရဲ့ ပဋိစသမုပတ် စက်ရဟတ်ကလေး အဆက်မပြတ်လည်နေတာ ကသိုဏ်းရှုနေရလို့ပထမဈာန်တောင် ရတော့မယ်။ ဒါလည်း မနိုင်၍သည်းခံရခြင်းပ။ ခန္တီပါရမီဘက်မှာတော့ မြန်မာပြည်သားတွေတော်တော်ရင့်သန်နေကြပြီ။

ကျောက်ရေတွင်းတောင် ရောက်လုပေါ့။ တက်ညီလက်ညီ ရန်ဖြစ်ချင်သပဆိုရင်တော့အင်္ဂဝိဇ္ဖာသဘောအရ သူရဇ္ဇ၊ ဘောမ၊ ဂုရုဆိုတဲ့ လက်ခစားလော်ဘီများ ရှိလေရဲ့။ ဆယ်လီဗျစ်တီ ချစ်တုံးကြီးတွေတောင်ပေါ်ထွက်လို့လာချေပြီ။ တုတ်တုတ်ချင်း ဓါးဓါးချင်း မိုးမွှန်အောင်ကလော်တုပ်လို့ ကီးဘုတ်ကြီးနဲ့နိုင်ငံတော်ကို ကယ်တင်ရစ်လေလော့။

တကယ်တော့မီးကိုမီးနဲ့ ငြှိမ်းလို့ ဘယ်တော့မှ မငြိမ်းဘူး။ အခုဖြစ်နေတာ ဒေါသစိတ်ကြောင့် ဖြစ်နေတာလေ။ဒေါသကို အောင်နိုင်တာ

မေတ္တာတစ်ခုပဲ ရှိတယ်။ တခြား ဘာမှ မရှိဘူး။ မသိမှု အဝိဇ္ဖာကြောင့်ငါ နဲ့ တခြားသူနဲ့ အမုန်းပွားပြီး ဒေါသတွေထွက်နေတယ် လို့ထင်တာ။ အမှန်မှာက ဒေါသဖြစ်တာလည်းကိုယ့်စိတ်ထဲမှာ ဖြစ်တာ၊ မုန်းတီးစိတ်ကလည်း ကိုယ့်စိတ်ထဲမှာသာ ခံစားရတာ။ အဲသည်စိတ်တွေလောင်မြိုက်နေတာရပ်အောင် ကိုယ့်စိတ်ထဲမှာ မေတ္တာစိတ်ကှို မွေးမြူယူရမှာ။ ဟိုလူကို သတ်ပလိုက်ရမှငါ့ဒေါသတွေ ပြေပျောက်သွားမယ် လို့ ထင်နေတာ အမှား။ အချိန်တစ်ခုယူလိုက်ပြီး သွေးအေးသွားတဲ့အခါအဲသည်ဒေါသစိတ်က အလိုလို ပျောက်သွားမှာ။ ဒေါသစိတ်ကြောင့် လူတစ်ယောက်ယောက်ကို ဘယ်လိုမှသည်းညည်းမခံနိုင်တော့ဘူး လို့ ဖြစ်လာခဲ့ရင် ခဏလောက် ရှောင်နေပြီး ကိုယ့်စိတ်ထဲမှာလောင်မြိုက်နေတဲ့ မီးကို အရင် သတ်နှင့်။ ပြီးမှ ဆက်စကားပြော။ ဒေါသကြီးလာလေလေ။ သူများစကားနားမထောင်တော့ပဲ ကိုယ်ကချည့်ပြောမယ်။ ပြောရင်းပြောရင်း စိတ်မထိမ်းနိုင်ပဲ စိတ်နောက်ကိုယ်ပါဖြစ်လာမယ်ဆိုရင် ခြေလွန်လက်လွန် ဖြစ်ဖို့ပဲ ရှိတယ်။ ဆင်ခြင်ဥာဏ်တွေ ပျောက်သွားလိမ့်မယ်။လူချင်းခွာလိုက်ပေမယ့် မီးဆိုတာ ချက်ခြင်း မငြိမ်းဘူး။ ဒေါသဖြစ်စရာအကြောင်းကို ပြန်စဉ်းစားလိုက်တာနဲ့ချက်ခြင်းပြန်ဒေါသထွက်လာတယ်။ ဒါကြောင့် လူတစ်ယောက်ကို ဒေါသထွက်လာရင် သူ့ကိုဒေါသထွက်တဲ့အကြောင်းကိုချည့်အထပ်ထပ် အခါခါ မစဉ်းစားနဲ့။ ပိုပိုပြီး ဒေါသထွက်လာမယ်။ ပြေရာပြေကြောင်းကို အရင်စဉ်းစား။စိတ်အေးလက်အေးရှိလာလို့ အခြေအနေကို ပကတိအတိုင်း မြင်နိုင်ပြီဆိုမှ ပြသနာကိုပြန်ရှင်း။လူနှစ်ဦးချင်းဖြစ်တဲ့ ပဋိပက္ခဆိုတာ အတူတူ ရှိမနေတော့ဘူးဆိုတာနဲ့ အပစ်အခတ် ရပ်စဲရေးရတယ်။နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရရင် ငြိမ်းချမ်းရေးရမယ်။ နင်သေမှ အေးမယ် ငါသေမှ အေးမယ်အထိ သွားစရာ မလိုဘူး။

လူကြီးတွေတောင်ဒေါသစိတ်ကို ဘယ်လိုချုပ်တည်းရကောင်းမှန်း မသိတော့ ကလေးတွေခေတ်မှာ ပြောစရာကို မရှိတော့ပါဘူးလေ။“ပြန်မချစ်ရင် သတ်ပစ်မယ်” ဆိုတာ ကိုယ်တို့ခေတ်တုန်းက ကျိုက်ထီးရိုးသေနတ်ပေါ်မှာပဲ ဖတ်ဖူးတယ်။အခုတော့ အပြင်မှာ တကယ်ဖြစ်ကုန်ပြီ။ လက်ဘက်ရည်ဆိုင်မှာ ကြည့်မရရင် အိမ်ပြန်ဓါးယူပြီးထိုးတယ်။ လမ်းသွားရင်း မျက်လုံးချင်းဆုံရင်လည်း လက်က မနှေးဘူး။ သူတို့တွေ ကြီးပြင်းလာတဲ့အခါမှာမြန်မာပြည်ဆိုတာ အမေကြီးကားက ကပ္ပလီရပ်ကွက်တွေလို မိကောင်းဘခင် သားသမီးများ မသွားလာအပ်သောအရပ်ဖြစ်ကုန်လောက်တယ်။ ငါတို့သားသမီးတွေ မပါလောက်ပါဘူး ထင်သလား။ လူကြီးသားသမီးများဆိုပိုလို့တောင် သတိထားဖို့ လိုသည်ပလေ။ အစစအရာရာ အလိုလိုက် အကြိုက်ဆောင် ဖူးဖူးမှုတ်ထားခံရလေတော့နဂိုကတည်းက ဂိုဏ်းစတားစိတ်နဲ့ ကြီးပြင်းလာရတာ။ ကိုယ်ချင်းစာတရားဆိုတာ ကြားတောင် ကြားဖူးမှာမဟုတ်။ ကြီးနိုင်ငယ်ညှင်းသဘာဝနဲ့မို့ ကိုယ့်သားသမီးလည်းကိုယ်မနိုင်၊ သူများသားသမီးတော့မနိုင်ရုံတင် ဘယ်ကမလဲ။ ပြားနေအောင်ကို ကြောက်ရသေးတာဆိုတော့ ဘာတွေဖြစ်ကုန်သလဲ ကိုယ်တိုင်ခံရတဲ့သူတွေကိုယ့်ဘာသာ အသိဆုံး။

လောလောဆယ်မှာတော့သူများတကာကို ရှေ့နေမောင်ကံ တစ်ကြံတစ်ကျပ် အကြံပေးကောင်းလှတဲ့ မောင်စံဖားလည်း ကိုယ့်ကိုယ်တွင်းမှာပူလောင်နေတဲ့ဒေါသစိတ်တွေကို ငြှိမ်းသတ်ဖို့ သွားစရာလာစရာ ကိစ္စတွေကို အတတ်နိုင်ဆုံးလျှော့ချထားတယ်။ ညနေဘက်လေ့ကျင့်ခန်းလေးလုပ်ရင် တီဗီကလာတဲ့ တရားဒေသနာကလေးတွေပါ တခါတည်းလိုက်နာမိတယ်။ အင်တာနက်သုံးရင် အဆဲအဆိုတွေ ဝင်မဖတ်ဘူး။ ယူကျုထဲသွားလို့ သီချင်းတွေချည့်ထိုင်နားထောင်ပစ်တယ်။ ညနေ ကားမောင်းတဲ့အခါ မန်းလေးအက်ဖ်အမ်က မင်္ဂလာညနေခင်းကို မှန်မှန်နားထောင်ဖြစ်လို့ဇာနည်တို့ နေးနေးတို့ဆိုတာတောင် လူတစ်ခါမှ မမြင်ဖူးပဲ အိမ်သားတစ်ယောက်လို ရင်းနှီးနေပြီ။ဘယ်လမ်းကမောင်းရမှန်းမသိရင် ရွှေပန်းချီလေးရဲ့ ယာဉ်ကြောပိတ်ဆို့မှု သတင်းကလေးကို နားစွင့်ထားတယ်။စိတ်မကြည်လင်တဲ့အခါ စာရေးရင် ဒေါသအငွေ့အသက်တွေ ပါမှာစိုးလို့ အရေးနည်းနည်းလျှော့ပြီးအဖတ်ဘက်ကို လှည့်ဖြစ်တယ်။ ကိုယ့်စိတ်ဆိုတာ ကိုယ့်ဘာသာမှ ယဉ်ပါးအောင် မွေးမြူမထားရင်ရိုင်းချင်တိုင်းရိုင်းကုန်မှာစိုးလို့။ စိတ်ကြမ်းတော့ ရုပ်ပါကြမ်းကုန်လိမ့်မယ်။ ဖြစ်သေးဘူး။ဖြစ်သေးဘူး။ ဇရာဖိစီး၊ သောကဖိစီး၊ ဒေါသမီးတောက်လောင်နေတဲ့သူတွေထဲ ကိုယ်မပါအောင် “နိုင်ငံခြားခရီးလေးတစ်ခေါက်လောက် လွှတ်ပေးစမ်းပါဦး ဘဘရယ်။” လို့ အဖေအသစ်ကြီးကို ပူဆာကြည့်ဦးမှပါလေ။ နားထဲမှာတော့သီချင်းသံလေးတွေ ကြားယောင်မိသား။ “ငါ မင်းကို သတ်ချင်တယ်” တဲ့။

Credit to Sayar Soe Min

Filed under Articles | Be the first to comment! » (မြန်မာလိုလဲ ကွန်မန့် ပေးနိုင်ပါပြီ)

Join shwedarling.com mailing list

email:

Powered by NotifyList.com
Page 8 of 1,062« First...567891011...Last »

Recent Posts


Welcomed home Khar Ra
Filed under Asia Entertainment on October 21, 2014

Interviewed with Thet Mom Myint about her pregnancy
Filed under Asia Entertainment, Beauties & Hunkies & Couples on October 20, 2014

61st Birthday Day of Mo Mo, The elephant from Yangon Zoo
Filed under Articles, Knowledge Base on October 19, 2014

Congrats! to U-20 World cup Qualifying Myanmar U-19 Team
Filed under Myanmar/Burmese on October 17, 2014

Pyay Thudra’s Birthday Dinner Party
Filed under Asia Entertainment, Beauties & Hunkies & Couples on October 17, 2014

Singer Moe Moe has been dumped by his wife
Filed under Asia Entertainment on October 16, 2014

ကော့တောင်ကျွန်းမြေနိမ့်ရာတွင်စိုက်သည့်လှံ(သို့မဟုတ်)မြန်မာတို့အတွက်အမျိုးသားရေးစိန်ခေါ်သံ။
Filed under Articles, Knowledge Base on October 16, 2014

R-zarni is in trouble
Filed under Asia Entertainment on October 14, 2014

ရေနည်းငါး – Soe Zeya Tun
Filed under Articles, Myanmar/Burmese on October 13, 2014

Respect to this man
Filed under shweDarling on October 13, 2014

Nang Thiri Maung’s style
Filed under Asia Entertainment, Beauties & Hunkies & Couples on October 11, 2014

Cartoon of the Day
Filed under Humor on October 10, 2014

Message to Our readers
Filed under shweDarling on October 10, 2014

“ဗမာတယောက်ရဲ့  အသက်ဟာ ၁၀ဘတ်တောင်မတန်ဘူး”
Filed under Articles, Knowledge Base on October 4, 2014

မြို့သစ်စီမံကိန်းပုံပြင်နှင့် ပိုက်ဘောမိသူများ
Filed under Articles, Knowledge Base, shweDarling on October 3, 2014

Dance for Life Party by Zune Thizar, Zar Zar Htet & Kabyar Ko Ko
Filed under Asia Entertainment, Beauties & Hunkies & Couples on October 2, 2014

Blue Zune Thinzar’s community support work
Filed under Asia Entertainment, Beauties & Hunkies & Couples on October 1, 2014

Words from Hong Kong Student Leader
Filed under Knowledge Base on September 30, 2014

Bubble Shooter Game ( Play more Games )

International Prepaid Cards

မြန်မာနိုင်ငံကို ဖုန်းခေါ်ကြမယ်

Burmese-English Dictionary
Featured sites
Myanmar Entertainment
Free Flash Games
Advertise here
Live Search
Categories
Recent Comments
Archives
Myanmar Blogs
Misc.
Korean Friend Finder - Free Sign Up!

web page hit counter

You might also like...
Most popular posts
Have you read these?